Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

“ ကျနော်တို့မှာ ရစရာပဲရှိတယ်။ ကိုယ်ရဲ့ရပိုင်ခွင့်ကို သူများဆီက လက်ဖြန့်တောင်းနေမှာ မဟုတ်ဘူး။ တိုက်ယူ မှာ။ စစ်ပွဲမှာ စနေ၊ တနင်္ဂနွေမရှိဘူး ” ဟု AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ပြောခဲ့ဖူးသည်။ ယနေ့တွင်  ရခိုင့်တော်လှန်ရေး စစ်မီးလျှံများတောက်လောင်ဆဲ ဖြစ်ပြီး တစ်ဖက်တွင်လည်း ရခိုင်တို့အတွက် တော်လှန်ရေး အောင်မြင်မှု အသီးအပွင့်များ ဝေဆာလာနေသည်။

မြန်မာ့ တော်လှန်ရေးသမိုင်းတွင် အအောင်မြင်ဆုံးဟု လူတကာ ချီးကျူးထောပနာပြုကြသည့် ၁၀၂၇ စစ်ဆင်ရေး နှင့်အတူ ချိတ်ဆက်ထားသည့် တတိယအကြိမ် တစ်ကျော့ပြန် ရခိုင်ပြည် သိမ်းတိုက်ပွဲကြီးမှာ ယခုအခါ တစ်နှစ်ခန့် ကြာမြင့်လာတော့သည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော ဆိုချက်အရ AA ၏ စစ်ရေး တားဂတ် (Target) ထားရှိမှုမှာ ၁၈ မြို့ ရှိကြောင်းဆိုသည်။  ယင်းကြောင်း ရခိုင်စစ်ပွဲဇုန် မြို့နယ် ၁၈ ခု အနက် ယခုအခါ ၁၂ ခုထက်မနည်းကို အာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားနိုင်သည်။

ချင်းပြည်နယ် ပလက်ဝကနေ ရခိုင်ပြည် ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော (နခခ ၅ တစ်ခုသာကျန်)၊ သံတွဲ၊ ရမ်းဗြဲ၊ မြို့နယ်အားလုံးမှာ စစ်ကောင်စီ ကင်းစင် လွတ်မြောက်နေသည်။ ထို့အတူ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ဂွ၊ ကျောက်ဖြူတို့တွင် မြို့ပေါ်ကလွဲပြီး နယ်မြေအားလုံးမှာ AA ၏ ထိန်းချုပ်မှုအောက်တွင် ရှိနှင့်ပြီးသား မြင်ရသည်။

စစ်မြေပြင် အောင်မြင်မှုတွေကြောင့် စိတ်ကြီးဝင်ပြီး ရန်သူကိုလျှော့မတွက်ဖို့၊ တာဝန်ပေါ့လျော့တာတွေ မဖြစ်ဖို့ လိုတယ် ’’ ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တပ်တောာ်တည်ထောင်မှု ၁၅ နှစ် ပြည့်မိန့်ခွန်းတွင် သတိပေးသည်။

စစ်ရေး အနိုင်အရှုံးကို အကြမ်း တွက်ဆခြင်း

လက်ရှိ ရခိုင်တို့၏ တော်လှန်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုသည် အထွဋ်အထိပ်နေရာသို့ ရောက်နှင့်နေသည်။ ရခိုင်ပြည် တစ်ခုလုံး စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ရမည်ဟု AA က တရားဝင် ကြေညာထားပြီး လက်ကျန် စခန်းများကို အရှိန်မြှင့် တိုက်ထုတ်နေသည်။

ရခိုင့်နိုင်ငံတော် အချုပ်အချာအာဏာ ကျရှုံးသွားသည့် ၁၇၈၄ ခုနှစ် ကစပြီး ရခိုင်တို့သည် စစ်အာဏာရှင်များကို ခေတ်အဆက် ဆက်မျိုးဆက်အလိုက် တော်လှန်ရေး ဆင်နွဲခဲ့ကြသော်လည်း ထင်သလောက် ခရီးမပေါက်ခဲ့ပေ။

ယခုအချိန် ULA/AA  ဦးဆောင်မှုအောက်တွင် ရခိုင်မျိုးဆက်များ စည်းလုံးညီညွတ်မှု၊ နိုင်ငံရေး အသိတရား နိုး ကြားမှု ခိုင်ခိုင်မာမာဖြင့် ရပ်တည်လာနိုင်သည်ကို အထင် အရှားတွေ့ရမည်ပင်။ လေ့လာချက်အရ ရခိုင်ပြည်တွင် စစ်ကောင်စီ အခြေစိုက် တပ်ရင်း၊ ဌာနချုပ်၊ အမြောက်တပ်၊ နယ်ခြားစောင့်၊ ရဲတပ်ရင်း အနည်းဆုံး ၅၄ ခုထက် မနည်းရှိကြောင်း အကြမ်းအဖျင်းအားဖြင့် နားလည်ရသည်။ ယင်းအထဲက ၃၆ ခုကို AA သိမ်းပိုက်ထားပြီး  ၁၈ ခုခန့်သာ ကျန်တော့သည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်၏ သုံးပုံနှစ်ပုံကို AA က ချေမှုန်းထားသည်။ အလားတူ သတ်မှတ် စစ်ပွဲဧရိယာမြို့နယ် ၁၈ ခုထဲက ၁၂ မြို့ကိုရထားပြီးဖြစ်သဖြင့် ရခိုင်ပြည်၏ သုံးပုံနှစ်ပုံမှာ AA လက်ထဲ ကျ ရောက်နေကာ တစ်ပုံသာကျန်တော့ကြောင်း တွက်ဆနိုင်သည်။

ထိုးစစ်ဆင်နေဆဲ မြို့များ

လတ်တလောတွင် AA သည် မောင်တောမြို့ရှိ နောက်ဆုံး လက်ကျန်စခန်းဖြစ်သည့် နခခ ၅ တပ်ရင်းကို  ယခုရက် ပိုင်း ရှော့တိုက်ဒုံး၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြင်းထန်ဆုံးအဆင့် ထိုးစစ်ဆင်နေသည်။ စစ်ကောင်စီကလည်း Jet Fighter၊ Y-12 စသည့် ရှိသမျှ တိုက်လေယာဉ်များဖြင့် နေ့ညမရွေး မနားတမ်း ပစ်ကူပေးနေသည်။

တစ်ဆက်တည်းတွင် ရခိုင်ပြည်၏ အကြီးဆုံးစစ်ကောင်စီ ဌာနချုပ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)တည် ရှိရာ အမ်းမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေသည်။ အမ်းအတွက် အရေးပါသည့် ခံစစ်စခန်းကြီး တောဟိန်းတောင် ဗျူဟာ၊ စေ့ချောင်းဗျူဟာနှင့် မဲတောင်ဗျူဟာကုန်းများကို AA က သိမ်းပိုက်ထားပြီးနောက် လက်ရှိတွင် ခမရ ၃၇၃ နပခ ဌာနချုပ်တို့ကို အရှိန်ဟုန်မြှင့်ထိုးစစ်ဆင်နေသည်။ အမ်းမြို့တွင် စစ်ကောင်စီ၏ နပခ၊ ခမရ  ၃၇၁၊ ခမရ ၃၇၂၊ ခမရ  ၃၇၃ တို့ ရှိသည်။

တစ်ချိုန်တည်းတွင် ဂွတိုက်ပွဲများလည်း တဖြည်းဖြည်း မြို့ပေါ်သို့ ရွေ့လျားနေပြီး လက်ရှိ AA  ၏ ထိုးစစ်များမှာ ဂွမြို့နှင့် ၈ မိုင်ခန့်အကွာ ကြွေချိုင်၊ ဆပ်သွားကျေးရွာ အနီးသို့ ရောက်ရှိနေပြီးဖြစ်သည်။

ထို့အတူ ကြိုကြားတိုက်ပွဲများနှင့် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်တို့တွင် စစ်ရေးတင်းမာနေသည်။ အဆို ပါမြို့များကို AA က ကာလရှည်ကြာ ဝိုင်းရံပိတ်ဆို့ထားနိုင်သည်။ ပင်လယ်ကမ်းခြေမြို့များဖြစ်သော စစ်တွေနှင့် ကျောက်ဖြူမြို့ပေါ်ကို စစ်ကောင်စီက သံဆူးကြိုး ခြံစည်းရိုး အထပ်ထပ်ကာရံထားပြီး မြို့ဝင်/ထွက် နေရာများ တွင် မိုင်းထောင်ထားသည်။

စစ်တွေတွင် ဒကစ ဌာနချုပ်နှင့် အတူ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ တို့ အပြင်အမှတ် ၃၆၊ ၁၂ ရဲတပ်ရင်းတို့ အခြေချထားပြီး ရခိုင်စစ်ပွဲ အနှံ့က ဆုတ်ခွာသွားသည့် စစ်ကောင်စီများအပြင် ပြည်မစစ် သားများဖြင့် အင်အားဖြည့်ထားသည်။

အလားတူ တောင်ကုတ်မြို့အခြေစိုက် အမှတ် ၅  စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အပါဝင် ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တပ်ရင်းများကို ဝန်းရံပိတ်ဆို့ထားပြီး အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်နေကြောင်း AA က အောက်တိုဘာ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းအခြေများကို ကြည့်ခြင်းအားဖြင့် ယခု ပွင့်လင်းရာသီရောက်သည်နှင့်တပြိုင်နက် လက်ကျန်မြို့များကို ပိုပြီး အရှိန် အဟုန်မြင့်ထိုးစစ်ဆင်ပြီး စစ်ရေးပိုမိုပြင်းထန် လာနိုင်ခြေရှိသည်။

AA ၏ စစ်ရေးဖြန့်ကျက် ကစားကွက်

မျက်မှောက် စစ်ပွဲကာလ ၁၂ လနီးပါးအတွင်း AA သည် တစ်လတစ်မြို့နှုန်းဖြင့် ၁၂ မြို့ထိ သိမ်းပိုက်ထားသည်။ စစ်ကစားကွက်များကို လေ့လာရသော် AA သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်က မဟာဗျူဟာ မြောက် အရေးပါသည့် စခန်းများကို သိမ်းပိုက်ပြီး မြောက်မှတောင်သို့ ရွေ့လျားတောင်ပံ့ ဖွင့်ကစားသည်။ ထို့ အတူ ရခိုင်တောင်ပိုင်းကို စိုးမိုးရန်အတွက် ရမ်းဗြဲနှင့် သံတွဲကို ထပ်သိမ်းသည်။

ယင်းကြောင့် ပလက်ဝကနေ ကုလားတန်၊ လေးမြို့မြစ်၊ မေယုမြစ်၊ နတ်မြစ်ဝှမ်းတို့ကို ဝါးမျိုလာသည့် AA ၏ စစ်မျက်နှာသည် ရခိုင်ပြည်ကို ခါးလယ်ကဖြတ်ပြီး ဒေသတစ်ခုလုံးကို စိုးမိုးထားသည်။ သို့သော် တရုတ် အကျိုး စီးပွား ဘီလီယံချီ ရှိသည့် ကျောက်ဖြူမြို့ကို စစ်ရေးအရ သတိထား ချဉ်းကပ်နေသဖြင့် ကျောက်ဖြူမြို့သည် ရခိုင်ပြည် သိမ်းတိုက်ပွဲတွင် နောက်ဆုံး အခြေအနေဟု ခန့်မှန်းနိုင်သည်။

AA စစ်နိုင်ခြင်း အကြောင်းအရင်း

အကြမ်းအားဖြင့် အဓိက အချက် ၃ ခုကို တွေ့ရမည်။ AA ခေါင်းဆောင်များသည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို မျက် ခြည်မပြတ် အကဲခတ်တတ်ခြင်း၊ ခိုင်မာသည့် မဟာမိတ်ဖွဲ့ခြင်းနှင့် ပြည်သူထောက်ခံမှုတို့ ဖြစ်သည်။

AA ခေါင်းဆောင်များသည် စစ်ကောင်စီနှင့် မြန်မာ့နိုင်ငံရေး အပြောင်းလဲ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး မဟာဗျူဟာများ လျှို့ဝှက် တိုက်ကွက်များဖော်သည်။ ဆိုလိုသည်မှာ အာဏာသိမ်းဖြစ်စဉ်တွင် AA ခေါင်းဆောင် များ သည် ရခိုင်ဒေသကို သီးခြားခွဲယူ စောင့်ကြည့်ပြီး စစ်ကောင်စီ အရူးမီးဝိုင်းဖြစ်ချိန်တွင် ရခိုင် ပြည်လုံးကျွတ် စစ်ဆင် ရေးကို ဆင်နွှဲသည်။

ယခုတစ်ကြိမ် ရခိုင် တိုက်ပွဲများသည် ၂၀၁၈၊ ၂၀၂၀၊ ၂၀၂၂ တွင်ဖြစ်ခဲ့သည့် တိုက်ပွဲများနှင့် လုံးဝမတူပေ။ မဟာ မိတ်များ အင်အားအလုံးအရင်း ခေတ်မီ လက်နက်များဖြင့် ဖြန့်ကျက် စစ်ဆင်ခဲ့ ခြင်းဖြစ်သည်။ AA ၏ ပိတ်ဆို့မှု ကြောင့် စစ်ကောင်စီမှာ တပ်ရင်းတစ်ခုကို တိုက်ခိုက်ခံရလျှင် အခြားတပ်ရင်းက မြေပြင် စစ်ကူသွားမပေးနိုင် ထိုင် ကြည့် ရုံမှ တစ်ပါး မရှိခဲ့ပေ။

AA သည် မြန်မာနိုင်ငံအနှံ့ တော်လှန်ရေး အုပ်စုများနှင့် ခိုင်မာသည့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်သည်။ CNF ကလွဲပြီး တော်လှန်ရေးတပ်ဖွဲ့အားလုံးနှင့် ဆက်ဆံရေးကောင်းသည်။ ထို့အတူ AA တပ်ဖွဲ့ဝင်များသည် ကချင်၊ ကရင်၊ ချင်း၊ ရှမ်းမြောက်၊ စစ်ကိုင်း စသည့် နေရာတိုင်းတွင် ဖြန့်ကျက်ပြီး တိုက်ပွဲဝင်ကြသည်။ မဟာမိတ် ခိုင်မာမှုသည် စစ်ရေး၊ နိုင်ငံရေးအရွှေ့ကို များစွာအထောက်ကူ ပြုကြောင်း AA က သက်သေပြသည်။

မဟာမိတ်ဖွဲ့မှုအားကောင်းမှုကို AA ၁၅ နှစ်ပြည့်နေ့တွင် ထင်ရှားစွာမြင်နိုင်သည်။ UWSA၊ NUG အပါအဝင် တော်လှန်ရေးအင်အားစု  ၃၀ ကျော်က ပေးပို့သည့် သဝဏ်လွှာများတွင်တွေ့ နိုင်သည်။ FPNCC၊ BPLA ၊ KNDF၊ မကွေး PDF၊ ချင်းညီနောင် CB တို့နှင့်လည်း နက်ရှိုင်းသည့် ချစ်ကြည်ရင်းနှီးမှု ရှိနေသည်။

“ စစ်တပ်ကို တိုက်ဖို့အတွက် ငါတို့တစ်ဖွဲ့တည်းနဲ့ မရဘူး။ ခိုင်မာတဲ့ မဟာမိတ်လိုတယ် ” ဟု ဗိုလ်ချုပ်ထွန်းမြတ် နိုင်က ထုတ်ပြောဖူးသည်။

ထို့အတူ စစ်ဆင်ရေးနှင့်၊ မဟာဗျူဟာများ ခြေသံလုံပြီး ဆုံးဖြတ်ချက်ပြတ်သားမှုကို တွေ့ရသည်။  AA ခေါင်း ဆောင် များ ခင်းထားသည့် ရက္ခိတလမ်းစဉ်မှာ ရခိုင်ပြည်သူများ ထောက်ခံမှု ယုံကြည်မှု အပြည့် အဝရရှိ ခြင်းလည်း တော်လှန်ရေး အောင်မြင်ရန် အဓိက ဖြစ်ခဲ့သည်ကို မြင်ရသည်။

AA ဖြတ်လျှောက်ရမည့် အထွေထွေအကြပ်အတည်း

စစ်ရေး ရှုံးနိမ့်မှုများနှင့်အတူ အဖျက်အမှောင့်လုပ်ငန်းများကို စစ်ကောင်စီ ဆက်တိုက်လုပ်ခဲ့သည်။ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော၊ ဂွ မြို့နယ်တို့တွင် တံတား ကြီးငယ် ၂၀ ခန့်အထိ စစ် ကောင်စီ ဖျက်ဆီးခဲ့သည်။

ယင်းအထဲက ထင်ရှားသည့် တံတားကြီးများမှာ စစ်တွေမြို့နယ်အဝင် မင်းချောင်တံတား (အမြင့်ကျွန်း)၊ ဘူးသီး တောင်မြို့ဝင် ပန်ဇင်းချောင်း တံတား၊ မြေပုံမြို့နယ် ယောချောင်းတံတား၊ ဂွမြို့နယ် ရတနာမြိုင်(ကုလားပြင်) တံ တားတို့ဖြစ်ပြီး အခြား တံတားငယ်များစွာ ရှိသေးသည်။ အဆိုပါ လုပ်ရပ်များမှာ စစ်ကောင်စီ၏ မစားရသည့် အမဲ သဲနှင့် ပစ်ခဲ့သည့် ဗျူဟာဖြစ်သည်။ ယင်းအကျိုးဆက် ရခိုင်ပြည် ပြန်လည် ထူထောင်ရေးကို အနှောက် အယှက် ဖြစ်စေမည်။

ထို့အပြင် ရခိုင်ပြည်အတွင်း စစ်ရှုံးနေသည့် စစ်ကောင်စီသည် ဘာသာရေးမိုင်းတိုက်ခြင်းနှင့် သွေးထိုးလှုံဆော်ခြင်း လူမျိုးရေး ပဋိပက္ခ ဖြစ်အောင် တမန်ရည်ရွယ်ခြင်းများ ဆက်တိုက် လုပ်ဆောင်ခဲ့သော်လည်း ထိုလုပ်ဆောင်ချက်များမှာ  မအောင်မြင်ခဲ့ပေ။

ပြင်းထန်လှသည့် AA ထိုးစစ်နှင့် အတူ၊ နက်ချအညံ့ခံသူ၊ ကစဉ့်ကလျားဖြင့် ထွက်ပြေးသူ စစ်ကောင်စီ တပ်ဖွဲ့ဝင် များစွာလည်း ရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ် မောင်တော၊ ပလက်ဝ တိုက်ပွဲများ အတွင်း စခန်း စွန့်ခွာ ထွက်ပြေးပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ထံ ထွက်ပြေးခိုလှုံသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်နှင့်ချီ ကို တွေ့ရသည်။ ထို့အတူ လက်နက်ချအညံ့ခံသူ စစ်သုံ့ပန်းတစ်ထောင် ရှိကြောင်း AA က ထုတ်ပြောဖူးသည်။

လတ်တလော ရခိုင်သိမ်းတိုက်ပွဲများအတွင်း AA ဖက်ကလည်း ပေးဆပ်မှုများစွာရှိခဲ့ကြောင်း သိရသည်။ တပ်ဖွဲ့ဝင် များ ကျဆုံး၊ ဒဏ်ရာရမှုများလည်း မြေပြင်တွင် အများအပြား ရှိနေဆဲဖြစ်သည်။ ယင်းကြောင့် တပ်ဖွဲ့ဝင်များမှာ လည်း မကြာမီ စစ်ပန်းလာနိုင်ခြေနှင့် ခဲယမ်းလိုအပ်ချက်လည်း ရှိလာနိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ခန့်မှန်းကြသည်။ ထို့ကြောင့် AA သည် အချိန် တိုတိုအတွင်း မျှော််လင့်ပန်းတိုင်ကို ရောက်အောင် မည်သည့်ပုံစံ ဆက်သွားမည်မှာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။

လက်ရှိ မောင်တော တိုက်ပွဲသည်လည်း အနည်းဆုံး ၇ လခန့်အချိန်ထိ ကြာမြင့်နေဆဲ မြင်ရသည်။ ယင်းသို့ ကြာရ ခြင်းမှာ စစ်ကောင်စီနှင့် ARSA၊ RSO၊ ARA တို့ အင်အားဖြည့် ပူးပေါင်းခုခံမှု၊ မွတ်ဆလင်ပြည်သူ အများစု ရှိနေခြင်း၊ မြေပြင် ရှုပ်ထွေးများကြားတွင် AA ဖက်က ထိန်းသိမ်းချင့်ချိန် စစ်ဆင်နေရသည့် အနေအထားဖြစ်ကြောင်း မြင်နိုင်သည်။

လတ်တလော ဖြေရှင်းရမည့် တာဝန်

တိုက်ပွဲအောင်မြင်မှုများနှင့်အတူ အခြားစာမျက်နှာ တစ်ဖက်တွင် ရခိုင်ပြည်သူတို့၏ အသက်ရှင်ရပ်တည်ရေး၊ လုံ ခြုံရေး၊ ကျန်းမာရေး၊ နေရပ်ပြန်နိုင်ရေး စသည့် လူမှုရေး၊ စီးပွားရေး ကဏ္ဍများကိုလည်း ဖန်တီးပေးရန် ULA/AA တွင် ဝတ္တရား ရှိလာပြန်သည်။

ရခိုင်ပြည်ကို စစ်ကောင်စီက လမ်းခရီး ပိတ်ထားသဖြင့် အခြေခံ စားသောက်ကုန်၊ ပြတ်လပ်မှု၊ ရှားပါးမှု ဈေးမြင့် တက်မှုဒဏ်ကို ပြည်သူများ အလူးအလဲ ခံနေကြရသည်။ နေရပ်စွန့်ခွာနေရသူ ၆ သိန်းကျော်မှာ မလူးသာ မလွန့် သာ အစာရေစာ၊ ငတ်မွတ် ခေါင်းပါးမှု၊ ဆေးဝါးပြတ်လပ်မှု စသည့် ဒုက္ခများစွာဖြင့် ရှိနေရှာသည်။

ထိန်းချုပ်နယ်မြေများတွင် တောင်းရမ်းစားသောက်နေရသူ စစ်ဘေးရှောင်များစွာ မြင်နေရသည်။ ဆေးဝါးပြတ် လပ်ခြင်းကြောင့် နာတာရှည်ရောဂါသည်များနှင့် အရေးပေါ်လူနာများ အသက်သေဆုံးမှုနှုန်းလည်း မြင့်တက် နေပေသည်။ ထို့ပြင် စစ်ကောင်စီသည် ၎င်းတို့ ဆုံးရှုံးခဲ့သည့် နေရာများကို ‘လက်စားချေ ဗုံးမိုးရွာ ’ နေသဖြင့် ပြည်သူ့ အသက်အိုးအိမ်ပျက်စီးမှု၊ သေဆုံး၊ ဒဏ်ရာရမှုများ နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည်။

ယင်းကြောင့် အာဏာရှင်ကို ဖြုတ်ချရန် စစ်ပွဲအောင်နိုင်ရေးကို ဝိုင်းဝန်း ဩဘာပေး ကြသော်လည်း တစ်ဖက်တွင် စစ်ဘေးနွံနစ်နေသော အရပ်သားကို ကယ်တင်ရန်နှင့် အခြေခံ လိုအပ်ချက်များ အမြန်ဆုံးရရှိရန် ULA/AA ကို အား ကိုးတကြီး မျှော်လင့်နေကြသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမူ  “ အရမ်း အခက်ခဲဆုံး အချိန်မှာတောင်မှ ကျနော်တို့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ ဒီအချိန်မှာ မျှော်လင့်ချက်တွေ ပိုပြီးနီးကပ်လာတယ်။ ပီပြင်လာတယ်။ ကျနော်တို့ အရင်ထက် ခွန်အား စိုက်ပြီး အကောင်းဆုံးကြိုးစားနေတယ်” ဟု BBC နှင့် ဖေဖော်ဝါရီ အင်တာဗျူးတွင် ပြောဆိုထားသည်။

ယင်းအပြင် မြန်မာ့နိုင်ငံရေးစစ်ရေး သုံးသပ်သူ ပညာရှင်များ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတဝန်းတွင် ရခိုင်ပြည် သည် စစ်အာဏာရှင်စနစ်ကနေ ပထမဆုံး လွတ်မြောက်တော့မည်ဖြစ်ကြောင်း မှတ်ချက်ပေးထားပြီး AA ၏ လုပ် ရည် ကိုင်ရည်ကို စောင့်ကြည့် ရအုံးမည် ဖြစ်ပေသည်။

ယခုဆောင်းပါးကို Western News က ရေးသားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ