Western News
Homeနိုင်ငံရေး၄ လအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက် လူ ၃၆၉ ဦးကို သတ်ဖြတ်

၄ လအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက် လူ ၃၆၉ ဦးကို သတ်ဖြတ်

(ရခိုင်မှာ မေ၊ ဇွန် ပထမပတ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူ ၁၂၂ ဦး ကျော်ရှိ)

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လအတွင်း အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနိုင်ငံတစ်ဝှမ်း အစုလိုက်အပြုံလိုက် လူ ၃၆၉ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ဉာဏ်လမ်းသစ်သုတေသနအဖွဲ့က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၄ လတာ ကာလအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် ဖြစ်စဉ်ပေါင်း ၄၆ ကြိမ်ရှိပြီး အရပ်သားသေဆုံးသူ ၃၆၉ ဦးရှိခဲ့သည်ဟု ဉာဏ်လင်းသစ်အဖွဲ့က ဆိုသည်။

၎င်းတို့အပေါ် စစ်ကောင်စီသည် လေကြောင်းအသုံးပြုခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတပြိုင်တည်း အသုံးပြုအပြင် အခြားသော ပုံစံများဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုူများကို ကျူးလွန်ခဲ့ကြောင်း ဉာဏ်လမ်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် အရပ်သား ၃၆၉ ဦးမှာ ရခိုင်၊ ကချင်၊ စစ်ကိုင်း၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရှမ်း၊ မကွေး၊ ပဲခူး၊ မန္တလေး ဒေသများက အပြစ်မဲ့အရပ်သားပြည်သူများဖြစ်ကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်ကစ၍ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ မြန်မာစစ်တပ် (စစ်ကောင်စီ) အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော အရပ်သားအရေအတွက်မှာ ၂၄၉၀ ဦးရှိခဲ့သည်။

အဆိုပါ သေဆုံးအရပ်သား ၂၄၉၀ ဦးထဲက တစ်ဝက်နီးပါးရှိသည့် အရပ်သား ၁၁၉၅ ဦးမှာ စစ်ကိုင်းတိုင်းဒေသအတွင်းက အပြစ်မဲ့ပြည်သူများဖြစ်ကြောင်း ဉာဏ်လမ်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်မှာ ၂၀၂၄ ခုနှစ်၊ မေလနှင့် ဇွန်လ ပထမအပတ်အတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် ပေါင် ၅၀၀ ဗုံးတို့ကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသူ ၁၂၂ ဦးကျော်ရှိကြောင်း Western News ၏ မှတ်တမ်းများအရ သိရသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူများမှာ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက အပြစ်မဲ့အရပ်သား ၇၈ ဦး၊ သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာက ၁၄ ဦး၊ နတ်တောင်မော်ရွာက ၉ ဦး၊ လင်းသီ/ရွှေလှေရွာက ၁၃ ဦး၊ ခမောင်းတုန်း/အောက်နတ်မော် ၂ ဦး၊ မောင်တော ၆ ဦးတို့ ဖြစ်ကြသည်။

စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားနေ မြို့၊ ရွာ ဒေသများကို လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ကို နေစဉ်ပြုလုပ်နေသည်။

ပုံစာ – စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ၂၀၂၃ ခုနှစ်က အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသော မြောက်ဦးမြို့နယ်က မိသားစုတစ်စု။ (ဓါတ်ပုံ – CJ)

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular