Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

စစ်ရေးပဋိပက္ခ၏ နောက်ဆက်တွဲ ယနေ့ ရခိုင်ပြည်တွင် စီးပွားရေးပြိုလဲခြင်း၊ ကုန်သွယ်မှုများ ရပ်ဆိုင်းခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ လူမှုရေး၊ ကျန်းမာရေး ပြဿနာစသည့် ကဏ္ဍပေါင်းစုံကို ခံစားနေရသည်။

ရခိုင်လူထုသည် တိုက်ပွဲ အနေအခြေများသာ အာရုံစိုက်နေကြပြီး တစ်ပြည်လုံး နီးပါးက ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မခံရမှုများကို လျစ်လျူရှုသလို ပုံစံမျိုးဖြင့် သတိမရကြပေ။

ကျန်းမာရေး ရိုက်ခတ်မှု

ရခိုင် စစ်ဘေးရှောင်စခန်းများနှင့် စစ်ဘေးမရှောင်ရသည့် ဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် တို့၏ အသက်ဆုံးရှုံးမှု ကိန်းကဏန်းများသည်လည်း သတိထားရမည့် အနေအထားဖြစ်နေသည်။

“အခုသမီးလေးမှာ ယားနာတွေဖြစ်နေတာကြာပြီ။ မပျောက်နိုင်သေးဘူး။ တစ်ခါတစ်လေ ဖျားနာတာရှိတော့ ပိုပြီး စိတ်ပူရတယ်။ ကာကွယ်ဆေးမထိုးရလို့ ကလေး တစ်ခုခုဖြစ်မှာကို ကျမ ပိုကြောက်တယ်” ဟု ဒေါ်သိန်းနုက ပြောသည်။

တစ်နှစ်ကျော်အရွယ်သမီးလေး၏ ခြေလက်နှင့် ခန္ဓာကိုယ်တို့တွင် အရေပြားရောဂါဖြစ်နေသဖြင့် ဒေါ်သိန်းနု  စိတ် ပူပင်နေရခြင်းဖြစ်သည်။ သူမသည် စစ်တွေဇာတိဖြစ်ပြီး လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်း တစ် ခုတွင် နေထိုင်သည်။

ရခိုင်ပြည်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များမှာ ကာကွယ်ဆေးထိုးနှံခွင့် မရရှိသည်မှာ တစ်နှစ်ကျော် အချိန်ထိ ကြာမြင့်လာနေပြီးဖြစ်သည်။ ရခိုင်ပြည် လူဦးရေ သုံးသန်းကျော်ထဲတွင် လူဦးရေ တဝက်ကျော်မှာ အမျိုးသမီးများနှင့် ကလေးငယ်တို့ဖြစ်ကြပြီး ၎င်းတို့၏ ဘဝများသည် ဆိုးရွားစွာ ရိုက်ခတ်မှုရှိနေသည်။

ရခိုင်စစ်ပွဲ စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာကနေ ရခိုင်သို့ ကုန်စည်တင်နေသည့် ကုန်သွယ်ရေးလမ်းကြောင်း အား လုံးကို စစ်ကောင်စီက ပိတ်ဆို့လိုက်သည်။ ယင်းကြောင့် ယနေ့အချိန်ထိ ရခိုင်ပြည်အနှံ့တွင် ဆေးဝါး ပြတ် လပ်မှု ဒဏ်ကို အလူးအလဲ ခံစားနေကြရဆဲဖြစ်သည်။

စိုးရိမ်သောက

“ကာကွယ်ဆေးလုံးဝ မရှိဘူး။ ရှာလို့လည်းမရဘူး။ နောက်ပြီး ဆေးရုံ၊ ဆေးခန်းတွေမှာလည်း ဆေးဝါးမစုံလင် တော့ မွေးဖွားချိန် ဘာဖြစ်လာမလဲ စိတ်ပူမိတယ်။ ကျမတို့က ဆင်းရဲသားတွေလေ” ဟု မြောက်ဦးမြို့နယ်က ကိုယ်ဝန်ဆောင်အမျိုးသမီး မခိုင်နွယ်သန်းက ပြောသည်။

ကိုယ်ဝန်ဆောင် မိခင်တစ်ဦးသည် မွေးဖွားလာမည့် ရင်သွေးငယ်များ၏ ကူးစက်ရောဂါကို ကာကွယ်ရန် မေးခိုင် ရောဂါနှင့် ဆုံဆို့နာ နှစ်မျိုးစပ် ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်စအချိန်တွင် တစ်ကြိမ်ထိုးနှံရမည်ဖြစ်ပြီး၊ မမွေးဖွားမီ နှစ်ပတ်အလိုတွင် ဒုတိယအကြိမ် ထိုးနှံရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

သို့သော်လည်း ရခိုင်ပြည်က ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ ကာကွယ်ဆေးနှင့် အခြား ဆေးဝါးများ လိုအပ် မှုအပြင် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတို့ကိုလည်း ကြုံတွေ့နေရသည်။ ထို့အတူ စစ်ဘေးရှောင်ရင်း သေဆုံးမှုများ ရှိသလို နေမကောင်းသည့် ကလေးငယ်များအတွက်လည်း ရိုးရာ ဆေးမီးတိုများဖြင့်သာ ကုသမှု ခံယူနေရသည်။

“ကျမသမီးမှာ ကိုယ်ဝန် ၇ လလောက်ရှိပြီ။ သူကနှလုံးရောဂါ အခံရှိတဲ့သူဆိုတော့ ကျန်းမာရေးအတွက် အမြဲ စိတ်ပူရတယ်။ လေယာဉ်သံကြားရင် ပိုဆိုးတာပေါ့၊ ပုန်းခိုရင်း၊ ပြေးလွှားရင်းနဲ့ အတတ်နိုင်ဆုံး သူ့စိတ်ကို ငြိမ်အောင် အားပေးစကား ပြောနေရတယ်” ဟု သံတွဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

နောက်ထပ် ပေါက်တောမြို့နယ်က အမျိုးသမီးတစ်ဦးကလည်း “ကျမကလေးအတွက် ကာကွယ်ဆေးထိုးရ မလားဆိုပြီး AA က နာ့စ်သူနာပြုတွေကို အကြိမ်ကြိမ်မေးဖူးတယ်။ ဆေးမရသေးဘူး။ အိန္ဒိယတို့ ဘင်္ဂလားဒေ့ရှ်တို့က တင်သွင်းဖို့ လုပ်နေတယ်တို့ ပြောတာကြာပြီ။ ဒီနေ့အထိ အဆင်မပြေသေးဘူး ထင်တယ်” ဟု ဆိုသည်။

ကိုယ်ဝန်ဆောင် မိခင်များသည် သန္ဓေ စလွယ်ချိန်မှစ၍ မိခင်နှင့်ကလေးကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းတို့ ၌ ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုအပြင် ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးနှံခြင်းအားဖြင့် မေးခိုင်ရောဂါ ကာကွယ်ခြင်း၊ ကိုယ်၀န်ဆောင်စဉ်နှင့် မွေးဖွားပြီးနောက်ဖြစ်တတ်သည့် ကူးစက်ရောဂါများအား ကာကွယ်စေနိုင် သည်။

တစ်ဖက်မှာလည်း ရခိုင်ပြည်သူများမှာ ပြင်ပဆေးရုံဆေးခန်းများတွင် ပုံမှန်ပြသရန် ငွေကြေးအဆင်မပြေမှုလည်း ရှိနေကြသည်။  ယင်းသို့ အခက်အခဲများကို ကြုံတွေ့ရသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးငယ် အ ရေ အတွက်များစွာ ရှိနေသည်။

ကာကွယ်ဆေးထိုးရန် ဘာကြောင့် လိုအပ်သလဲ

မွေးကင်းစ ကလေးများကို တီဘီရောဂါ၊ အသည်းရောင် B1ရောဂါကာကွယ်ဆေး၊ ၂ လ ကလေးများကို အသည်း ရောင်း B2 ရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ ပိုလီယို၊ ရိုတာစသည့် ရောဂါကာကွယ် ဆေးများထိုး ပေးရမည်။

ယင်းအပြင် ၄ လကနေ ၆ လတွင် ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်နှင် ၉ လကနေ ၁၂ တွင် ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျာမန်ဝက်သက်၊ ဦးနှောက်ရောင်ရောဂါ၊ တုပ်ကွေးရောဂါ ကာကွယ်ဆေးများ၊ ၁ နှစ်ကနေ ၂ နှစ် ကြားတွင် ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျာမန်ဝက်သက်စသည့် ကာကွယ်ဆေးများ ပုံမှန်ထိုးပေးရမည်ဖြစ်သည်။

ရခိုင်ပြည်သိမ်းတိုက်ပွဲ မဖြစ်ခင်က တစ်ပြည်လုံးတွင် ကလေးသူငယ် ကာကွယ်ဆေးထိုးရမည့် ကာလများကို သတ်မှတ်ပြီး မြို့နယ်အလိုက် ဆေးရုံဆေးခန်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနများ၊ ကျေးလက်ဒေသက ဒေသန္တရ ဆေးပေးခန်းများအထိ ကျန်းမာရေး ဝန်ထမ်းများ ကွင်းဆင်းပြီး အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု များ ပေးနိုင်ခဲ့သည်။

“ကာကွယ်ဆေးဆိုတာ ကလေးတွေ အတွက်ရော ကိုယ်ဝန်ဆောင်တွေအတွက် အရေးကြီးတယ်။ ဒီဆေးဟာ ကိုယ်ခံအားစနစ်ကို အားကောင်းစေတဲ့အပြင် ဖြစ်ပေါ်လာနိုင်တဲ့ ပြင်းထန်ရောဂါတွေကို တားဆီးပေးပြီး အနာ ဂတ် ကြီးထွားဖွံ့ဖြိုးမှုကို အထောက်ကူပေးတယ်”  ဟု ULA ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသူ သူနာပြု အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ အသက်အရွယ်အလိုက် လိုအပ်သည့် ကာကွယ်ဆေးထိုး မထိုးရပါက ကလေးငယ်များ အသက်အရွယ်ကြီး ပြင်းသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးမှု အားနည်းမှုများ ဖြစ်လာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားသည်။

“ရခိုင်မှာ ဆေးဝါးမလုံလောက်တာ၊ ရှားပါးတာကြောင့် အချိန်မီ ဆေးမကုနိုင်လို့ သေဆုံးသူတွေ ရှိတယ်ဆိုတာကို လက်ခံပါတယ်။ အဲဒီထဲမှာ ကလေး၊ ကိုယ်ဝန်ဆောင်၊ မွေးကင်းစ အကုန်ပါတယ်။ အရေအတွက်ကတော့ ပြောရ ခက်တယ်” ဟု ULA ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသူ သူနာပြု အမျိုးသမီးတစ်ဦးက ပြောသည်။

“ကာကွယ်ဆေးနဲ့ အခြား ဆေးတွေ ပုံမှန်ရရှိရေး ကြိုးစားနေတယ်လို့တော့ သိထားတယ်။ အချိန်ကိုတော့ ကျမ လည်း မပြောနိုင်ဘူး” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်သူများအတွက် အဓိက အရေးတကြီးလိုအပ်နေသည့် ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ပတ်သက်ပြီး အာရက္ခပြည်သူ့အစိုးရ  ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို Western News က ဆက်သွယ်မေးမြန်း နေဆဲဖြစ်သည်။

AA ၏ ကျန်းမာရေး စောင့်ရှောက်မှု

ULA/AA၏ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများအတွက် တီဘီဆေးနှင့်၊ HIV အတွက် ART ဆေးများကို ဇန်နဝါရီ လဆန်းပိုင်းကစပြီး အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မြို့နယ် ၁၅ ခုတွင် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။ သို့သော်လည်း ကိုယ်ဝန် ဆောင်မိခင်နှင့် ကလေးငယ်တို့အတွက် ကာကွယ်ဆေးများ မပေးနိုင်သေးပေ။

ထို့အတူ လက်ရှိ ရခိုင်ပြည်သူများသည် ဘက်တီးရီးယားပိုးကြောင့် ဖြစ်တတ်သည့် ပြင်းထန်အဆုပ်ရောင် ရောဂါ နှင့်အတူ ဦးနှောက်အမြှေးရောင်ရောဂါ၊ သွေးဆိပ်တက်ခြင်းရောဂါများ ကလေးငယ်နှင့် သက်ကြီးရွယ်အို များတွင် အများ ဆုံးဖြစ်ပွားနေကြောင်း ရခိုင်ပြည် ဆရာဝန် အသိုင်းအဝိုင်းထံက စုံစမ်းသိရသည်။

အဆိုပါ ရောဂါများကို ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်၍ ရနိုင်ကြောင်း သူကဆိုသည်။

ကာကွယ်ဆေးမရတော့ ကလေးတွေက ချူချာတာဖြစ်တတ်တယ်။ နောက်ပြီး အသက်ရှုလမ်းကြောင်း ပိုးဝင် တာမျိုး၊ မကြာခဏ ပြင်းထန် နမိုးနီးယားဖြစ်တာတွေ၊ အဆုတ်ရောင် ရောဂါဖြစ်တာတွေ ဒါမျိုးကလေးတွေ တွေ့ ရတာများလာတယ်။ ပြင်းထန်အဆုပ်ရောင်ရောဂါနဲ့ ဆုံးတဲ့ ကလေးတွေလည်းရှိနေတယ် ဟု AA ထိန်းချုပ် နယ် မြေတွင် ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးက ပြောသည်။

ရခိုင်ဒေသမှာ တိုက်ပွဲတစ်နှစ်ကျော် ကြာမြင့်လာပြီး စစ်ဘေးရှောင်သူဦးရေမှာလည်း ၇ သိန်းအထိ တိုးလာနေကာ လူသားချင်း စာနာမှု အကူညီရရှိမှု အားနည်းသဖြင့် စားနပ်ရိက္ခာ ဆေးဝါးပြတ်လပ်ခြင်းနှင့် ကျန်းမာရေး စောင့် ရှောက်မှု မရရှိကြပေ။

မြန်မာနိုင်ငံတွင် ကလေးသူငယ် ၄ သန်းကျော်ရှိပြီး အရင်က ၉၅ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးခွင့်ရကြသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ကလေးသူငယ် ၂၅ ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးခွင့်ရကြောင်း NUG၊ ကျန်းမာရေး ဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ဇူလိုင်တွင် ပြောဆိုခဲ့သည်။

အမေရိကန် နယူးယောက်မြို့၌ ဖေဖော်ဝါရီ ၄ ရက်မှ ၆ ရက်အထိ ကျင်းပသည့် ကုလသမဂ္ဂ ကလေးများရန်ပုံ ငွေ အဖွဲ့ Unicef အဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း က  မြန်မာနိုင်ငံရှိ ကလေးငယ် ၆ သန်းမှာ အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဒုက္ခနှင့် ရင်ဆိုင်နေရပြီး ၃.၅ သန်းခန့်သော ပြည်တွင်းနေရပ်စွန့်ခွာသူများအနက် ၃၃ ရာခိုင်နှုန်းမှာ ကလေးငယ်များ ဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီက လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများနှင့် အခြားသော အဆောက် အဦများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေ၍ ကလေးငယ်များမှာ ကာကွယ် ဆေးထိုးခွင့် ဆုံးရှုံးနေကြရပြီး ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းမရှိပါက ကူးစက်လွယ်သော ရောဂါများပြန့်ပွားမှုကို မြင့်တက်စေနိုင်ကြောင်း နိုင်ငံ၏ အနာဂတ်အတွက် ရိုက်ခတ်မှုများလာနိုင်ကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြထားသည်။

စစ်မီးကြားက ကလေးသူငယ်များ

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်း မှုကြောင့် ဖြစ်ပေါ်လာသည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး မရေရာမှုများကြားတွင် ကလေးများ၏ အနာဂတ် ဘဝ များမှာ အန္တရာယ်ကြားထဲ ရောက်လာနေကြောင်း ဆိုသည်။

ထို့အတူ နိုင်ငံတဝန်း ကလေးငယ် တစ်သန်းနီးပါးမှာလည်း ဝက်သက်၊ ပိုလီယို၊ ဆုံဆို့နာဖြင့် ရေရှည် မသန်စွမ်း အ ခြေ အနေကနေ သေဆုံးနိုင် အထိဖြစ်စေသည့် ရောဂါများခံစားနေကြရပြီး ပုံမှန်ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ် နှင့် လွဲချော်နေရကြောင်း အစီရင်ခံစာက ထောက်ပြသည်။

ယင်းကြောင့် အာရက္ခတပ်တော် ထိန်းချုပ်ထားရာ  မြို့နယ်များနှင့် စစ်ရှောင်စခန်းများမှ ကိုယ်ဝန်ဆောင် မိခင် များနှင့် ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံနိုင်ရေးပေးရန် အရေးတကြီး လိုအပ်လျက်ရှိသည်။

အနာဂတ် ရခိုင်ပြည်အတွက် လူသားအရင်းအမြစ်ကို ဖြည့်စွက်ရန် အရေးကြီးသည့် ကိုယ်ဝန်ဆောင် မိခင်နှင့် မွေး ကင်းစ ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အရေးပေါ် စီမံချက်အဖြစ် ဦးစားပေးဆောင်ရွက်မှုများ လုပ်သင့်ကြောင်း ထောက်ပြနေကြသည်။

ဒီနေ့ ရခိုင်ပြည်သူတွေဟာ စစ်ရေးအောင်မြင်မှုမှာ ပျော်ကြတယ်။ တစ်ဖက်မှာ ကလေးသူငယ်နဲ့ ကိုယ်ဝန် ဆောင်ကိစ္စကို လျစ်လျူရှုထားသလိုဖြစ်နေတယ်။ တကယ်တော့ ကလေးနဲ့ ကိုယ်ဝန်ဆောင်တွေဟာ အနာဂတ် ရခိုင်ပြည်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တယ်။ သူတို့ကို ဝန်ဆောင်မှု ပေးဖို့ အထူးအစီ စဉ်တစ်ရပ် ဖန်တီးသင့်တယ်  ဟု ရခိုင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ထောက်ပြသည်။

အနာဂတ် မျိုးဆက်ဖြင့် ရခိုင်ပြည် တည်ဆောက်ရာဝယ်

အရည်အသွေးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များသည် ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါသည်။ လူ့စွမ်းအားအရင်းမြစ်များ ပြုစုပျိုးထောင်ရာတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ၊ ကလေး ငယ်များ၏ ကျန်းမာသန်စွမ်းမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့အပေါ် တိုက်ရိုက် အကျိုးသက်‌ရောက်မှုရှိနေသည်။

ပုခက်လွှဲသောလက်များဖြစ်ကြသည့် မိခင်များသည် တိုင်းပြည်အနာဂတ်ကို ပခုံးပြောင်းတာဝန်ထမ်း ဆောင်ကြ မည့် ရင်သွေးငယ်များကို ပြုစုပျိုးထောင်ရန် တစ်နည်းအားဖြင့် တန်ဖိုးမြင့် လူ့စွမ်း အားအရင်းအမြစ်များ အတွက် ကာကွယ်ဆေးများ အချိန်မီ ထိုးနှံ့နိုင်ရေး အရေးကြီးနေသည်။

အနာဂတ် ရခိုင်လူမှု့အဖွဲ့အစည်းကို သူတို့ကပဲ ဦးဆောင်ကြမှာဆိုတော့ ဒီကိစ္စကို အားလုံးထက် ဦးစားပေးပြီး ဘယ်လို အခက်ခဲရှိပါစေ အမြန်ဆုံးလုပ်သင့်ပြီ  ဟုလည်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ကိစ္စကိုသက်ဆိုင်ရာ ကျန်းမာရေးဌာနတစ်ခုတည်းမဟုတ်ဘဲ ဒေသခံပြည်သူများ၊ အဖွဲ့အစည်းများ၊ နိုင်ငံ တကာရောက် ရခိုင် အသိုင်းအဝိုင်းများကလည်း ပူးပေါင်းအဖြေရှာ ရန်လိုအပ်ကြောင်း ပြောဆိုနေကြသည်။

တိုက်ပွဲများကြောင့် ဘက်ပေါင်းစုံအကျပ်အတည်းကြားတွင် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များမှာ ဆေးဝါးကင်း မဲ့သည့် ဇုန်ထဲတွင်  နောင်ရင်ဆိုင်လာရမည့် ကျန်းမာရေး နောက်ဆက်တွဲ ပြဿနာများအတွက် ရင်လေးစရာ တစ်ရပ်ဖြစ်နေသည်။

ယခုဆောင်းပါးကို Western News က ရေးသားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ