Western News
Homeသတင်းFacebookနှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ဝင်းကျော်နှင့် ခင်ကေခိုင်က အဓိကပါဝင်

Facebookနှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ဝင်းကျော်နှင့် ခင်ကေခိုင်က အဓိကပါဝင်

မြန်မာနိုင်ငံတွင် Facebook နှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ကုမ္ပဏီ အုပ်စုမှ ဝင်းကျော်၊ ခင်ကေခိုင်တို့က အဓိက ပါဝင်ပတ်သက်နေကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်ပြောဆိုသည်။

Mascots Group သည် စစ်အုပ်စုက လုပ်ကိုင်နေသည့် အင်တာနက်စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်မှုစနစ်တွင် ထဲထဲဝင်ဝင်ပါဝင်ပြီး Mascots Group ၏ ဆက်စပ်ကုမ္ပဏီများနှင့် မြန်မာစစ်တပ်တို့အကြားတွင်လည်း စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေကြောင်း ဆိုသည်။

အင်တာနက်စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်မှု လုပ်ငန်းကြောင့် Mascots Group ကုမ္ပဏီအနေဖြင့် စစ်အုပ်စု ကျူးလွန်နေသော နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်သွားခဲ့ပြီး ယင်းသည် ဖက်ဒရယ် ဒီမိုကရေစီအတွက် မြန်မာလူထုတို့၏ ရုန်းကန် လှုပ်ရှားမှုကို ထိခိုက်ပျက်စီးစေကြောင်း သိရှိရသည်။

Mascots Group ကုမ္ပဏီပိုင်ရှင် ဒေါက်တာဝင်းကျော်နှင့် မိန်းမ ခင်ကေခိုင်၊ လုပ်ဖော်ကိုင်ဖက် မောင်မောင်ဦးနှင့် ဒေါက်တာထင်လင်းတို့သည် မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် အနည်းဆုံး ကုမ္ပဏီပေါင်း ၃၀ ခန့်ဖြင့် ဖြန့်ကျက်ထားသော စီးပွားရေးကွန်ရက် တစ်ခုကို ပိုင်ဆိုင်ထားသည်။

မြန်မာစစ်အုပ်စုအတွက် လက်နက်နှင့်ကိရိယာများကို ကြားခံဝယ်ယူ ပေးသည့် King Royal Technologies ကွန်ရက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဖော်ထုတ်သတ်မှတ်ထားသည့် ကုမ္ပဏီ ၁၈ ခုတွင် Mascots Group စီးပွားရေးကွန်ရက်တွင် ထပ်မံပါဝင်နေသည်။

Mascots ကုမ္ပဏီအုပ်စုသည် ဝင်းကျော် က ဦးစီးဦးဆောင်ပြုနေသော ကုမ္ပဏီ ၅ ခုနှင့် စုဖွဲ့ထားသည့် ကွန်ရက်တစ်ခုဖြစ်သည်။

ဝင်းကျော်နှင့် မိန်းမ ခင်ကေခိုင်တို့ ပိုင်ဆိုင်သည့် Mascots Technologies Company Limited သည် မြန်မာစစ်တပ်၏ ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူးရုံးတွင် ပစ္စည်းပေးသွင်းရောင်းချ သူအဖြစ် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ပြီး၊ စစ်တပ်၏ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း ကုမ္ပဏီမှတ်ပုံတင်ကို သက်တမ်းတိုးထားသည်။

၂၀၂၁ ခုနှစ်မှစတင်သော Mascots Technologies ကုမ္ပဏီဝဘ်ဆိုဒ် အာခိုက်မှတ်တမ်းများတွင် အီလက်ထရောနစ်နှင့်ဆက်သွယ်ရေး ဆိုင်ရာပစ္စည်းများနှင့်ဝန်ဆောင်မှုများ ပေးအပ်ကြောင်း၊ ယင်းတို့တွင် “မြေပြင်စစ်သည်များအတွက် ရှေ့တန်းနေရာရှိ မော်တော်ယာဉ်တစ်ချင်းစီကို ခြေရာခံဆက်သွယ်နိုင်သည့် ဂြိုလ်တုခြေရာခံစနစ်များ ပါရှိသည့် စစ်ဘက်ဆက်သွယ်ရေး ပစ္စည်းများ၊ ရေဒါနည်းပညာ၊ ကြားဖြတ်ဖမ်းယူရေးနှင့် စောင့်ကြည့်ရေးစနစ်များနှင့် ဂြိုလ်တုဆက်သွယ်ရေးများ ပါဝင်ကြောင်း ဖော်ပြထားသည်။

Mascots Technologies သည် Mascots အုပ်စုဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်အစိုးရပိုင် China National Electronics Import and Export Corporation (CEIEC)ထံမှ တည်နေရာခြေရာခံနည်းပညာ ဝယ်ယူရာတွင်လည်း ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

Mascots Technologies နှင့် ဆက်စပ်ကုမ္ပဏီများသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များအကြား စစ်တပ်ထိန်းချုပ်ခံ ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနတို့ထံမှ တင်ဒါများစွာ ကိုလည်း ရရှိခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်တွင် Mascots Group သည် ထိုင်းနိုင်ငံတွင် Mascots Technologies Company Limited အမည်ဖြင့် ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး၊ ဝင်းကျော်သည် ယင်းကုမ္ပဏီ၏ တစ်ဦးတည်းသော ဒါရိုက်တာဖြစ်ကြောင်း၊ ထိုင်းကုမ္ပဏီတစ်ခု တည်ထောင်ထားခြင်းဖြင့် Mascots ကုမ္ပဏီအနေနှင့် စစ်အုပ်စုအတွက် နိုင်ငံတကာငွေကြေးစနစ်ကို သုံးစွဲနိုင်ရန်နှင့် ပစ္စည်းကိရိယာများ နှင့် နည်းပညာများ ဝယ်ယူနိုင်ရန် တို့အတွက် ထိုင်းနိုင်ငံကို အသုံးပြုနိုင်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေကြောင်း သိရှိရသည်။

စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံမှ သိပ္ပံနှင့် ဆက်သွယ်ရေးဆိုင်ရာပစ္စည်း များ ဝယ်ယူရာတွင်လည်း Mascots Technologies နှင့် Mascots Didactic & Analytical Company Limited တို့ကိုအသုံးပြုခဲ့ကြောင်း ပို့ကုန်မှတ်တမ်းများအရ သိရပြီး၊ ယင်းပစ္စည်းများကို နောက်ဆုံးလက်ဝယ်အသုံးပြုသူမှာ စစ်အုပ်စုသာ ဖြစ်မည်ဟု JFM က ဆိုသည်။

Mascots Technologies & Telecommunication Company Limited သည် အင်တာနက်စောင့် ကြည့်ထောက်လှမ်းမှုနှင့် ဆင်ဆာဖြတ်တောက်မှုအတွက် ဆောင်ရွက်ပေးရန် တာဝန်ရှိသူ ဟုဆိုနိုင်သည့် Mascots Group ၏ နောက်ထပ်မြန်မာကုမ္ပဏီတစ်ခု ဖြစ်ကြောင်း၊ ကုမ္ပဏီသည် ကွန်ရက်ထောက်ပံ့ပစ္စည်းများ ဝန်ဆောင်မှုဆိုင်ရာ ဆက်သွယ်ရေးလိုင်စင်တစ်ခုကို လက်ရှိကိုင်ဆောင်ထားကြောင်း သိရှိရသည်။

Mascots Technologies၊ Mascots Technologies and Telecommunication နှင့် Mascots Didactic & Analytical တို့ကို လက်နက်ပွဲစားကွန်ရက်၏ အစိတ်အပိုင်းများအဖြစ် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အစီရင်ခံစာတွင် အမည်ထုတ်ဖော် စာရင်းသွင်းခဲ့ကြောင်း သိရှိရသည်။

Mascots Group သည် Facebook ကဲ့သို့သော ဆိုရှယ်မီဒီယာများကို ပိတ်ပင်ရေး စစ်အုပ်စု၏ ကြိုး ပမ်းအားထုတ်မှုများတွင် အင်တိုက်အားတိုက်ကူညီပေးနေသလို၊ တစ်ဖက်တွင်လည်း စစ်အုပ်စု၏ အပြည်အဝ ကြီးကြပ်ထိန်းချူပ်မှုအောက်ရှိ ဆိုရှယ်မီဒီယာကွန်ရက်တစ်ခုဖြစ်သော MySpace Myanmar ကို ရေးသားဖြန့်ချိခြင်းဖြင့် အကျိုးအမြတ်များစွာရရှိအောင် ကြိုးပမ်းနေပြန်သည်။

Mascots Group သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် My Space CNS Company Limited ကို မြန်မာနိုင်ငံ၌ တည်ထောင်ခဲ့ပြီး၊ သိပ်မကြာခင်တွင်ပင် ဝဘ်ဆိုဒ်နှင့် မိုဘိုင်းအက်ပလီးကေးရှင်းများနှင်အတူ ၎င်း၏ ဆိုရှယ်မီဒီယာအဖြစ် ထုတ်လုပ်ဖြန့်ချိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

MySpace သည် သုံးစွဲသူ ၂၀,၀၀၀ ကျော်ရှိကြောင်း ပြောဆိုထားသော်လည်း စစ်အုပ်စု၏ အင်တာနက်ထိန်းချုပ်ရန် ကြိုးပမ်းမှု၏ အစိတ်အပိုင်းဖြစ်နေသည့်အတွက် အွန်လိုင်း တိုက်ခိုက်ခြင်းများကို အကြီးအကျယ်ခံရနေကာ မြန်မာအင်တာနက်သုံးစွဲသူများက Google Play Store ပေါ်ရှိ MySpace အက်ပလီကေးရှင်းကို တိုင်ကြားရန် ကမ်ပိန်းတစ်ခု လုပ်ဆောင်ခဲ့အပြီး မကြာမီ အဆိုပါအက်ပလီကေးရှင်း ဖယ်ရှားခံခဲ့ရကြောင်း သိရှိရသည်။

Mascots Group ပိုင်ရှင် ဝင်းကျော်သည် National Energy Group of Companies (NEGC) ၏ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနှင့် စင်ကာပူနိုင်ငံများရှိ ကုမ္ပဏီများနှင့်အတူ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသည်။

NEGC ကုမ္ပဏီကို ယခင်စစ်အုပ်စုလက်ထက် ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယင်းကုမ္ပဏီအုပ်စုသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ကို ကုမ္ပဏီ၏ အဓိက ရေနံနှင့်သဘာဝဓာတ်ငွေ့ ဖောက်သည်ဖြစ်ကြောင်း သိရှိရသည်။

NEGC သည် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ရေးလုပ်ငန်းကိုလည်း ရရှိခဲ့ပြီး NEGC ကို ဝင်းကျော်က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး မောင်မောင်ဦးသည် NEGC ကုမ္ပဏီများ၏ ဒါရိုက်တာတစ်ဦးအဖြစ် ထမ်းဆောင်နေသည်ဟု သိရှိရသည်။

NEGC ၏ စင်ကာပူကုမ္ပဏီ NEGC Pte. Ltd. နှင့် ဆက်စပ်ကုမ္ပဏီ PKE Singapore Pte. Ltd. တို့သည် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ထံ အမေရိကန်ဒေါ်လာ ၅ သန်းကျော်ဖိုးရှိ စက်ပစ္စည်းကိရိယာများ တင်ပို့ခဲ့ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အစီရင်ခံစာတွင် ဖော်ထုတ်ခံခဲ့ရသည်။

၂၀၂၃ ခုနှစ်တွင် NEGC Pte. Ltd. နှင့် PKE Singapore Pte. Ltd. ကုမ္ပဏီနှစ်ခုလုံး၏ စင်ကာပူနိုင်ငံ မှတ်ပုံတင်ကို ဖျက်သိမ်းခဲ့သည်။

ဝင်းကျော်၊ မောင်မောင်ဦးနှင့် ထင်လင်းတို့သည် MOI Offshore Pte. Ltd. ဟုဆိုသည့် စင်ကာပူနိုင်ငံ၌ လက်ရှိမှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ဝင်းကျော်၏ မိန်းမ ခင်ကေခိုင်သည်လည်း စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ထင်လင်းနှင့်အတူ စီမံခန့်ခွဲမှုအကြံပေးကုမ္ပဏီတစ်ခုဖြစ်သည့် Super Knight Pte. Ltd. ကို စင်ကာပူနိုင်ငံ၌ တည်ထောင်ခဲ့သည်။

သူတို့အားလုံးသည် စစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နိုင်ရန်အတွက် စင်ကာပူမြို့ပြနိုင်ငံကို ဆက်လက်အသုံးချနေနိုင်ဆဲဖြစ်သည်။

မောင်မောင်ဦးသည် မြန်မာစစ်အုပ်စု စစ်လက်နက်ပွဲစား ကုမ္ပဏီတစ်ခုဖြစ်သည့် Interstellar Limited ၏ ပိုင်ရှင်ဖြစ်သည်။ ယင်းကုမ္ပဏီသည် ယူကရိန်းကုမ္ပဏီ Ukroboronprom ၏ အရောင်းကိုယ်စား လှယ်ကုမ္ပဏီဖြစ်ပြီး၊ မြန်မာ့လေတပ်ထံ Mi-2, Mi-17 နှင့် MiG-29 လေယာဉ်စက်ပစ္စည်းအစိတ်အပိုင်းများကို ရောင်းချပေးပို့ခဲ့သည်။

Interstellar ကုမ္ပဏီ၏ လက်နက်ပွဲစားလုပ်ဆောင်ခဲ့မှုများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် Justice For Myanmar က ပထမဆုံးအကြိမ် ဖော်ထုတ်ခဲ့သည်။

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများတွင် ဝင်းကျော်၊ ၎င်း၏ ကုမ္ပဏီများနှင့် မိတ်ဖက်များ၏ ကြံရာပါပတ်သက်မှုများ ထင်ရှားစွာရှိနေသော်လည်း ဆက်စပ်ကုမ္ပဏီ King Royal Technologies ကုမ္ပဏီမှလွဲ၍ ၎င်းတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားခြင်း မရှိသေးပေ။

King Royal Technologies ကုမ္ပဏီကို အမေရိကန်ပြည်ထောင်စု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စက်မှုနှင့် သိပ္ပံဗျူရိုက ၂၀၂၁ ခုနှစ် ဒဏ်ခတ်ပိတ်ဆို့မှုအဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းခဲ့ပြီး King Royal Technologies နှင့် မြန်မာစစ်အုပ်စုတို့၏ ပူးပေါင်း လုပ်ဆောင်ခဲ့သော စီးပွားရေးလုပ်ငန်းကို Justice For Myanmar က ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံး ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။

စစ်တပ်၏ မိတ်ဖက် Mascots အုပ်စုနှင့် ကုမ္ပဏီများကို ထိုင်းနိုင်ငံနှင့် စင်ကာပူတို့တွင် လုပ်ကိုင်ခွင့်ပြုထားခြင်းဖြင့် ဒေသတွင်း အစိုးရများသည် မြန်မာစစ်အုပ်စု၏ ဒစ်ဂျစ်တယ် စောင့်ကြည့်ထောက် လှမ်းရေးနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်ရေး ကြိုးပမ်းအားထုတ်မှု များကို အားပေးမြှင့်တင်ပေးနေပြီး၊ ဒေသတွင်း လုံခြုံရေးယိုယွင်းလာမှုများကိုလည်း ပါဝင် ထောက်ပံ့ပေးနေကြောင်း၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သည် ၎င်းတို့၏နယ်မြေတွင် ဆက်လက် လည်ပတ်နေသော Mascots အဖွဲ့၊ ၎င်း၏အဖွဲ့ဝင်များနှင့် အပေါင်းအပါများအပေါ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်သင့်ကြောင်း JFM က ထောက်ပြသည်။

စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုသည် သုံးနှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး တရုတ်ကုမ္ပဏီများနှင့် မြန်မာခရိုနီများ၏ ပံ့ပိုးမှုဖြင့် စစ်အုပ်စုသည် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို တည်ဆောက်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများတွင် နိုင်ငံတကာ ကြံရာပါပတ်သက်မှုနှင့် ၎င်းအပေါ် အရေးယူရန်ပျက်ကွက်မှုများသည် မြန်မာလူထု၏ ပုဂ္ဂလိကအခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရယူပိုင်ခွင့်တို့အပေါ် ပြင်းထန်သည့် ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည်ဟု JFM က ဆိုသည်။

နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ဆက်ဆံနေသည့် လမ်းကြောင်းကို ပြောင်း လဲကျင့်သုံးရန်၊ တရားမဝင်စစ်အုပ်စုအား လက်နက်၊ စက်ကိရိယာများ၊ နည်းပညာများ၊ နည်းပညာပံ့ပိုးမှုများနှင့် လေယာဉ်လောင်စာများ ထောက်ပံ့နေသော ၎င်းတို့ပိုင်နက်အတွင်းမှ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား တားမြစ်အရေးယူခြင်းများနှင့်အတူ မြန်မာပြည်သူများ၏ ရဲရင့်သော ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုများကို အထောက်အပံ့ဖြစ်စေသည့် တိကျပြတ်သားသော အရေး ယူဆောင်ရွက်မှုများကို လုပ်ဆောင်ကြရန် Justice For Myanmar က တောင်းဆိုသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular