Western News
Homeကျန်းမာရေးအချိန်မီဆေးမကုသနိုင်၍ ကျောက်ဖြူမြို့နယ်က အမျိုးသမီးတစ်ဦး သေဆုံး

အချိန်မီဆေးမကုသနိုင်၍ ကျောက်ဖြူမြို့နယ်က အမျိုးသမီးတစ်ဦး သေဆုံး

(ဆေးဝါးပြတ်လပ်၍ ရခိုင်မှာသေဆုံးသူ ၂ ဦးအထိရှိလာ)

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်း (မရဇိုင်းတိုက်နယ်ကျေးရွာ/ မင်းဂံကျေးရွာ) က အမျိုးသမီးတစ်ဦးမှာ ဆေးဝါးနှင့် ဆရာဝန်မရှိ၍ ဆေးကုသနိုင်ခြင်းမရှိသည့်အတွက် ဩဂုတ်လ ၂၃ ရက်နေ့က သေဆုံးသွားကြောင်း နီးစပ်သူများနှင့် မိသားစုဝင်များက ပြောသည်။

သေဆုံးသွားသူအမျိုးသမီးမှာ အသက် ၄၀ ကျော်အရွယ် ဒေါ်နုခင်ဦး ဆိုသူဖြစ်ပြီး ဆီးလမ်းကြောင်းပိုးဝင်သည်ကို အချိန်မီဆေးကုသနိုင်မှုမရှိခဲ့၍ သေဆုံးသွားခြင်းဖြစ်သည်။

မိမိမြို့ရွာဒေသအတွင်း ဆေးရုံဆေးခန်းများ အဆင်မပြေ၍ ရန်ကုန်သို့ ဆေးကုသရန် ယူဆောင်စဉ် လမ်းတွင်သေဆုံးသွားသည်ဟု မရဇိုင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီမှာက ဆရာဝန်လည်းမရှိဘူး။ ဆေးလည်းမရှိဘူး။ ဒီတော့ လူနာကို ရန်ကုန်ပို့ဖို့ စီစဉ်ကြရတယ်။ ရန်ကုန်သွားရမယ့် ခရီးကလည်း အရင်လိုဖြောင့်ဖြောင့်တန်းတန်း ရောက်နိုင်တာမှမဟုတ်တာ။ လူနာက ကျောက်ဖြူမြို့တောင်မရောက်ဘဲ ကျပ်တောပြင်ရွာမှာပဲ သေသွားရတယ်” ဟု ပြောသည်။

ရခိုင်ပြည်မှာ ဒေါ်နုခင်ဦးကဲ့သို့ သေဆုံးသူများရှိနေပြီး အများစုက ရခိုင်ဒေသ၌ ဆေးရုံ၊ ဆေးခန်း ကောင်းမွန်စွာ လည်ပတ်မှုမရှိခြင်းနှင့် ဆေးဝါးများ မရှိခြင်းတို့ကြောင့် သေဆုံးမှု များနေကြရသည်။

ထိုအထဲတွင် ပြီးခဲ့သည့် သီတင်းပတ်ထဲက သေဆုံးသွားခဲ့ရသော ပေါက်တောမြို့နယ် ပြင်မကျေးရွာဒေသခံ အသက် ၅၀ အရွယ် ဦးဘမောင် ဆိုသူလည်းအပါအဝင်ဖြစ်သည်။

ဦးဘမောင် သေဆုံးမှုနှင့်ပတ်သက်၍ မိသားစုဝင်တစ်ဦးက ယခုကဲ့သို့ Western News ကို ပြောပြသည်။

“သူက အူတက်ရောင်တာပါ။ ဒီမှာရှိတဲ့ ဆေးဝါးတွေနဲ့ကုတယ်။ ၂ လလောက်ခံခဲ့ရတယ်။ မခံနိုင်တော့ ရန်ကုန်သွားဖို့ လမ်းကြောင်းရှာရတယ်။ ရပြန်တော့လည်း နိုင်ငံခြား မှောင်ခိုသွားရသလို ရက်တာရှည်သွားကြရပါတယ်။ လူနာက ရန်ကုန်တော့ ရောက်အောင် အားတင်းလာနိုင်ခဲ့ပေမယ့် ရန်ကုန်အရောက်မှာပဲ သေသွားရတယ်။ ဆေးကုသမှုမခံယူခဲ့ရရှာဘူး” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း ဆေးဝါးပြတ်လပ်မှုမှာ အလွန်ဆိုးရွားနေပြီး စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့များဖြစ်ဖြစ်၊ အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့များဖြစ်ဖြစ် ဆေးရုံဆေးခန်းများမှာ ကောင်းမွန်စွာ မလည်ပတ်ကြပေ။

အထူးသဖြင့် အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့များအားလုံးတွင် ကုန်ဈေးနှုန်းအလွန့်အလွန်ဈေးကြီးနေခြင်း၊ ဆေးဝါးများပြတ်လပ်နေခြင်းနှင့် ဆရာဝန်ကောင်းများမရှိ၍ ပြည်သူများမှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မခံရကြောင်း Western News က စုံစမ်းသိရသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှု မခံရခြင်းနှင့် ဆေးဝါးများပြတ်လပ်မှုတို့ကြောင့် ဩဂုတ်လ တတိယ အပတ်က မြောက်ဦးမြို့နယ် မင်္ဂလာစည်ကျေးရွာတွင် အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ဒေါ်ဦးမေမှာ ဘီပိုးရောဂါ (အသည်းရောင်အသားဝါ) ဖြင့် သေဆုံးသွားခဲ့ရသည်။

သောက်သုံးနေကျ ဆေးဝါး ၈ လကြာပြတ်လပ်မှုနှင့် အထူးကုဆရာဝန်များဖြင့် ကုသခွင့်မရရှိခြင်းတို့ကြောင့် သေဆုံးသွားရခြင်းဖြစ်ပြီး ဒေါ်ဦးမေမှာ မသေဆုံးမီ ဝေဒနာကို ဆိုးဆိုးရွားရွားခံစားခဲ့ရကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်အတွင်း ဆေးဝါးပြတ်လပ်မှုနှင့် ဆရာဝန်များမရှိသည့်အပြင် ဆေးရုံ၊ ဆေးခန်းများ ပုံမှန်ဖွင့်လှစ်လည်ပတ်ခြင်းမရှိ၍ သေဆုံးသူ နှစ်ဦးအထိရှိလာနေပြီဖြစ်သည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular