Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်နေ့ နောင်ချိုတိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မိုင်းငေါ့မြို့နယ်က အရပ်သားနေအိမ်များ။ (ဓါတ်ပုံ - TNLA)

ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအောင်းတပ် TNLA တို့ နိုဝင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က တပ်ရင်းမှူးအဆင့်ရှိသူနှင့် ဗိုလ်ကြီးအဆင့်ရှိသူများ သေဆုံးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

နောင်ချိုမြို့ တောင်ခမ်းအမြောက်တပ်စခန်း ၃၅၄ နှင့် ၉၀၂ တပ်စခန်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မ ၁၁ က ခမရ ၂၁၃ တပ်ရင်းမှူး အပါအဝင် ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ရှိသူများနှင့် တပ်သားများ သေဆုံးခဲ့ပြီး စစ်ကောင်စီ လက်နဲခဲယမ်းများအနှင့်အတူ တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း အရှင်းဖမ်းဆီးနိုင်ခဲ့ကြောင်း TNLA က ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်းထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှတစ်ဆင့် စစ်အင်အားဖြည့်တင်းနေပြီး လေကြောင်းမှတစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေကြောင်း TNLA ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်နေအိမ်များလည်း ထိခိုက်ပျက်စီးရှုံးဆုံးခဲ့ရသည်။

မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က အသိပေးထားကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ