Western News
Homeဆောင်းပါးအထင်သေးခံဘဝကနေ ရခိုင်ပြည်ကို သိမ်းပိုက်တော့မည့် AA

အထင်သေးခံဘဝကနေ ရခိုင်ပြည်ကို သိမ်းပိုက်တော့မည့် AA

ဇော်ထွန်း (မြောက်ဦး)_ရေးသားသည်

အာရက္ခအမျိုးသားရေးဝါဒ (Arakha Nationalism)၊ ဒီမိုကရေစီ (Democracy) နှင့် မာရက်တိုကရေစီ (Meritocracy) တို့ကို နိုင်ငံရေးယုံကြည်ချက်များအဖြစ် ပိုမိုနှစ်ခြိုက်သော အာရက္ခတပ်တော်သည် “ဝထက် မနိမ့်သော ကွန်ဖက်ဒရိတ်အဆင့်အတန်းကို ရလိုသည်” ဟူ၍ တရားဝင်ထုတ်ဖော်ပြောဆိုကာ တော်လှန်ရေး ဆင်နွှဲလျက်ရှိနေသည်။ ရက္ခိုင်တပ်မတော်မှ ရက္ခိုင့်တပ်တော်၊ အာရက္ခတပ်တော် (Arakan Army-AA) စသဖြင့် ပြောင်းလဲလာခဲ့ပြီး ကျဉ်းမြောင်းသည့် အမျိုးသားရေးအမြင်များမှသည် အားလုံးပါဝင်သော (သို့မဟုတ်) နိုင်ငံနှင့်ထိုက်တန်သော အမျိုးသားရေးအမြင်များသို့ တစ်စစကူးပြောင်းလျက် ဘုံအမျိုးသားလုံခြုံရေးတပ်နှင့် ဘုံအမျိုးသားအမှတ်သညာများကို တည်ဆောက်လျက်ရှိနေသည်ဟု နားလည်ရသည်။ 

ဆုံးရှုူံးသွားသော အချုပ်အခြာအာဏာကို ပြန်လည်ရရှိရန် ကြိုးပမ်းနေသည်ဟု ယုံကြည်ရသော်လည်း ပြောင်းလဲနေသော ခေတ်ကာလနှင့် မိမိတို့၏ ပေါက်မြောက်အောင်မြင်မှုများအပေါ် မူတည်လျက် အာရက္ခပြည်သူများလည်းလက်ခံ၊ အခြားသူများလည်း ကြည်ဖြူသော နိုင်ငံရေးအဆင့်အတန်းတစ်ခုကို ချပြလျက် ပန်းတိုင်အရောက်ချီတက်နေခြင်းဖြစ်သည်ဟုလည်း နားလည်ရသည်။ AA စတင်ဖွဲ့စည်းချိန်မှ ယနေ့အချိန်အထိ အချိုးအကွေ့များနှင့် တက်လှမ်းရောက်ရှိလာမှုများကို အချက်အလက်တချို့ဖြင့် အကျဉ်းချုံးဖော်ပြပေးထားသည်။

 AA အင်အားကောင်းလာစေသည့် အကြောင်းအရင်း

အာရက္ခပြည်၏ တော်လှန်ရေးမျိုးဆက်သစ် တပ်တစ်ခုဖြစ်သော အာရက္ခတပ်တော်ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ အကူအညီဖြင့် ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ရခိုင်လူငယ်တော်လှန်ရေးသမား ၂၆ ယောက်တို့က စတင်တည်ထောင်ခဲ့ကြသည်။ အာရက္ခပြည်သူများထဲမှ ရခိုင်လူမျိုးများဦးဆောင်သော တော်လှန်ရေးအဖွဲ့အစည်းများ ရာစုနှစ်ချီ၍ အလီလီပေါ်ပေါက်ခဲ့သော်လည်း အားကောင်းသော တပ်တစ်ခုမဖြစ်ခဲ့ဘဲ ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြင့်သာ တော်လှန်ရေးခရီးကို ရာစုချီကြာစေခဲ့သည်။ သို့သော် AA မှာ အခြားသော တော်လှန်ရေးတပ်များနှင့်မတူဘဲ လာခြင်းကောင်းခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ 

အာရက္ခတပ်တော်ကို ငယ်ရွယ်၍ ဉာဏ်ပညာ အမြော်အမြင်ရှိသော မျိုးဆက်သစ်လူငယ်များက ဦးဆောင်ခဲ့ကြခြင်း၊ AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် တပ်တစ်ခု မထူထောင်စဉ်ကပင် အာရက္ခပြည်နှင့် မြန်မာပြည် တစ်ဝန်းလုံးရှိ တော်လှန်ရေးအဖွဲ့အစည်းများ၏ အားသာချက်အားနည်းချက်များကို အချိန်ယူလေ့လာသုံးသပ်ကာ အိမ်စာကောင်းကောင်းကျေခဲ့ခြင်း၊ မြန်မာ့နိုင်ငံရေးတွင်လည်း စစ်အာဏာရှင်စနစ်မှ ပါတီစုံဒီမိုကရေစီစနစ်ဟု ကြွေးကြော်ကာ အစိုးရဖြစ်လာသော စစ်တပိုင်းဒီမိုကရေစီစနစ်၏ စမှတ်နှင့် ကြုံကြိုက်ရခြင်း၊ စစ်အာရှင်စနစ်တွင် လူကုန်ထံအသိုင်းအဝိုင်းများသာ အသုံးပြုခဲ့ရသော ဖုန်းနှင့် အင်တာနက်ကို အာရက္ခပြည်သူများလည်း ဈေးပေါပေါနှင့် ကိုင်တွယ်လာကြရသည့်အပြင် ဖေ့စ်ဘွတ် (Facebook) စသော လူမှုမီဒီယာများကိုပါ ကိုင်တွယ်အသုံးပြုခွင့် ရရှိလာခဲ့ကြခြင်း၊ မြန်မာပြည်အနှံ့နှင့် နိုင်ငံတကာရောက် ရခိုင်လူငယ်ရွေ့ပြောင်းအလုပ်သမားများကို လူမှုမီဒီယာများကတစ်ဆင့် စည်းရုံးလှုံ့ဆော်နိုင်ခဲ့ခြင်း စသော အကြောင်းတရားများက AA အင်အားကောင်းလာစေခြင်း၏ အဓိက အကြောင်းတရားများဖြစ်စေခဲ့သည်။ 

ထို့အပြင် ၂၀၁၂ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် လူမျိုးရေး-ဘာသာရေးဆန်သော အဓိကရုဏ်း၏ နောက်ဆက်တွဲအဖြစ် အာရက္ခပြည်သူများ၏ ရင်ထဲတွင် “ အစိုးရက ရန်တိုက်ပေး၍ ဖြစ်ရသည်၊ အချိန်မီထိန်းသိမ်းနိုင်လျက် မထိန်းသိမ်းဘဲ လက်ပိတ်ကြည့်နေခဲ့၍ဖြစ်ရသည်၊ ငါတို့အစိုးရမဟုတ်၍ ဤကဲ့သို့ဖြစ်ရသည်၊ ကိုယ့်လူမျိုးကို ကိုယ်အုပ်ချုပ်နိုင်မှ ဤပဋိပက္ခမျိုးမှ ကာကွယ်နိုင်မည်” စသော ပြင်းထန်သည့် စိတ်ခံစားချက်များကို အာရက္ခပြည်သူတို့ တွေ့ကြုံခံစားခဲ့ရခြင်းသည်လည်း AA သို့ လူငယ်မျိုးဆက် အများအပြားဝင်ရောက်လာခြင်း၏ အကြောင်းအရင်းတစ်ရပ်ဖြစ်ခဲ့သည်။ ထို့အပြင် AA မှ ဗိုလ်လောင်းရှစ်ဦး စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကျဆုံးခဲ့ရသည့်အပေါ် ရခိုင်လူငယ်များကို ဒေါသထွက်စေခဲ့လေသည်။

 ဦးအောင်မင်းခေါ်လာသော AA (သို့မဟုတ်) ရခိုင်အမျိုသားညီလာခံ

ဦးသိန်းစိန်အစိုးရ ဦးဆောင်သော စစ်တစ်ပိုင်းဒီမိုကရေစီအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်း၏ စေ့စပ်ညှိနှိုင်းမှုများဖြင့် ရခိုင်ပြည်သူတစ်ရပ်လုံး တက်ရောက်သော ရခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူမြို့တွင် တရားဝင်ကျင်းပခွင့်ရရှိခဲ့ကြသည်။ ထိုညီလာခံသို့ ရခိုင့်တော်လှန်ရေးတပ်ဖွဲ့စုံ တက်ရောက်ခွင့်ရရှိခဲ့ပြီး ယင်းအထဲတွင် AA ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် ဗိုလ်မှူးကြီး ကျော်ဟန်တို့ တရားဝင် တက်ရောက်ခွင့်ရရှိခဲ့သည်။ AA ၏ လေးနှစ်ပြည့် စစ်ရေးပြအခမ်းအနားကျင်းပသည့် ဗွီဒီများကို ကျောက်ဖြူမြို့ရှိ စားသောက်ဆိုင်များနှင့် အများပြည်သူ စုဝေးသည့်နေရာများတွင် တရားဝင်ပြသကြည့်ရှုခွင့် ရရှိခဲ့၍လည်း ရခိုင်ပြည်သူ အသည်းနှလုံးကို များစွာဖမ်းစားနိုင်ခဲ့သည်။ ထို့အပြင် မြို့နယ်အချို့တွင် AA ခေါင်းဆောင်များမှာ အမျိုးသားရေးစစ်ယူနီဖောင်းဖြင့် နယ်လှည့်စည်းရုံးခွင့်ရရှိခဲ့ရာ ထိုအရသာကို ရခိုင်လူငယ်များ များစွာစိတ်ကူးယဉ်ခွင့်ရရှိခဲ့သည်။ AA ကို ရခိုင်ပြည်သို့ ခေါ်လာသည့် မြန်မာစစ်တပ်၏ ရည်ရွယ်ချက်မှာ AA ခေါင်းဆောင်များအား အခွင့်ရေးတချို့ပေးကာ နယ်ခြားစောင့်တပ်အသွင်ဖြင့် ထား၍ရနိုင်ကြောင်း လျော့တွက်စဉ်းစားခဲ့ပုံရလေသည်။

 NCA လမ်းကြောင်းမှ ချန်လှပ်ထားခြင်း (သို့မဟုတ်) အနောက်ဖက်၌ ကျည်ဖောက်သံကြားလာရခြင်း

စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီလမ်းကြောင်းသို့ စတင်ကူးပြောင်းချိန်ဖြစ်သဖြင့် ရန်သူများကို မိတ်ဖက်သဖွယ် လက်ဆွဲနှုတ်ဆက်သော အချိန်ဖြစ်ပေရာ ထိုအချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစု၏ အိမ်မက်သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးလျက် လိုအပ်သော အခွင့်အရေးများကို စားပွဲဝိုင်းတွင်ညှိနှိုင်းတောင်းဆိုနိုင်ရေးသည် အိမ်မက်တစ်ခုပမာ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း ထိုစာချုပ်တွင် လက်မှတ်ရေးထိုးခွင့်ကို AA အား ပါဝင်ခွင့်မပြုဘဲ ချန်လှပ်ထားခဲ့သည်။

AA သည် ကချင်ဒေသတွင်သာ အခြေပြုသဖြင့် ရခိုင်ပြည်ကို ကိုယ်စားပြု၍ လက်မှတ်ရေးထိုးခွင့်မရှိခြင်းနှင့် ရခိုင်ပြည်သည် တိုက်ပွဲမရှိသည့် အဖြူရောင်နယ်မြေသာသည်ဟု အကြောင်းပြချက်ဖြင့် နိုင်ငံရေးစားပွဲဝိုင်းမှ ချန်လှပ်ထားခဲ့သည်။ အကျိုးဆက်အားဖြင့် ကျောက်ဖြူအမျိုးသားညီလာခံကျင်းပ၍အပြီး တစ်နှစ်ခန့်အကြာ ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည် မြောက်ဘက်အစွန်၊ နယ်စပ်ခြံစည်းရိုးများအနီး၌ AA က တိုက်ပွဲများ စတင်ဖော်ဆောင်လာခဲ့သည်။ ကချင်ပြည်နှင့် လောက်ကိုင်ဒေသတွင် အတွေ့အကြုံရရှိထားသော AA ၏ တပ်မှူးများနှင့် ရဲဘော်များမှာ မြန်မာစစ်တပ်ကို ပြောက်ကျားစစ်ဗျူဟာ (Gorilla warfare tactics) ဖြင့် တိုက်ခိုက်ခဲ့ကြသည်။ 

NLD အစိုးရလက်ထက် ရခိုင်ပြည်တွင်း တိုက်ပွဲများ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော NLD အစိုးရလက်ထက်တွင် ရခိုင်ပြည်၌ တိုက်ပွဲများ ဆက်လက်ရှိနေခဲ့ရာ AA အား မြန်မာစစ်တပ်နှင့် NLD အစိုးရနှစ်ဖွဲ့စလုံးက ဟန်ချက်ညီညီပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြသည်။ AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာခြင်း၊ လေယာဉ်အသုံးပြု၍ တိုက်ခိုက်လာခြင်းနှင့် စစ်မြေပြင်က တပ်သားများကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရက ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ 

ထို့အပြင် ရခိုင်ပြည်တွင် နေရာအများစုအနိုင်ရသော ရခိုင်အမျိုးသားပါတီ ANP ကို အစိုးရဖွဲ့ခွင့် မပေးခြင်းမှာလည်း ရခိုင်ပြည်သူများကို အကြီးအကျယ်စိတ်ပျက်စေခဲ့သည်။ ရခိုင်ပြည်သူများမှာ နိုင်ငံရေးဖယ်ကျဉ်ခံလာရသောအခါ စစ်ရေးဖက်ကို ပိုမိုအားသန်လာခဲ့ကြသည်။အချုပ်ခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းနားဖျက်သိမ်းခံရမှုနှင့် ရခိုင်နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် ဖမ်းဆီးခံရခြင်းက အစပြုသည့် ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ လူငယ် ၁၀ ကျော်သေဆုံးခဲ့သည့်အတွက် ရခိုင်ပြည်သူအများအပြားကို နာကျည်းမှု ပိုမိုကြီးထွားစေခဲ့သည်။ 

ရခိုင်ပြည်စစ်ပွဲများအတွင်း လူ့အခွင့်ရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်ကျူးလွန်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုကို မြန်မာစစ်တပ်နှင့်အတူ NLD အစိုးရကပါက အလိုတူအလိုပါ ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း AA စစ်ဦးစီးချုပ်က “အနီတုတ်နှင့်ရိုက် လည်းနာတာပဲ၊ အစိမ်းတုတ်နှင့် ရိုက်လည်းနာတာပဲ” ဟု ပြောထားသည်။

ရက္ခိတလမ်းစဉ်နှင့် အစိုးရယန္တရားများ တည်ဆောက်ခြင်း

“၂၀၂၀ အာရက္ခအိမ်မက်” ဟူသော စကားလုံးသည် ရခိုင့်လူ့အသိုင်းအဝိုင်းတွင်သာမက မြန်မာတစ်ပြည်လုံးတွင်ပါ လူပြောများလာခဲ့ပြီး အမျိုမျိုးနားလည် ဖွင့်ဆိုခဲ့ကြသည်။ နားလည်ရသည်မှာ အမျိုးသားရေးအိမ်မက် ပျောက်ဆုံးနေသော ရခိုင်လူထုအတွက် ဘုံအိမ်မက်တစ်ခုမက်ကြရန် နှိုးဆော်သော ကမ်ပိန်းစကားလုံးတစ်လုံးဖြစ်ခဲ့ပြီး ၂၀၂၀ အရောက်တွင် ရခိုင်ပြည်အတွင်း လွတ်မြောက်နယ်မြေ (သို့မဟုတ်) တပ်ထိန်းချုပ်နယ်မြေ ရှိကိုရှိရမည်ဟူသော ရေတိုပန်းတိုင်တစ်ခု စဉ်းစားခဲ့ကြသည်။ 

၂၀၁၅ က စတင်ခဲ့သော စစ်ရေးလှုပ်ရှားမှုများ (Military performances) ဖြင့် လူထုထောက်ခံမှုကို ရရှိလာခဲ့သော အာရက္ခတပ်တော်သည် ၂၀၁၉ အစောပိုင်းကာလများတွင် အုပ်ချုပ်ရေးလုပ်ငန်းများ (Executive Services) ကို စတင်တည်ထောင် လှုပ်ရှားလာခဲ့သည်။ အုပ်ချုပ်ရေးလုပ်ငန်းများမှသည် တရားစီရင်ရေးဝန်ဆောင်မှုများ (Judiciary Services) တိုးချဲ့ဆောင်ရွက်လာနိုင်ခဲ့ရာ ၂၀၂၀ ကာလအရောက်တွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အတိုင်းအတာတစ်ခုထိ လုပ်ဆောင်လာနိုင်ခဲ့သည်ကို တွေ့ရသည်။ ကိုဗစ် -၁၉ ကမ္ဘာ့ကပ်ရောဂါ တုန့်ပြန်သည့်ကိစ္စနှင့် မိုခါဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်သည့်ကိစ္စများတွင် လူမှုရေးဆိုင်ရာစွမ်းဆောင်ချက် (Social Performances) များကိုသာမက အစိုးရတစ်ရပ်ကဲ့သို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ (Public Services) စွမ်းဆောင်နိုင်ခဲ့သည်။ တရားဝင် အသိအမှတ်ပြုအစိုးရ (De jure Government) မျိုး မဟုတ်သေးသော်လည်း ပြည်သူလက်ခံပြီး ပြည်သူကို အမှန်တကယ်အုပ်ချုပ်နေသော အစိုးရ (De facto Government) မျိုးဖြစ်ခဲ့ပြီဟူ၍ ဆိုနိုင်သည်။

လွတ်မြောက်နယ်မြေနှင့် ခိုင်မာသော မဟာမိတ်များရှိနေခြင်း

အာရက္ခတပ်တော်သည် KIA၊ UWSA၊ MNDAA၊ TNLA၊  တို့နှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့ခြင်းအားဖြင့် မိမိတို့၏ စစ်ဖက်ဆိုင်ရာ စွမ်းဆောင်ရည်များသာမက စစ်လက်နက်ပစ္စည်းများနှင့် အခြားသော တော်လှန်ရေးသင်္ခန်းစာ အဝဝကိုလည်း အနီးကပ်ဖလှယ်ရယူနိုင်ခဲ့သည်။ သို့သော် ထိုမိတ်ဆွေ အဖွဲ့အစည်းများ၏ အသိအမှတ်ပြုလက်ခံမှုနှင့် ကူညီထောက်ပံ့မှုများကို ရရှိနိုင်ရန်အတွက် အာရက္ခတပ်ဖွဲ့ဝင်များ၏ သွေး၊ ချွေး၊ အသက်ပေါင်းများစွာကို စတေးပေးဆပ်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် ရှမ်းပြည်နယ်မိုင်းလားဒေသ၌ ကျင်းပသော (MNDAA) ၏ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်၏ ဈာပနအခမ်းအနားတွင် အာရက္ခတပ်တော် စစ်ဦးစီးချုပ်က “လူ ၂၆ ယောက် လက်နက်တစ်လက်နဲ့ စတင်ခဲ့တဲ့ အာရက္ခတပ်တော်ကို MNDAA ခေါင်းဆောင် ဖုန်ကြားရှင်က လက်နက် ၁၀၀ နှင့် အာပီဂျီနှစ်လက် ထောက်ပံ့ပေးခဲ့ဖူးတယ်” ဟူ၍ ဖွင့်ဟပြောဆိုခဲ့သည်ကို တွေ့ရသည်။ လွတ်မြောက်နယ်မြေ ရှိရုံနှင့် မလုံလောက်ဘဲ မဟာမိတ်နယ်မြေများပါရှိမှ အင်အားကြီးသော ရန်သူကို တိုက်ခိုက်နိုင်လိမ့်မည်ဟု AA က ယုံကြည်ထားပုံရသည်။ 

AA ၏ လွတ်မြောက်နယ်မြေအများစုမှာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနယ်စပ်မှသည် ရခိုင်မြောက်ပိုင်းဒေသများကို ဗဟိုပြုလျက်ရှိပြီး မဟာမိတ်နယ်မြေအများစုသည် ထိုင်း-မြန်မာနယ်စပ်၊ တရုတ်-မြန်မာနယ်စပ်တို့တွင် ရှိနေကြောင်း တွေ့ရှိရသည်။ ထိုလွတ်မြောက်နယ်မြေနှင့် မဟာမိတ်နယ်မြေများကို တည်ထောင်ထားနိုင်ခြင်းအားဖြင့် ဒေသတွင်းနိုင်ငံရေးရာသီဥတုကို အကဲခတ်ရာတွင်လည်းကောင်း၊ နယ်စပ်စီးပွားရေးလုပ်ငန်းများနှင့် စစ်လက်နက်ပစ္စည်းများ ရှာဖွေစုဆောင်းရာတွင်လည်းကောင်း၊ နိုင်ငံတကာရောက် ရခိုင့်အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ရာတွင်လည်းကောင်း၊ အင်အားစုဆောင်းရာတွင်လည်းကောင်း များစွာအထောက်အကူပြုခဲ့သည်ကို တွေ့ရသည်။

အာဏာသိမ်းမှုနှင့် အာရက္ခတပ်တော်၏ အခန်းကဏ္ဍ

နိုင်ငံတော်အာဏာကို ရွေးကောက်ခံအစိုးရလက်ထဲက အတင်းအဓမ္မလုယူခြင်း၏ နောက်ဆက်တွဲအဖြစ် ဆန္ဒပြမှုများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများမှသည် လက်နက်စွဲကိုင်တော်လှန်မှုများအထိ ဖြစ်ပေါ်လာပြီး အကြမ်းဖက်မှုများ တစ်နေ့ထက်တစ်နေ့ များပြားလာသော အချိန်အထိ ထိုလှုပ်ရှားမှုများ ရခိုင်ပြည်သို့ မကူးစက်လာရအောင် AA က ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထိုအချိန်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့အကြား အလွတ်သဘော အပစ်အခတ်ရပ်စဲထားကြချိန်ဖြစ်သဖြင့် တိုက်ပွဲများမဖြစ်ပွားဘဲ ရှိနေခဲ့သည်။ ဆန္ဒပြမှုများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများနှင့် လက်နက်စွဲကိုင်တော်လှန်မှုအသစ်များ ထပ်မဖြစ်ပွားရအောင် AA က သူ့နည်းသူ့ဟန်ဖြင့် ထိန်းသိမ်းခဲ့သည်။ 

မြန်မာပြည်တစ်ဝှမ်းလုံးတွင် ဆန့်ကျင်မှုများဖြစ်ပေါ်နေပြီး စာသင်ကျောင်းများပင် ပိတ်ထားနေရချိန် ရခိုင်ပြည်အခြေအနေက အတည်ငြိမ်ဆုံးအနေအထားရှိနေခဲ့သည်။ ထိုအခြေအနေအား မြန်မာပြည်ရှိ ဒီမိုကရေစီအစုအဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများက ပြင်းထန်စွာ ဝေဖန်ထောက်ပြခဲ့ကြသော်လည်း AA က “ရက္ခိတလမ်းစဉ်ရှိနေပြီးဖြစ်သဖြင့် မိမိတို့၏ အမျိုးသားအကျိုးစီးပွားအတွက် လုပ်သင့်လုပ်ထိုက်သောအလုပ်ကို လုပ်သင့်လုပ်ထိုက်သောနေရာ၊ လုပ်သင့်လုပ်ထိုက်သော အချိန်တွင် မနားတမ်းလုပ်ဆောင်သွားမည်” စသည့် သဘောထားများကို ပြည်သူသို့ချပြခြင်းအားဖြင့် ရခိုင်ပြည်ကိုတည်ငြိမ်အောင် ဆက်လက် ထိန်းထားသည်။  

ထိုအချိန်တွင် AA အနေဖြင့် ရှမ်းမြောက်က မဟာမိတ်ဒေသများနှင့် ကချင်၊ ကရင်က တော်လှန်ရေးတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေပြီးဖြစ်ရာ AA ဗျူဟာမှာ တိတ်တဆိတ်လှုပ်ရှားခြင်းနှင့် တိတ်တဆိတ်ကြီးထွားခြင်း (Silent Movement and Silent Growing) ပုံစံမျိုးဖြစ်ခဲ့သည်။ တပ်သားသစ်များမွေးထုတ်ခြင်း၊ နိုင်ငံတော်ပုံစံနှင့် အမျိုးသားစုစည်းခိုင်မာမှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ခြင်း (State Building and Nation Building)၊ စစ်ဖက်နှင့်အရပ်ဖက်နှစ်ခုလုံးတွင် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ခြင်း (Human resources development trainings)၊ လက်နက်ခဲယမ်း မီးကျောက်များ စုဆောင်းသိုလှောင်ခြင်း (Weapons and Ammunition)၊ မြန်မာပြည်အရပ်ရပ်က တော်လှန်လူငယ်များကို စစ်ပညာနှင့် လက်နက်ခဲယမ်းမီးကျောက်များ ကူညီထောက်ပံ့ခြင်းတို့ကို တစ်ချိန်းတည်း ဆောင်ရွက်ခဲ့သည်။ 

တစ်နည်းအားဖြင့် စစ်အာဏာရှင် အမြစ်ဖြုတ်ရေး နောက်ဆုံးစစ်ပွဲအတွက် စနစ်တကျကြိုတင်ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်ဟု နားလည်ရသည်။  AA ၏ ကြိုတင်ပြင်ဆင်မှုများထဲတွင် လူသိ နည်းသော်လည်း ထိရောက်အောင်မြင်မှုရှိခဲ့သော နောက်ထပ်ခြေလှမ်းတစ်ခုမှာ ရခိုင်နယ်စပ်ခြံစည်းရိုးတစ်လျှောက်တွင် တော်လှန်ရေးတပ်ဖွဲ့အသစ်များ မွေးဖွားစေခဲ့သည်။ ဧရာဝတီဒေသ၊ ပဲခူးဒေသ၊ မကွေးဒေသ၊ စစ်ကိုင်းဒေသ၊ ချင်းပြည်နယ်တစ်လျှောက်တွင် အားကောင်းသော တော်လှန်ရေးတပ်ဖွဲ့များ ပေါ်ပေါက်စေခြင်းဖြင့် ရခိုင်ပြည်သို့ ထိုးဖောက်ဝင်ရောက်လာနိုင်သည့် စစ်ကောင်စီ၏ ကုန်းလမ်းအန္တရာယ်ကို ဖြတ်တောက်ပြီးသား ဖြစ်စေခဲ့သည်။ 

တစ်နည်းအားဖြင့် ဟန့်တားသည့်ဇုံများ (Proxy Zones) တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်ဟု နားလည်ရသည်။ လက်ရှိအချိန်အထိ အာရက္ခတပ်တော်က တိုက်ရိုက်အကူအညီပေးပြီး မွေးဖွားပေးခြင်း (သို့မဟုတ်) တစ်နည်းနည်းဖြင့် ကူညီထောက်ပံ့ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၁၅ ဖွဲ့မက ရှိနေသည်။ ထိုအထဲတွင် ကဗျာဆရာ မောင်ဆောင်းခ ဦးဆောင်သော ဗမာပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ကျောင်းသားလက်ရုံးတပ်တော်၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစုတပ် (မကွေး) နှင့် ချင်းညီနောင်အဖွဲ့များမှာ ထင်ရှားပေသည်။

ထိန်းချုပ်နယ်မြေချဲ့ထွင်လာခြင်း

၁၀၂၇ စစ်ဆင်ရေးခေါင်းစဉ်ဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ စတင်ခဲ့သော ရှမ်းပြည်မြောက်ပိုင်းက ထိုးစစ်များကို ကိုးကန့်တပ် MNDAA ၊ တအောင်းတပ် TNLA နှင့် အာရက္ခတပ် AA တို့က ဟန်ချက်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ နည်းပညာလက်ဦးမှု၊ အင်အားသာလွန်မှု၊ ထောက်ပို့လမ်းကြောင်းများ ဖြတ်တောက်ထားနိုင်မှု၊ စက်မျက်နှာ များများဖွင့်နိုင်မှု စသည့် အားသာချက်များဖြင့် အရှိန်အဟုန်ပြင်းပြင်း တိုက်ခိုက်ခဲ့၍ ရည်မှန်းထားသောနယ်မြေများကို အချိန်တိုအတွင်း ရရှိခဲ့ကြသည်။ ထိုတိုက်ပွဲများကို မြန်မာပြည်တစ်ဝှမ်းက စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သော အုပ်စုများအတွက် နမူနာကောင်းဖြစ်ခဲ့ပြီး ကမ္ဘာကလည်း အာရုံစူးစိုက်မှု များလာခဲ့သည်။ “ညီနောင်သုံးဖော်စစ်ဆင်ရေး”ဟုလည်း လူသိများခဲ့သည်။

ညီနောင်သုံးဖော်စစ်ဆင်ရေး နှစ်ပတ်အကြာတွင် ပလက်ဝဒေသတစ်ခုလုံးကို AA က သိမ်းပိုက် လာခဲ့ပြီး ယင်းမှတစ်ဆင့် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် ရသေ့တောင်မြို့တို့ကိုပါ သိမ်းယူနိုင်ခဲ့သည်။ ရခိုင်ပြည်မြောက်ပိုင်းက မြို့များကိုသာမက အလယ်ပိုင်းရှိ ရမ်းဗြဲမြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဘူးသီးတောင်၊ မောင်တော၊ အမ်းနှင့် သံတွဲမြို့တို့တွင် ပြင်းထန်သော တိုက်ပွဲများ ဆင်နွှဲလျက်ရှိပြီး စစ်တွေ၊ ကျောင်ဖြူ၊ တောင်ကုတ်နှင့် ဂွမြို့တို့ကို AA က ဝန်းရံပိတ်ဆို့ထားသည်။ 

ဘူးသီးတောင်၊ မောင်တော ဒေသတွင် စစ်ကောင်စီက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် လှုံ့ဆော်နေခြင်း၊ ရခိုင်ပြည်နေရာအနှံ့က စစ်သင်တန်းပေးထားပြီးသားဖြစ်သော မွတ်ဆလင်လက်နက်ကိုင်များကို ဘူးသီးတောင်၊ မောင်တောဘက်သို့ နေရာချထားပေးခဲ့သည်။ စစ်ကောင်စီ လက်အောက်ခံ မွတ်ဆလင်အကြမ်းဖက်များသည် ဘူးသီးတောင်၊ မောင်တောဒေသတွင် နေအိမ်များ ထောင်ချီ မီးရှို့ဖျက်ဆီးခြင်းနှင့် လမ်းတံတားများ ဖျက်ဆီးခြင်းတို့ကို ပြုလုပ်နေ၍ AA က ညမထွက်အမိန့်ထုတ်ပြန်ပြီး ထိုးစစ်ကို အရှိန်မြှင့်ခဲ့သည်။ စစ်ကောင်စီက မွတ်ဆလင်များကို စစ်သင်တန်းပေးလက်နက်တင်ဆင်လျက် မွတ်ဆလင်မဟုတ်သော ဒေသခံလူမျိုးများ၏ အိုးအိမ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးစေခြင်းဖြင့် လူမျိုးရေးပြဿာနာဖြစ်အောင် ထောင်ချောက်ဆင်တိုက်ခိုက်နေသည်က တစ်ကြောင်း၊ ကျောက်ဖြူမြို့တွင် တရုတ်စီမံကိန်းများ စုပြုံတည်ရှိနေသည်ကတစ်ကြောင်း စသည့်အကြောင်းများကြောင့် အာရက္ခတစ်ပြည်လုံးအား သိမ်းပိုက်မည့် စစ်ဆင်ရေးမှာ လက်တွေ့တွင် ဖြစ်နိုင်အုံးမည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ 

AA အနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယသုံးနိုင်ငံ နယ်စပ်မှသည် စကစ၏ ကျီးကန်းပြင်တပ်စခန်းထိ အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သဖြင့် မောင်တောမြို့ကိုလည်း မကြာမီတွင် အလုံးစုံထိန်းချုပ်လာနိုင်မည့် အနေအထားတွင်ရှိနေသည်။ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျောက်နှင့် မောင်တောမြို့ကိုပါ အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်ရှိပါက ဘူးသီးတောင်မြို့သည် ချောင်ပိတ်မိလျက်သား အနေအထားတွင်ရှိလာမည်ဖြစ်ပြီး မကြာခင်တွင် AA လက်ထဲသို့ ကျရောက်သွားမည်ဖြစ်သည်။ ထိုသို့ဆိုလျင် စစ်ကောင်စီ ကျောထောက်နောက်ခံပြု မွတ်ဆလင်နက်လက်နက်ကိုင်အုပ်စုများမှာလည်း စစ်ကောင်စီ၏ ကျဆုံးမှုနှင့်အတူ တစ်စခန်းရပ်သွားနိုင်သည်။ သို့သော် AA အနေဖြင့် ဘူးသီးတောင်၊ မောင်တောကိစ္စကို ကိုင်တွယ်ရာတွင် အထူးသတိထားရမည်ဖြစ်သည်။ အကြောင်းသော် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်အုပ်စုများနှင့် နိုင်ငံတကာရောက် မွတ်ဆလင်အုပ်စုတချို့က အာရက္ခတပ်တော်ကို စစ်ကောင်စီတပ်နှင့် တစ်တန်းတည်းထားကာ လူမျိုးတုံးသတ်ဖြတ်မှု ထောင်ချောက်ဆင်နေသည့် အနေအထားမျိုးကို ဖန်တီးလာနိုင်သောကြောင့်ဖြစ်သည်။ 

အာရက္ခတပ်တော်အနေဖြင့်မူကား “ထိုမြို့များကို အပြီးတိုင်သိမ်းပိုက်ပြီး အာရက္ခပြည်တွင် မည်သည့်လက်နက်ကိုင်အဖွဲ့မျှ မရှိစေရ” ဟူသော မူအတိုင်း ဆက်လက်သွားမည်ဟု သုံးသပ်ရသည်။ AA နှင့် အာရက္ခအစိုးရ၏ ထိန်းချုပ်မှုအောက်တွင်သာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သဟဇာတဖြစ်ရေးတို့ကို လက်တွေ့အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ရပေသည်။ အာရက္ခတပ်တော်ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေပြီးဖြစ်သော ရခိုင်ပြည်မြောက်ပိုင်းက အခြားမြို့နယ်များတွင် သာဓကပြထားပြီးဖြစ်သဖြင့် ဘူးသီးတောင်၊ မောင်တောဒေသများကိုလည်း ယင်းနည်းအတိုင်းသာ ထိန်းသိမ်းအုပ်ချုပ်သွားမည့် သဘောဖြစ်သည်။ 

တရုတ်အကျိုးစီးပွားများ စုပြုံတည်ရှိလျက်ရှိသော ကျောက်ဖြူမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားပါက တရုတ်နိုင်ငံက ငြိမ်နေလိမ့်မည်မဟုတ်ဟူသော ဝေဖန်မှုများရှိနေသည်ကို တွေ့ရသည်။ သို့သော် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းသည် စစ်ကောင်စီအတွက် အဓိက ပြည်ပဝင်ငွေရရှိစေသော လုပ်ငန်းဖြစ်သဖြင့် စစ်ကောင်စီတပ်အား အလုံးစုံဖြိုချနိုင်ရန်အတွက် ကျောက်ဖြူမြို့သည်လည်း တိုက်ကိုတိုက်ရမည့်မြို့ထဲတွင် အဓိကစာရင်း၌ ပါဝင်နိုင်နေသည်။ ရှမ်းမြောက်ဒေသများ၌ တရုတ်၏ဖိအားပေးခြင်း၊ ကြားဝင်စေ့စပ်ပေးခြင်းတို့ကြောင့် အပစ်ခတ်ရပ်စဲခဲ့ကြသကဲ့သို့ အာရက္ခပြည်တွင်လည်း အလားတူဖြစ်လာမည်လားဆိုသည်ကို ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအကဲခတ်များက အထူးစိတ်ဝင်စားလျက်ရှိကြသည်။ 

သို့သော် AA ၏ အခန်းကဏ္ဍသည်ကား ရှမ်းမြောက်ဒေသနှင့် ကွဲပြားသည့်အခြေအနေများရှိနေသည်။ AA အား တရုတ်နိုင်ငံက တိုက်ရိုက်ဖိအားပေးနိုင်သည့်အပိုင်းတွင် အကန့်အသတ်ရှိခြင်းနှင့် ပထဝီနိုင်ငံရေးအရ ကွဲပြားစွာရှိခြင်းတို့က အဓိက အကြောင်းရင်းများဖြစ်သည်။ ရှမ်းမြောက်ဒေသကဲ့သို့ တရုတ်နိုင်ငံနှင့်ကပ်လျက်ရှိပြီး ကုန်းတွင်းပိတ်နေသော ဒေသတစ်ခုကို စစ်ကောင်စီတပ်က အလွယ်တကူ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရန် မလွယ်ကူလှသော်လည်း ပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာတည်ရှိသော ရခိုင်ပြည်ကိုကား ပြန်လည်ခြိမ်းခြောက်ရန် ခက်ခဲလှသည်မျိုး မဟုတ်ပေ။ ထို့ကြောင့် AA အနေဖြင့် ရခိုင်ပြည်တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်ထားနိုင်ရုံမကဘဲ စစ်အာဏာရှင်စနစ်တစ်ခုလုံး ချုပ်ငြိမ်းစေသည်အထိ ပါဝင်ဆောင်ရွက်ရမည်မှာ အမျိုးသားအကျိုးစီးပွားနှင့်လည်း တိုက်ရိုက်ဆက်စပ်နေသည်ကို တွေ့ရသည်။ 

ထို့ကြောင့်လည်း စစ်အာရှင်စနစ်တစ်ခုလုံးကို တစ်ခန်းရပ်စေလျက် ဖြစ်ပေါ်လာမည့် နိုင်ငံသစ်နှင့် အစိုးရသစ်တို့ဆီက တရားဝင်အသိအမှတ်ပြုမှုနှင့် ကောင်းမွန်သော မဟာမိတ်ဆက်ဆံရေးတည်ရှိမှုတို့ကို မျှော်လင့်ထားပုံရသည်။ လက်ရှိအချိန်တွင် အာရက္ခတပ်တော်နှင့် အာရက္ခအမျိုး သား တစ်ရပ်လုံးလိုလားသော နိုင်ငံရေးအဆင့်အတန်းနှင့် အချုပ်အခြာအာဏာ တည်ဆောက်ရေးလုပ်ငန်းများကို စစ်အာဏာရှင်တော်လှန်ရေး အဖွဲ့အစည်းများသာမက မြန်မာပြည်သူလူထုအများစုကပါ အားပေးသည့်အဘောထားမျိုးကို သတိထားမိသည်။ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် စုဖွဲ့လျက် စစ်ကောင်စီ မတရားသိမ်းယူထားသော အချုပ်ခြာအာဏာကို ပြန်လည်ရယူရန် ကြိုးစားတိုက်ပွဲဝင်နေသော အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) ကပါ အာရက္ခတပ်တော်နှင့် တွေ့ဆုံမှုတစ်ခုအတွင်း “အာရက္ခပြည်သူ့အစိုးရ” ဟု တရားဝင်ပြောဆို ရေးသားဖော်ပြခဲ့သည်ကို တွေ့ရှိခဲ့ရပြီး၊ အာရက္ခတပ်တော် ၁၅ နှစ်ပြည့် အခမ်းအနားတွင်လည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးတွင် အာရက္ခတပ်တော်နှင့် လက်တွဲဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။ 

De facto Government

အစိုးရပ်တစ်ရပ်၏ အင်္ဂါရပ်များကို ခွဲခြမ်းစိတ်ဖြာကြည့်ရလျင် ပြည်တွင်းအချုပ်ခြာအာဏာတည်ဆောက်နိုင်ခြင်း (Internal Sovereignty) နှင့် နိုင်ငံတကာ အသိအမှတ်ပြုမှု (International Recognition) က အက္ခရာကျသည်ကို တွေ့ရသည်။ နယ်မြေကို အမှန်တကယ် ထိထိရောက်ရောက် ထိန်းသိမ်းထားနိုင်ခြင်း (Effective Control)၊ ပြည်သူက အမှန်တကယ်လက်ခံခြင်း (သို့မဟုတ်) တရားဝင်မှု (Legitimacy) ရှိကြောင်းကို ပြသနိုင်ခြင်းနှင့် နိုင်ငံတကာဥပဒေများ (International Laws) ကို လေးစားလိုက်နာကြောင်းများကို ပြသနိုင်ခြင်းတို့ကလည်း တရားဝင်အသိအမှတ်ပြု အစိုးရတစ်ရပ်ဖြစ်ရန် အရေးကြီးသည်။ သို့သော် နယ်မြေ သိမ်းပိုက်ထားနိုင်ခြင်းနှင့် ပြည်တွင်းအချုပ်အခြာအာဏာ တည်ဆောက်ထားနိုင်ခြင်းတို့က အခြားအကြောင်းတရားများဖြစ်လာရန်အတွက် အဓိကအကြောင်းရင်းခံဖြစ်သည်ကို တွေ့ရလေ့ရှိသည်။ ပြည်တွင်းအချုပ်အခြာအာဏာဆိုသည်မှာ မိမိအုပ်ချုပ်သောဒေသအတွင်း အုပ်ချုပ်ရေး (Executive)၊ ဥပဒေပြုရေး (Legislation) နှင့် တရားစီရင်ရေး (Judiciary) တို့ကို ဟန်ချက်ညီညီနှင့် ထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက်နိုင်ခြင်းဖြစ်သည်ဟု အလွယ်နားလည်နိုင်သည်။ ပြည်တွင်းအချုပ်အခြာအာဏာ တည်ဆောက်နိုင်ရန် နယ်မြေသိမ်းပိုက်ထိန်းချုပ်နိုင်မှုက အဓိကကျသည်။ 

ထို့အပြင် ပြည်သူကိုလူခြုံရေးပေးနိုင်သော စစ်တပ်ကိုပိုင်ဆိုင်မှု (Military Power) သတ်မှတ်ထားသော နယ်နိမိတ်အခိုင်အမာတည်ရှိမှု (Defined territory)၊ ပြည်သူလက်ခံယုံကြည်မှု (People trust and obedient to the Government)၊ ဒေသခံအစုအဖွဲ့အသီးသီးနှင့် ချိတ်ဆက်ထားနိုင်မှု (Local Networks)၊ ဒေသကို တည်ငြိမ်ထားနိုင်မှုနှင့် ရေရှည်ရပ်တည်နိုင်မှု (Stability and Degree of Permanency)၊ အခြေခံကျသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ (Ordinary Public services) များ ဖော်ဆောင်နိုင်မှုနှင့် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မှု (Harness to the Economy) စသော အချက်များက လည်း ခိုင်မာသော အစိုးရတစ်ရပ်ဖြစ်‌ရေးကို မောင်းနှင်ပေးလျက်ရှိနေသည်။ 

AA အနေဖြင့် လက်ရှိအချိန်တွင် ရခိုင်ပြည်၏ ၈၀ ရာခိုင်နှုန်းသော နယ်မြေများကို သိမ်းပိုက်ထားနိုင်ပြီး ထိန်းသိမ်းပြီးနယ်မြေများတွင်လည်း ပြည်တွင်းအချုပ်အခြာ အာဏာယန္တရားများကို တည်ထောင်ထားနိုင်ပြီးဖြစ်သဖြင့် NUG အစိုးရက တရားဝင်သုံးနှုန်းခေါ်ဆိုသကဲ့သို့ “အာရက္ခပြည်သူ့အစိုးရ” ဟု ခေါ်ဆိုမည်ဆိုလျင်လည်း ရနိုင်သည့်အနေအထားတွင် ရှိနေပြီးဖြစ်သည်ဟု သုံးသပ်နိုင်မည်ဖြစ်သည်။ 

သို့သော် တော်လှန်ရေးရန်ပုံငွေများနှင့် အခွန်ထမ်းပြည်သူများဆီက ရရှိသောဝင်ငွေများဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထိထိရောက်ရောက် စွမ်းဆောင်နိုင်ခြင်း ရှိနိုင်အုံးမည်မဟုတ်ပေ။ ထို့ကြောင့်လည်း ရွှေသဘာဝဓာတ်ငွေ့ကရရှိသော ဝင်ငွေကဲ့သို့သော ငွေလုံးငွေရင်းများရရှိရန် အထူးအရေးပါလျက်ရှိနေသည်။ ဈေးကွက်သစ်များ ဖော်ဆောင်ပေးနိုင်ရန်အတွက်လည်း ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ တောင်ဂုတ်နှင့် ဂွမြို့တို့ကို ဆက်လက် သိမ်းပိုက်နိုင်ရန် လိုအပ်လျက်ရှိနေသေးသည်။

 အာရက္ခတပ်တော် ရှေ့အလားအလာ

မြန်မာပြည်သူအများစု၏ အားပေးထောက်ခံမှုကို ရရှိလာခြင်း၊ မဟာမိတ်များ ကျယ်ပြန့်စွာ ထားရှိနိုင်ခဲ့ခြင်း၊ နယ်မြေသိမ်းပိုက်ရေး တိုက်ပွဲများတွင် အောင်မြင်ခြင်း၊ အာရှ၏အင်အားကြီးနိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်တို့၏ အကျိုးစီးပွားများရှိရာ ဒေသဖြစ်ခြင်း၊ ပထဝီနိုင်ငံရေးအားသာချက်များရှိနေခြင်း စသည့် အချက်များကြောင့် အာရက္ခတပ်တော်မျှော်မှန်းထားသော ကွန်ဖက်ဒရိတ်အဆင့်အတန်း (သို့မဟုတ်) ယင်း ထက်မြင့်သည့်အနေအထားတစ်ခုသို့ ရောက်ရှိလာနိုင်သည်။ သို့သော် လူဦးရေနည်းလွန်းခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ်အားနည်းခြင်းတို့ကြောင့် လုံးဝလွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် တည်ထောင်နိုင်သည့်တိုင်အောင် ထိုကိစ္စသည် အချိန်ယူသင့်သည့် အနေအထားမျိုးတွင် ရှိနေသည်။

ထို့အပြင် လူမျိုးတုံးသတ်ဖြတ်ခြင်းခံထားရသည်ဟု အထင်ခံထားရသော မွတ်ဆလင်အသိုင်းအဝိုင်းများကိုပါ တာဝန်ယူရမည်ဖြစ်သည့်အတွက် တိုင်းပြည်တည်ဆောက်ရေးနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပိုမိုသတိထားဆောင်ရွက်ရမည့် အခြေအနေလည်း ရှိနေပြန်သည်။ သို့သော် အာရက္ခတပ်တော်၏ မဝေးတော့သော အနာဂတ်သည် မြန်မာပြည် မြောက်ပိုင်းက ဝပြည်ကဲ့သို့လည်းကောင်း၊ တောင်တရုတ်ပင်လယ်ထဲက ထိုင်ဝမ်ကျွန်းနိုင်ငံကဲ့သို့လည်းကောင်း ဖြစ်လာနိုင်စရာရှိသည်ဟူ၍ကား ကောက်ချက်ဆွဲနိုင်မည်ဖြစ်သည်။

လမ်းများအားလုံးပိတ်ဆို့ခံထားရသဖြင့် အဖက်ဖက်က အတိဒုက္ခရောက်နေကြသော ပြည်သူများအတွက် ဘူးသီးတောင်နှင့် မောင်တောမြို့တို့ကို သိမ်းပိုက်ရရှိပြီးပါက ပို၍အသက်ရှုရှောင်နိုင်စရာ ရှိလာနိုင်သည်။ AA အနေဖြင့် ရခိုင်ပြည်၏ ၈၀ ရာခိုင်နှုန်းသော နယ်မြေများကို အပြီးပိုင်ထိန်းချုပ်ထားနိုင်ပြီဆိုသော်လည်း စစ်အာဏာရှင်စနစ်တစ်ခုလုံး မပြိုကျသမျှ (သို့မဟုတ်) စိတ်ချရသော သဘောတူညီချက်တစ်ခု မထားနိုင်သမျှ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်အုံးမည်မဟုတ်ပေ။ 

ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် ငွေကြေးလိုအပ်ချက်များစွာ ရှိနေနိုင်သည်။ ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်ရယူနိုင်ခဲ့ပါက တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်တို့သည် အာရက္ခအစိုးရအား အသိအမှတ်ပြုဆက်ဆံလာကြမည်။ မည်သို့ပင်ဆိုစေ AA ၏ တော်လှန်ရေးသည် နောက်ပြန်ဆုတ်တော့မည် မဟုတ်ဘဲ အနိမ့်ဆုံးအနေဖြင့် အာရက္ခတပ်တော် စစ်ဦးချုပ် ထုတ်ဖော်ပြောဆိုခဲ့သကဲ့သို့ “ဝထက်မနိမ့်သော” အခြေအနေတစ်ခုကိုကား မကြာမီရောက်ရှိလာတော့မည်ဟူ၍ကား သုံးသပ်တင်ပြ လိုက်ရပါသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular