“အရမ်းအန္တရာယ်များတော့ မိသားစုတွေ တားကြတယ်။ ဒါပေမဲ့ ကိုယ်တိုင်က ဝါသနာပါတော့ ဒီအလုပ်ကို မစွန့် လွှတ်နိုင်ဘူး” ဟု ပြောလာသူက မေသက်ထားဝတီ (အမည်လွှဲ) ဖြစ်သည်။
သူမသည် သူဝါသနာပါရာ အလုပ်၊ မတရားမှုများကို အမြဲတမ်း စုံစမ်းဖော်ထုတ်ပြီး ပြည်သူများထံ အမှန်တရား ကို ရှာဖွေချပြချင်သူဖြစ်သဖြင့် သတင်းထောက်ဖြစ်ရခြင်းအပေါ် အမြဲတမ်း ဂုဏ်ယူကြောင်းပြောသည်။
မေသက်ထားဝတီသည် စစ်ကောင်စီ၏ လူ့အခွင့်ရေးချိုးဖောက်သည့် သတင်းများကို ရေးသားမှုကြောင့် စစ်တပ်အပေါ် အသေရေညှိုးနွမ်းစေကြောင်း စွပ်စွဲချက်ဖြင့် ရာဇသတ်းကြီး ဥပဒေ ပုဒ်မ ၅၀၅(က)အပြင် ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။
မြန်မာနိုင်ငံတွင် ရခိုင်ဒေသသည် လက်နက်ကိုင်ပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခ၊ လူ့အခွင့်အရေးချိုးမဖောက်မှု၊ ဆင်းရဲမွဲတေမှု၊ စီးပွားရေးစသည့် ကဏ္ဍပေါင်းစုံတွင် ပြဿနာထောင်သောင်း ပြည့်နှက်နေသည့် နေရာဖြစ် သည်။
ထိုသို့ စစ်ရေးနိုင်ငံရေး ပြဿနားများ၊ အန္တရာယ်ပေါင်းစုံ ဝိုင်းနေသည့်ကြားကနေ ဒေသတွင်း ဖြစ်ပျက်နေသည့် အမှန်တရားများကို ကမ္ဘာကသိအောင် မေသက်ထားဝတီနှင့် ရခိုင်အမျိုးသမီး သတင်းထောက်များသည် ရရာ နည်းဖြင့် စုံစမ်း ဖော်ထုတ်နေကြသည်။
“အမှုဖွင့်ခံထားရတဲ့ အချိန်ကနေ ရှောင်တိမ်းနေရတာ အခုဆိုရင် သုံးနှစ်ကျော်ပြီး။ အိမ်ကတော့ ဒီအလုပ်ကို ဆက်မလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒီကာလမှာ ကျမတို့လို အမျိုးသမီးတွေ အများကြီးလိုအပ်တယ်ထင်လို့ အ ဆင်မပြေလည်း လုပ်တယ်” ဟု မေသက်ထားဝတီက ရှင်းပြသည်။
မေသက်ထားဝတီကဲ့သို့ လွတ်လပ်သည့် သတင်း မီဒီယာသမားများကို ခေတ်အဆက်ဆက် စစ်တပ်နှင့် အာ ဏာပိုင်များက လုံးဝ မလိုလားကြပေ။ အကြောင်းအမျိုးမျိုးပြက ဖမ်းဆီးခြင်းထောင်ချခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖိနှိပ်ခြင်းမျိုးစုံ ရှိနေခဲ့သည်။ အထူးသဖြင့် သတင်းသမားများ၏ စုံစမ်းဖော်ထုတ်မှုကြောင့် ရခိုင်တိုက်ပွဲ အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပေါ်လွင်စေသဖြင့် အငြိုးအတေး ပိုခံကြရသည်။
ထို့အတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ၏ မီဒီယာဖိနှိပ်မှုက ပိုဆိုးရွားလာခဲ့သည်။ ရခိုင်ဒေသ နေ မီဒီယာသမားများ သတင်းရယူသည့် နေရာများတွင် စစ်တပ်ထောက်လှမ်းရေးများ နောက်ယောင် ခံ လိုက်ခြင်း၊ ရုံး၊ နေရပ်လိပ်စာများ စုံစမ်းခြင်းတို့ရှိခဲ့သည်။ သတင်းရေးသား တင်ဆက်သည့် အခါတွင်လည်း လုံခြုံရေးကြောင့် ဂရုတစိုက်ရေး သားရခြင်းက အခြား ဒေထက် ရခိုင်ဒေသတွင် ပိုပြီး များသည်။
ထိုအန္တရာယ်နှင့် အခက်ခဲပေါင်းစုံဝိုင်းနေသော်လည်း မေသက်ထားဝတီသည် ရခိုင်ပြည်တွင်းနေထိုင်ပြီး မြေပြင် သတင်းများကို အချိန်နှင့်တပြေးညီ ကြိုးစား ရေးပို့နေဆဲဖြစ်သည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လွတ်လပ်သော သတင်းမီဒီယာ ၂၀ ကျော်ကို လိုင်စင် ပိတ်သိမ်းခဲ့သည်။ MRTV၊ မြဝတီကလွဲပြီး လွတ်လပ်သော သတင်းဌာနများကို ပြည်ဖျက် မီဒီယာဟု စွပ်စွဲပြီး သတင်းသမားများကိုလည်း ပုဒ်အမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ချ၊ သတ်ဖြတ်ခြင်းများ ကျူးလွန် နေဆဲဖြစ်သည်။
ထိုသို့ ဆိုးရွားလှသည့် အခြေအနေကြောင့် သတင်းသမား အများစုမှာ နေရပ်စွန့်ခွာပြီး တိုင်းရင်းသားလက် နက်ကိုင် ထိန်းချုပ်သည့် လွတ်မြောက်နယ်မြေနှင့် အိမ်နီးချင်း နိုင်ငံများတွင် ထွက်ပြေးခိုလှုံနေကြရသည်။ တစ်ချို့မှာလည်း အလုပ်ထွက်လိုက်ကြသည်။ ယင်းအထဲတွင်အမျိုးသမီးသတင်းထောက်များ၏ လုံခြုံရေးနဲ့ ဘဝရပ်တည် ရေးမှာလည်း အမျိုးသားများထက် စိန်ခေါ်မှုကြီးမားသည်။
“လိုအပ်ချက်ကတော့ မျိုးစုံပဲ။ လစာနည်းတာတွေ၊ ကုန်ဈေးနှုန်းကြီးတော့ စားဝတ်နေရေး လိုက်မမီဘူး။ ပြီး တော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေတာတွေကြောင့် သတင်းရင်း မြစ်တွေနဲ့ အဆက်သွယ် ပြတ်တာ။ လျှပ်စစ်မီး မရတာနဲ့ လုံခြုံရေးတွေက ကျမတို့ရဲ့ လုပ်ငန်းတွေကို နှောင့်နှေးစေတယ်” ဟု ရခိုင် အလွတ်တန်း သတင်းထောက် မယုယု(အမည်လွှဲ) က ပြောသည်။
သတင်းထောက်မျး၏ ပြောဆိုချက်အရ ရခိုင်သတင်းထောက်တစ်ဦးသည် လစာငွေ သုံးသိန်းကျပ်ကနေ ငါး သိန်းကျော်သာ ရရှိကြပြီး ယနေ့ ခေတ်အနေထားတွင် အဆင်မပြေသူများပြားသည်။ မိသားစုကို မထောက်ပံ့ နိုင်သည့် အပြင် မိမိတစ်ကိုယ်စာ အသုံးအတွက်တောင် မလုံလောက်ကြောင်း ရင်ဖွင့်ကြသည်။ ယင်းအပြင် သတင်းထောက်များသည် အင်တာနက် ဖြတ်တောက်ထားခြင်းကြောင့် နေရာအနှံ့ရွှေ့ပြောင်းလုပ်နေကြရပြီး အိမ်ငှားခ၊ စားစရိတ် ကုန်ဈေးနှုန်းကြီးမြင့်မှုကြားတွင် လုံးဝအဆင် ကြပေ။
“သွားတိုက်ဆေးတစ်ဗူးကို တစ်သောင်း။ ရွှေပြည်နန်းတစ်ဗူးကို တစ်သောင်းပေးဝယ်နေရတော့ ကျန်တာ တွေကို စဉ်းစားကြည့်တော…။ ရတဲ့လစာနဲ့ အကုန်လုံး ချွေတာပြီး နေကြရတာ” ဟု မယုယုက ရှင်းပြသည်။
ထို့အတူ ရခိုင်စစ်မြေပြင်တွင် သတင်းသွားယူရာတွင် လုံခြုံရေး အသုံး အဆောင်ပစ္စည်းများ မရှိခြင်း၊ မိုင်းနှင့် စစ် ကျန်လက်နက်၊ လက်နက်ကြီး/ ငယ်အပြင် လေကြောင်း အန္တရာယ်များကလည်း သတင်း သမားများ အသက် အာမခံချက် တစ်စမျှမရှိကြောင်းကို ပြသနေသည်။
“စစ်ကောင်စီဟာ ရခိုင်ပြည်မှာ နေ့စဉ် ဂျတ်လေယာဉ်တွေနဲ့ အရပ်သား၊ စစ်သားမခွဲဘဲ ပစ်နေတော့ နေ့စဉ် သေးဆုံးဒဏ်ရာရသူတွေရှိနေတာ။ နောက်ပြီး မိုင်းနင်းလို့ ဒေသခံတွေနေ့စဉ် သေဆုံးတာ လည်းရှိတော့ ကျမ တို့ လုံခြုံရေးက စဉ်းစားကြည့်ပေတော့။ သတင်းယူနေရင်း လေယာဉ်လာတော့ လုံခြုံမယ်ထင်တဲ့ နေရာကို ပြေးရတာလည်း ရှိတယ်” ဟု ရခိုင်ဒေသခံ အလွတ်တန်း သတင်းထောက် အမျိုးသမီးက ဆိုသည်။
မည်သို့ပင် အခက်ခဲ့ရှိစေကာမှု လက်ရှိ Western News အပါအဝင် Development Media Group (DMG)၊ Narinjara၊ Border News Agency (BNA) စသည့် သတင်း ဌာနများသည် ရခိုင် ပြည်တွင်း ဖြစ်ပျက်နေသည့် စီးပွားရေး၊ လူမှုရေး၊ စစ်ရေးစသည့် ပြည်သူများ သိသင့်သည့် သတင်းမှန်များ ကို ကြိုးစားဖော်ထုတ် တင်ပြနေကြသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့က စစ်တွေရှိ DMG သတင်းဌာနရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ညစောင့် ၁ ဦးကို ဖမ်းဆီးခဲ့သည်။ ယင်းနောက် သတင်းမီဒီယာ တိုက်ကို ချိတ်ပိတ်လိုက်ပြီး သတင်း လုပ်ငန်းနှင့် ဆက်စပ် ကင်မရာ၊ ကွန်ပျူတာ စသည့် အသုံးဆောင် ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်သည်။
ယင်းနောက် သတင်းထောက် ကိုထက်အောင်နှင့် ရုံးစောင့်တစ်ဦးကို ဇွန် ၂၈ တွင် စစ်တွေအကျဉ်းထောင် တရားရုံးကနေ အကြမ်းဖက် ဥပဒေ ၅၂ (က) ဖြင့် အလုပ်နှင့် ထောင် ၅ နှစ်စီ ချထားပြီး သတင်းဌာနမှ ဝန် ထမ်းအားလုံးကိုလည်း စစ်ကောင်စီက အကြမ်းဖက် ဥပဒေဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
အလားတူ Western News သတင်းဌာနကိုလည်း စစ်ကောင်စီက အပြစ်ရှာ တရားစွဲဆိုထားသေးသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ပလက်ဝမြို့နယ်က စစ်တပ်နှင့် ပတ်သက်သည့် သတင်းတစ်ပုဒ်ကို ရေးသား ဖော်ပြခဲ့သ ဖြင့် အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးကို စစ်ကောင်စီက နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှု ပုဒ် မ ၁၂၄ (က) အပြင် အခြားပုဒ်မများဖြင့် တရားစွဲဆိုထားသည်။ လက်ရှိတွင် Western News သတင်းထောက် များ မှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်၊ ရဲနှင့်ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့ရှိ နိရဉ္စရာသတင်းဌာနရုံးသို့ ဝင်ရောက်စီးနင်းကာ သတင်းထောက်သုံးဦးကို စစ်တွေမြို့အမှတ် (၁) ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။ အလားတူ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း နိရဉ္စရာသတင်းဌာနမှ သတင်း ထောက်အချို့နှင့် အယ်ဒီတာတို့ကိုလည်း ပုဒ်မ ၅၀၅-က၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) တို့ဖြင့် စစ်ကောင်စီက အမှုဖွင့်ခဲ့သည်။
ယခုအချိန်ထိ Western News၊ DMG၊ Narinjara၊ Border News Agency၊ သတင်းဌာနမှ အယ်ဒီတာချုပ်၊ အယ်ဒီတာ၊ သတင်းထောက်နှင့် ပါဝင်ပတ်သက်သူ အားလုံးကို စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ထားကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
ဖမ်းဆီးခံရသည့် သတင်းသမားများကိုလည်း စစ်ကေင်စီသည် သတင်းမီဒီယာ ဥပဒေနှင့် မသက်ဆိုင်သည့် ကြီးလေးသော နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၄၊ နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅ ၊ မတရား အသင်း ဆက်သွယ်မှု ၁၇ (၁)( ၂)၊ အကြမ်းဖက်မှု ပုဒ်မ ၅၀ (ည)၊ ဆက်သွယ်ရေး ပုဒ်မ ၆၆၊ စသည့် ရာဇတ် သတ်ကြီးပုဒ်များ တို့ဖြင့် လိုရာစွပ်စွဲပြီး တရားစွဲ ဆိုခံကြရသည်။
“စစ်ကောင်စီဟာ သတင်းလုပ်ငန်းနဲ့ ဘာမှမဆိုင်တဲ့ ပုဒ်မတွေ၊ နှစ်ရှည်ထောင်ချမယ့် ပုဒ်မတွေနဲ့ သထောက် တွေကို အမှုဖွင့်လေ့ရှိတယ်။ ဒါတွေက ရခိုင်ဒေသမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ မရှိစေရေးအတွက် ဖိနှိပ်တာ။ ဒီသတင်းဌာနတွေမရှိမှ စစ်ကောင်စီဟာ အပြစ်မဲ့ ပြည်သူတွေကိုသတ်ဖြတ်၊ နှိပ်စက်လုပ်ချင်ရာ လုပ်လို့ရတယ် ဆိုတဲ့ အမြင်ရှိတယ်” ဟု ရခိုင် သတင်းထောက် အမျိုးသမီးတစ်ဦးပြောသည်။
ယင်းအပြင် ရခိုင်ဒေသတွင် တတိယအကြိမ် တိုက်ပွဲ ပြင်းထန်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလကစပြီး ရခိုင် သတင်း ဌာနများမှာ ရုံးဖွင့်လှစ်နိုင်ခြင်းမရှိတော့ဘဲ လွတ်မြောက်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ယခုနှစ် ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများကို ဖမ်းဆီးထောင်ချသည့် အဆိုးရွားဆုံး နိုင်ငံများ စာရင်းတွင် ဒုတိယအဆင့်ရှိပြီး မြန်မာနိုင်ငံအထက်တွင် တရုတ်နိုင်ငံသာ ရှိတော့သည်။
မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့(MWJS) ၏ “အာဏာသိမ်းကာလ မြန်မာအမျိုးသမီး သတင်း ထောက်များ အခြေအနေ “အစီရင်ခံစာတွင်” ပဋိပက္ခ ဖြစ်စဉ်တွေနဲ့ ထိလွယ်ရှလွယ်တဲ့ အခြေအနေမှာ သတင်းရယူကြရတဲ့ အမျိုးသမီးသတင်းထောက်အတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး ကိစ္စတွေကို ဌာနတွေက အလေးအနက်ထား ဆောင် ရွက်သင့်တယ်” ဟု ထောက်ပြသည်။
ထို့အတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ တိမ်းရှောင်နေရခြင်း၊ ပုံမှန် ဝင်ငွေထိခိုက်ခြင်း၊ မီဒီယာလုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်တော့ခြင်း စသည့် အခြေအနေများကြောင့် အမျိုးသမီး သတင်းထောက်များမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အားငယ်ခြင်းနှင့် မလုံခြုံခြင်းများကို ရင်ဆိုင်ကြုံ တွေ့နေရ ကြောင်း MWJS အစီရင်ခံစာတွင် ဖော်ပြသည်။
လက်ရှိ ရခိုင်စစ်ပွဲတွင် AA က မြိုနယ် ၁၁ ထိန်းချုပ်ထားသည်။ ထိုဒေသများကို စစ်ကောင်စီက လေကြောင်း ဖြင့် လာရောက် ပစ်ခတ်မှုများ မကြာခဏရှိနေ၍ မြေပြင် ကွင်းဆင်းယူနေသည့် သတင်းသမားများကိုလည်း ဒေသခံအချို့က “ စစ်ကောင်စီ သတင်ပေးတွေလား” ဆိုသည့် သံသယဖြင့် စောင့်ကြည့်မှုကို ခံရကြောင်း ပြောကြသည်။
“သတင်းထောက်လို့ သိတာနဲ့ အမျိုးသားတောင်မှ မလွယ်ကူတဲ့ အခြေအနေမှာ သတင်းလုပ်ငန်းလုပ် ကိုင် နေတဲ့ အမျိုးသမီးတွေက ပိုပြီးအကာကွယ်မဲ့ပါတယ်။ မိသားစုလည်း မကာကွယ်နိုင်တော့ နေရာပြောင်းရွှေ့ လုပ်ကိုင်ရတာ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသသို့ သွားရောက်သတင်းယူဖို့ဟာလည်း တာဝန်ယူကာကွယ်ပေးသူ မ ရှိပါဘူး” ဟု Karen Information Center (KIC) သတင်းဌာန၏ အယ်ဒီတာချုပ် နန်းဖော့ဂေက ပြောသည်။
ထို့အတူ သတင်းအချက်အလက် အထူးသဖြင့် ပရိတ်သတ်များ ပိုစိတ်ဝင်စားသည့် ရုပ်သံ သတင်းများအတွက် မြေပြင် ဖြစ်ပျက်နေသည့် ရုပ်ကဒ်အသစ်များ ရရှိရေး ပိုပြီးခက်ခဲ့မှုနှင့်အတူ တက်ဖက်မှာလည်း သတင်းဌာန များ ရေရှည်ရပ်တည်ရေးကလည်း ဆိုးရွားသည့် အခြေအနေ ရှိနေကြောင်း ဆိုသည်။
ယင်းကြောင့် “သတင်းမီဒီယာ လုပ်ငန်းက အမျိုးသမီးသတင်းထောက်တွေ အနေနဲ့ အများပြည်သူကို မှန်ကန် တိကျတဲ့ အလုပ်ကို ခံယူချက်၊ ရပ်တည်ချက်နဲ့ လုပ်စေချင်ပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ စွမ်း ဆောင်ရည်တွေကို ဖော်ထုတ်ရေးသားကြဖို့ အမျိုးသမီးသတင်းထောက်တွေရဲ့ တာဝန်ကြီးတစ်ခုပဲ” ဟု နန်းဖော့ဂေက ပြောသည်။
ပြည်ပတွင် နေထိုင်သည့် ရခိုင်သတင်းထောက်အမျိုးသမီးတစ်ဦးကလည်း “ကျမတို့ ရခိုင်သတင်းဌာနတွေမှာ က အမျိုးသမီးသတင်းထောက်တွေ လက်ချိုးရေလို့ရတယ်။ ဒါကို စစ်ကောင်စီက အကုန်သိတယ်။ ဆိုတော့ အခုချိန်မှာ သတင်းထောက်တွေကို အကြံပြုချင်ကတော့ ကိုယ့်ရဲ့လုံခြုံရေးကိုသတိပြုပါ။ လုံခြုံရေးထက် အ ရေးကြီးတာ ဘာမှမရှိဘူး။ အထူးသဖြင့် အမျိုးသမီးသတင်းသမားတွေ သတင်းယူရာမှာ အရာအားလုံးကို သ တိထားကြပါ” ဟု အကြံပြုသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ ကြောင်း International Center for Not-For-Profit Law(ICNL)၏ ၂၀၂၄ မတ်လထုတ် အစီရင်ခံ စာတွင် ဖော်ပြသည်။ ထို့အတူ မြန်မာနိုင်ငံရှိ သတင်းဌာန ၁၀၀ နီးပါးမှ အမျိုးသမီး ၃၁ ဦးအပါဝင် သတင်းသမား ၂၀၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း (ICNL) ကဆိုသည်။ ယင်းအထဲမှ ၁၄၇ ဦးကို ထောင်ဒဏ်ချကာ ပြန် လွှတ်ပေးခဲ့ပြီး ကျန် ၅၉ ဦးကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားကာ သတင်းသမား ၃ ဦးကို သတ်ဖြတ် ခဲ့ကြောင်းသိရသည်။
ယင်းကြောင့် ကုလသမဂ္ဂအပါဝင် သက်ဆိုင်ရာအားလုံးအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လက်ရှိ လှုပ်ရှားမှု၏ အသက်သွေးကြောဖြစ်သော မီဒီယာအခန်းကဏ္ဍမှ ဖမ်းဆီးခံ သတင်းသမားများ လွတ်မြောက် ရေး၊ သတင်း မီဒီယာများ အားကောင်းခိုင်မာလာစေရေးအတွက် ကူညီလုပ်ဆောင်သင့်ကြောင်း (ICNL)က ထောက်ပြသည်။
ထို့အတူ ရခိုင်အမျိုးသမီးအရေး လှုပ်ရှားသူအဖွဲ့အစည်းမှာ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက အခက်အခဲ အကျပ်အတည်းများကြားတွင် နောက်မဆုပ်ဘဲ သတင်းလုပ်ငန်းတာဝန်များကို ဆက်လက်ရုန်း ကန်နေသည့် အမျိုးသမီး သတင်းထောက်များကို ချီးကျူးစကားဆိုသည်။
“ဒီကာလမှာ အသက်အန္တရာယ် စိန်ခေါ်မှုမျိုးစုံကြားက အများအတွက်လုပ်နေတဲ့ အမျိုးသမီးသတင်းထောက် တွေကို ဂုဏ်ယူမိတယ်။ ရခိုင်ပြည်အတွက် သူတို့လို အမှန်တရားဘက် ရပ်တည်တဲ့ အမျိုးသမီး ကောင်းတွေ အများကြီး လိုအပ်ပါတယ်” ဟု ရခိုင်အမျိုးသမီးအရေး လှုပ်ရှားသူ အဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောသည်။
ရခိုင်ဒေသရှိ သတင်းသမားအနေဖြင့် မတရား ဖမ်းဆီးခံရခြင်းအပါအဝင် အခြားလုံခြုံရေးအခက်အခဲများကို ရင်ဆိုင်နေရသဖြင့် သတင်းမီဒီယာ လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် ရှောင်ရှားလာကြကြောင်း ရခိုင် အမျိုးသမီး သတင်းထောက်က ဆိုသည်။
“ရခိုင်မှာ အမျိုးသမီး သတင်းသမားတွေ အရမ်းနည်းတယ်။ အဓိကတော့ လစာနည်းတာတွေ၊ လုံခြုံရေး အရ လည်း စိုးရိမ်ရတော့ မလုပ်ရဲကြဘူး။ ဒါကြောင့် သတင်းလုပ်ငန်းကနေ စွန့်ခွာသွားတဲ့ အမျိုးသမီးတွေလည်းရှိ နေတယ်” ဟု သတင်းထောက်ဟောင်း အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အတူ ရခိုင်တွင် သတင်းဌာနများပြိုကွဲလေ၊ စစ်ကောင်စီ၏ ရာဇတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများ နိုင်သဖြင့် ယခုကာလတွင် သတင်းမီဒီယာများ အားကောင်းလာဖို့နှင့် မျိုးဆက်သစ် အမျိုးသမီးသတင်း ထောက် များလည်း ဖြည့်တင်းရန် လိုအပ်ကြောင်း မီဒီယာအသိုင်းအဝိုင်းက ပြောသည်။
မေသက်ထားဝတီ တစ်ယောက်ကတော့ “စစ်ကောင်စီဖိနှိပ်တိုင်း ကျမတို့ နောက်ဆုပ်သွားရင် ပြည်သူတွေ နစ်နာမယ်။ ဒါ့ကြောင့် အမှန်တရားအတွက် ဝါသနာကို အရင်းခံပြီး ဘယ်လိုပဲ ခက်ခဲပါစေ သတင်းထောက် အလုပ်ကို အမျိုးသားရေး တာဝန်တရပ်အနေနဲ့ ဆက်လုပ်သွားမှာပါ” ဟု ပြောရင်း…။
ယခုဆောင်းပါးကို Western News က ရေးသားသည်။