Western News
Homeသတင်းAA တပ်သား ၂ ဦး ချင်းတပ် CNA ထံ ဖမ်းဆီးခံထားရ

AA တပ်သား ၂ ဦး ချင်းတပ် CNA ထံ ဖမ်းဆီးခံထားရ

အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် ၂ ဦး ချင်းအမျိုးသားတပ်မတော် CNA ထံ ဖမ်းဆီးခံထားရကြောင်း ချင်းပြည်သတင်းများက ဖော်ပြကြသည်။

CNA ဦးဆောင်သော ချင်းပြည်အစိုးရ၏ သဘောထားများနှင့် CNA ၏ သဘောထားများကို ထုတ်လွှင့်ပေးနေသော Chinland Information Center ၏ အင်တာဗျူး ရုပ်သံဖိုင်တွင် AA တပ်ဖွဲ့ဝင် ၂ ဦးကို CNA က ဖမ်းဆီးထားကြောင်း ပြောဆိုထားသည်။

ဖမ်းဆီးခံရသည့် နေ့၊ ရက် အချိန်ကာလကို ဖော်ပြထားခြင်းမရှိသော်လည်း AA တပ်သား ၂ ဦးမှာ ဖလန်းတိုက်ပွဲနှင့် မတူပီမြို့ တိုက်ပွဲအတွင်း ဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း တွေ့ရသည်။

ဖမ်းဆီးခံထားရသည့် AA တပ်သားနှစ်ဦး၏ ရာထူး၊ အမည်ကိုလည်း ဖော်ပြထားခြင်းမရှိပေ။ သို့သော်လည်း ၎င်းတို့မှာ AA တပ်သားဖြစ်ကြောင်း ဝန်ခံထားသည်ကို ရုပ်သံဖိုင်တွင် တွေ့ရသည်။

ရုပ်သံဖိုင်တွင် တပ်သားတစ်ဦး ပြောဆိုချက်အရ ချင်းပြည်ထဲရှိ AA ဗျူဟာမှူးတစ်ဦးက မတူပီမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ လူအင်အား၊ လက်နက်အင်အားများကို စာရင်းသွားယူရန် ညွှန်ကြားခံရပြီးနောက် CNA ထံ ဖမ်းဆီးခံရခြင်းဖြစ်သည်။

” မတူပီမြို့ရောက်တော့ အဲမှာ ကိုယ့်ရုံးတစ်ရုံးရှိတယ်။ တပ်ရင်းမှူးဘယ်မှာလဲ မေးတယ်။ မဟာမိတ်တပ်ဖွဲ့ဝင်အချို့က တပ်ရင်းမှူး ဖလန်း (ဖလမ်းမြို့) မှာဆိုလို့ ဖလန်းမြို့ကို ဆက်သွားတယ်။ ဖလန်းရွာသာ ဆုံးသွားတယ်။ တပ်ရင်းမှူး ရှာမတွေ့ဘူး။ အဲဒီအချိန်မှာ CNA တပ်ဖွဲ့ဝင်တွေနဲ့ တွေ့တယ်။ ကျနော်တို့က ဘာမှမသိဘူး။ စာရင်းသွားယူဆိုလို့ ယူဖို့လာတာပါ။ ” ဟု ပြောသည်။

အဆိုပါ တပ်သားနှင့်အတူ နောက်ထပ် တစ်ဦးတို့မှာ လက်နက်ခဲယမ်းများ မပါဘဲ ဆိုင်ကယ်ဖြင့် စာရင်းသွားယူစဉ် ၎င်းတို့နှစ်ဦးစလုံး CNA ထံ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရုပ်သံဖိုင်ထွက်ဆိုချ အရ သိရသည်။

Chinland Information Center က AA တပ်သားများကို စစ်သုံ့ပန်းဟု သုံးနှုန်းထားပြီး အကျဉ်းသားအင်္ကျီဝတ်ဆင်ကာ အင်တာဗျူးထားသည်ကို တွေ့ရသည်။

CNA ဖမ်းဆီးထားသော တပ်သား ၂ ဦးနှင့်ပတ်သက်ပြီး အာရက္ခတပ်တော် AA က ယနေ့အချိန်အထိ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးသလို Western News က AA ပြောခွင့်ရ ဦးခိုင်သုခနှင့် ထိပ်ပိုင်းခေါင်းဆောင်များကို ဆက်သွယ်နေဆဲဖြစ်သည်။

တပ်သား ၂ ဦးမှာ အာရက္ခတပ်တော် AA အား ဝေဖန်ထောက်ပြခြင်းများနှင့် AA ၏ လုပ်ရပ်အချို့ကို ထုတ်ဖော်ထားသည်ကိုလည်း ရုပ်သံဖိုင်တွင် တွေ့ရသည်။

AA တပ်များ ချင်းပြည်ထဲ ဝင်ရောက်လာခြင်းမှာ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်အဖွဲ့က စစ်ကူတောင်း၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်းနှင့် ယင်းမှတစ်ဆင့် မတူပီမြို့သိမ်းတိုက်ပွဲသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း တပ်သားတစ်ဦးက ပြောဆိုထားသည်။

AA တပ်အတွင်း ရှေ့တန်းစစ်မျက်နှာပြင်ကို ထွက်ရှိပါက တပ်သားများကို မူးယစ်ဆေးဝါးသုံးစွဲပြီး စစ်တိုက်ခိုင်းကြောင်းနှင့် ဆေးပြား ၁၀ လုံး သို့မဟုတ် ၅ လုံးကျပ်စီ အချိုးကျ ပေးဝေကြောင်း တပ်သားတစ်ဦးက ထွက်ဆိုထားသည်။

ချင်းပြည်အတွင်း အမျိုးသမီးများကို AA တပ်ဖွဲ့ဝင်များက စိတ်ကြွဆေးသုံးပြီး မုဒိမ်းကျင့်ကြောင်းလည်း အဆိုပါ ရုပ်သံဖိုင်တွင် ကန်ပက်လက်ကောင်စီအဖွဲ့ ဦးထန်းဟုန်းက စွပ်စွဲပြောဆိုထားသည်။

ဤပြောဆိုချက်များနှင့် ပတ်သက်ပြီး AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က တယ်လီဂရမ်ချန်နယ်ကတစ်ဆင့် မေးမြန်းထားသော်လည်း အကြောင်းပြန်ခြင်းမရှိခဲ့ပေ။

CNA ထံ ဖမ်းဆီးခံထားရသည့် AA တပ်သားဟုဆိုသော တပ်သား ၂ ဦးမှာ အာရက္ခတပ်တော် AA ၏ တပ်ဖွဲ့ ဟုတ်မဟုတ်နှင့် အဆိုပါ တပ်သားများ၏ ပြောဆိုချက်များမှာလည်း ဖိအားကြောင့် ပြောဆိုခြင်းလား၊ AA တပ်ဖွဲ့ဝင်များက မူးယစ်ဆေးသုံးစွဲခြင်း၊ အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်းမှာ ဟုတ်မဟုတ်ကို Western News အနေဖြင့် သီးခြင်း အတည်မပြုနိုင်ပေ။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular