အာရက္ခတပ်တော်၏ ရခိုင်ပြည်သိမ်း တိုက်ပွဲကြီးသည် ယနေ့အခါ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။ တစ်နည်းအားဖြင့် လွတ်လပ်ရေးအထိ ရည်မှန်းနိုင်မည့် လမ်းဆုံလမ်းခွတစ်ခုကို ရောက်နေကြောင်း ဆိုနိုင်သည်။
AA သည် တစ်သွေးတစ်သံ တစ်မိန့်နှင့် တိုက်ခိုက်ရေး မဟာဗျူဟာကောင်းမွန်သည်။ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာ ၁၃ ရက်နေ့ကစတင်ခဲ့သည့် တော်လှန်ရေးခရီး တစ်နှစ် ကျော်ကြာတွင် အံ့ဩလောက်သည့် အောင်မြင်မှုများနှင့်အတူ ယခု တိုက်နေသော တိုက်ပွဲများသည်လည်း စိတ်ဝင် စားမှု အထွတ်အထိပ်သို့ ရောက်ရှိလာသည်။
အာရက္ခတပ်တော် AA သည် တကျော့ပြန်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်း ရခိုင်ပြည်က မြို့နယ် ၁၄ ခုနှင့်ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ရခိုင်ပြည်တွင် စစ်တွေ၊ ကျောက်ဖြူ၊
မာန်အောင်သုံးမြို့သာကျန်တော့ပြီဖြစ်သည်။
ထို့အတူ တငွေ့ငွေ့ဖြင့် အချိန်ယူနေသည့် စစ်တွေတိုက်ပွဲသည် ယခုရက်ပိုင်းတွင် ပြင်းထန်လာနေသည်။
ဤ ဆောင်းပါးတွင် လက်ရှိ စစ်တွေမြို့တွင်း အခြေအနေ၊ စစ်ကောင်စီ ခံစစ်ပြင်ထားမှု၊ စစ်ကောင်စီ
မဟာမိတ် ALP၊ မွတ်ဆလင်အဖွဲ့ ANDF အကြောင်း၊ စီးပွားရေးအကျိုးအမြတ် စသည့် အကြောင်း
အကြောင်းအရာများကို သုံးသပ်ထားသည်။
■ စစ်တွေတိုက်ပွဲ စတင်ခြင်း

AA က ဝိုင်းရံပိတ်ဆို့ထားသည့် ရခိုင်ပြည် မြောက်ပိုင်းရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် စစ်တွေမြို့နယ်ကို ယနေ့တွင် အာရက္ခတပ်တော်က နည်းမျိုးစုံဖြင့် စတင်တိုက်ခိုက်နေသည်။ ၂၀၂၅ နှစ် ဇန်နဝါရီလဆန်းပိုင်းက စတင်လာသည့် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုများရှိနေသည့် ယခု ရက်ပိုင်းတွင် ပိုပြီးထင်သာမြင်သာရှိလာ ခြင်းဖြစ်ပေသည်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့က စစ်တွေမြို့နယ် မြစ်နား၊ မင်းလှကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့သည်။ ယင်းတိုက်ပွဲ အတွင်း ဇော်မတက်ရွာကနေ စစ်ကောင်စီက လက်နက်ကြီးလှမ်းပစ်မှုကြောင့် မင်းလှကျေးရွာတွင် နေအိမ်အများ အပြား မီးလောင်ပြာကျခဲ့ရသည်။
လတ်တလောတွင် ရင်ဆိုင်တိုက်ခိုက်မှု၊ အနီးကပ်ပစ်ခတ်မှု၊ တာဝေး လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသည်။ စစ်တွေမြို့ဝင် တပ်ထိန်းဂိတ်၊ ကျောက်တန်းဂိတ်၊ ဒကစဌာနချုပ် စသည့်နေရာများကို မြေပြင် အနီးဆုံး ချဉ်းကပ် ကာ AA က စနိုက်ပါများဖြင့် ပစ်ခတ်နေပြီး ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်နယ်စပ်တို့ကလည်း လက်နက်ကြီး များ လှမ်းပစ်နေခြင်းဖြစ်သည်။
AA သည် စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိထားသည့် ၁၂၂ မမနှင့် အတွဲလိုက်ဒုံးများ၊ ဟောင်ဝစ်ဇာ အမြောက်များ ရှော့တိုက်ဒုံးများဖြင့် စစ်ကောင်စီကို အနားမပေးဗျူဟာသုံးကာ ပစ်ခတ်နေခြင်းဖြစ်သည်။ စစ်ကောင်စီကလည်း စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ အမှတ် ၁၂ ရဲတပ်ရင်း၊ ဒကစ ဌာနချုပ်နှင့် ရွှေမင်းဂံဆိပ်ကမ်း နေဗီတို့ကနေ လက်နက် ကြီးများ ပစ်ခတ်နေသည်။ ဇန်နဝါရီ ၁၆ ကလည်း စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်တွေမြို့သည် AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်တို့နှင့် ထိစပ်နေသည်။ ပထဝီ အနေအထားရ ပင်လယ်ပြင်၊ မြစ်ချောင်းတို့က ဝိုင်းပတ်ထားသည့် ကျွန်းမြို့ဖြစ်သည်။ AA သည် ရသေ့တောင်၊ ပုဏ္ဏားကျွန်းတို့က တဖြည်းဖြည်း စိမ့်ဝင်လာပြီး၊ စစ်တွေ ဝါဘို၊ တောကန်၊ ကံ့ကော်ကျွန်းနှင့် ပုဏ္ဏာကျွန်းနယ်စပ် ကို ခြေကုတ်ယူထားသည်။
စစ်တွေမြို့နယ်သည် ရခိုင်တွင် တောတောင်လုံးဝ မရှိသည့် တစ်ခုတည်းသော မြေပြန့်ဒေသနှင့် ပင်လယ်ကမ်းစပ် မြို့ ဖြစ်သည်။ ယနေ့တွင် စစ်ကောင်စီသည် စစ်တွေရှိ တပ်ရင်းတပ်ခွဲ၊ ဌာနချုပ်များတွင် အင်အားဖြည့်ကာ နေ ဗီ ၁၀ စီးထက် မနည်းကို မေယုမြစ်ကြောင်းနှင့် ကုလားတန်းမြစ်ဝတို့တွင် ဖြန့်ကျက်ထားသည်။ ယင်းအပြင် စစ်တွေမြို့အဝင်အထွက်နှင့် မြို့ပတ်ပတ်လည်း နေရာများကို မြေမြှုပ်မိုင်းထောင်ထားပြီး သံဆူးကြိုးများဖြင့် ကာရံထားသည်။
■ စစ်ကောင်စီနှင် မဟာမိတ်များ

စစ်တွေစစ်မြေပြင်တွင်အာရက္ခတပ်တော်သည် မြေပြင်ထိုးစစ်နှင့် မြို့ပြတိုက်စစ်ကို အရှိန်ဟုန်ပြင်းပြင်းနှင့် တိုက်ထုတ်ရဖွယ်ရှိပြီး စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေအပြင် ၎င်းတို့ မဟာမိတ်ပူးပေါင်းတပ်များနှင့် ခုခံပြင်ဆင်ထားသည်။
AA ကိုတိုက်ခိုက်ရန် Arakan National Defence Force (ANDF) ဟု အမည်ရ မွတ်ဆလင်လက်နက်ကိုင် သစ်တစ်ဖွဲ့ စစ်တွေကနေ စစ်ကောင်စီက ပွဲထုတ်ပြလာသည်။ မောင်တောမြို့နယ် ကျဆုံးချိန်တွင် တိုက်ဆိုင်စွာ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုအဖွဲ့ကို စစ်ကောင်စီက ကမကထပြုပြီး စစ်တွေတပ်နယ်တွင် စစ်သင်တန်းပေးထားသည်။ ANDF အဖွဲ့ကို RSO အဖွဲ့ခေါင်း ဆောင်ဟောင်း တစ်ဦးဖြစ်သူ ဒေါက်တာအီနစ် ဆိုသူက ဦးဆောင်ကြောင်း စုံစမ်းသိရသည်။ ထိုမှတစ်ခါ စစ်မှုထမ်းဥပဒေဖြင့် လက်နက်ပေးထားသည့် မွတ်ဆလင် ၂၀၀၀ ကျော်လည်း စစ်တွေတပ်ထဲတွင် ရှိနေသည်။ ထိုအချက်ကို ကြည့်လျှင် စစ်တွေတိုက်ပွဲတွင် စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးလာနိုင်သည်။
လက်ရှိတွင်လည်း စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာများတွင် စစ်ကောင်စီသည်
မွတ်ဆလင်အမာခံများကို မွေးမြူထားပြီး AA ၏ မြေပြင်လှုပ်ရှားမှုများနှင့် ပတ်သက်၍
မွတ်ဆင်လင်များက စစ်ကောင်စီကို ထောက်လှမ်းသတင်းပေးခြင်းများ ရှိနေသည်။ မွတ်ဆလင်အားလုံးသည် အတင်းအဓမ္မ သွတ်သွင်းခံရသူများ မဟုတ်သလို မိမိသဘောအရ စစ်ကောင်စီနှင့် ပူး ပေါင်း သူလည်းများစွာ
ရှိကြသည်။ အလားတူ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP အုပ်စုသည်လည်း AA ၏ မြေပြင်သတင်းများကို ရရာနည်း ဖြင့်
စစ်ကောင်စီထံပေးနေ သဖြင့် AA ဘက်ကလည်း ဂရုစိုက်ရမည့် အနေအထားရှိဖြစ်နေသည်။
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် အကျဥ်းကျခံနေရသော မွတ်ဆလင် ၉၀၀ ကျော်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က လွှတ်ပေးပြီး စစ်တွေမြို့သို့ ပို့ဆောင်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များ ကွန်ရက် (PPNM) က ထုတ်ပြန်သည်။ အဆိုပါ အကျဥ်းသားများသည် နယ်စပ်ဖြတ်ကျော်ကိစ္စများဖြင့် အာဏာသိမ်း ပြီးနောက်ပြီး ဖမ်းဆီးခံထားရ သူများ ဖြစ်ပြီး ယင်းအထဲက အမျိုး သား ၅၀၀ ကျော်ကို စစ်မှုထမ်း ဥပဒေဖြင့် စစ်တွေ စစ်ပွဲတွေမှာ အသုံးချနိုင်ကြောင်း (PPNM) က သုံးသပ်ထားသည်။

စစ်ကောင်စီသည် ခေတ်အဆက်ဆက်တွင် ရခိုင်နှင့် မွတ်စလင်များကြား သွေးခွဲရန်တိုက်၍ ရခိုင်ကို အုပ်ချုပ်ခဲ့ သည်။ မကြာခဏ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို ဖန်တီးခဲ့သည်။ ဘူးသီးတောင်၊ မောင်တောတိုက်ပွဲတွင်လည်း ARSA၊ RSO၊ ARA တို့နှင့် ပူးပေါင်းကာ AA ကို တိုက်ခိုက်ခဲ့သည်။
ယင်းမှတစ်ခါ စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အုပ်စုလည်း ရှိနေသည်။ ALP သည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်တွေမြို့တွင်း၌ လုံခြုံရေး ကင်းလှည့်မှုများကို ပူးတွဲလုပ်သည်။ ပြီးခဲ့သည့် မေလ ကုန်ပိုင်းက စစ်တွေမြို့စွန် ဗျိုင်းဖြူရွာကို ဝိုင်းရံပိတ်ဆို့၍ ရွာသားများကို သတ်ဖြတ်ခဲ့ရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းပါဝင်ခဲ့သည်။
ALP ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်က ရခိုင်တိုက်ပွဲများအကြား စစ်တွေမြို့တွင် စစ်ရေးအသင့် ပြင်ဆင်ထားကြောင်း ၂၀၂၄ ဇွန်လအတွင်း သတင်းမီဒီယာတွင် ပြောဆိုခဲ့သည်။ ဌာနချုပ်ကိုလည်း စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် (နာဇီရွာ) တွင် အခြေစိုက်ပြီး မြို့တွင်းနေ ပြည်သူများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခြင်းများ ပြုလုပ်သည်။ ယင်းကြောင့် စစ်တွေတိုက်ပွဲသည် စစ်ကောင်စီနှင့် ပူးပေါင်း မဟာမိတ်တပ်များဖြစ်သော ALP၊ မွတ်ဆလင်ပြည်သူ့စစ်၊ ANDF အုပ်စုတို့ကိုပါ AA က တိုက်ထုတ်ရမည်ဖြစ်သည်။
■ မြို့တွင်း အခြေအနေ

၂၀၁၉ ထွေအုပ်စာရင်းများအရ စစ်တွေမြို့နယ်တွင် မြို့ပေါ် ရပ်ကွက် ၃၃ ခု၊ နယ်ကျေးရွာအုပ်စု ၂၇ ခုနှင့် ကျေးရွာ ပေါင်း ၈၈ ရွာ၊ မြို့နယ်လူဦးရေ သုံး သိန်းကျော် ကျော်နေထိုင်သည်။
စစ်တွေမြို့တွင် စစ်ဘေးရှောင်နှင့် ပိတ်မိနေသူမြို့ခံအများအပြားရှိနေသေးသည်။ ရခိုင်မြို့သိမ်းတိုက်ပွဲများ ပြင်းထန်ချိန်မှ စတင်ပြီး စစ်တွေမြို့ခံများမှာ ရရာနည်းဖြင့် တိမ်းရှောင်ကြသူများ ရှိသော်လည်း ငွေကြေး၊ လမ်းခရီး အဆင်မပြေမှု စသည့် အကြောင်းအမျိုးမျိုးဖြင့် ထွက်မရောက်ဘဲ ပိတ်မိနေသူများလည်း အများအပြားရှိနေသည်။ ထို့အတူ စစ်တွေမြို့နယ် ရခိုင်ကျေးရွာ ၂၀ ကျော်က ဒေသခံများကို ၂၀၂၄ ဇွန်လ နောက်ပိုင်းတွင်စစ်ကောင်စီက အတင်းအဓမ္မ နှင်ထုတ်ခဲ့ပြီး မြို့တွင်း၌ လူသားဒိုင်းသဖွယ် ပိတ်လှောင်ထားသည်။
အမြင့်ကျွန်း၊ ချီလည်ပင်း၊ ပလ္လင်ပြင်၊ အောင်တိုင်၊ အုန်းရေဖော်၊ ကျက်တောပြင်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း၊ ကြွီတဲ၊ သင်းပုန်းတန်း၊ မောင်နီပြင်၊ ဗျိုင်းဖြူရွာ(ဆတ်ရိုးကျ)၊ ကျေးတော၊ ရွှေပြည်သာ၊ ပါဒလိပ်၊ ကျောက်တန်း ကြီး၊ ကျောက်တန်းချေ၊ ကျားမသောက်၊ သိန်းတန်၊ နာရီကန် စသည့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ တစ်သောင်းခန့်မှာ စစ်တွေမြိုအတွင်း ဘုန်းတော်ကြီးကျောင်း ၅၃ ခုတွင် ခိုလှုံနေကြရသည်။
ထိုစစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာနှင့် အခြားအကူအညီများ အရေးတကြီးလိုအပ်နေကြသည်။ စစ်ကောင်စီ သည် မြို့နယ်အနှံ့ရှိ မွတ်ဆလင်ရွာများကလွဲ၍ ရှိသမျှ ရခိုင်ကျေးရွာသားများကို နှင်ထုတ်ထားခြင်းဖြစ်သည်။
လက်ရှိတိုက်ပွဲများကြောင့် မြို့ခံအားလုံးမှာ စိုးရိမ်မှုမြင့်တက်နေကြသည်။ ယခုအခါ ငွေကြေးတတ်နိုင်သူ တစ်ချို့မှာ ရန်ကုန်သို့ လေကြောင်းဖြင့် ရှောင်တိမ်းကြပြီး တစ်ချို့မှာ သွားစရာနေရာ မရှိကြပေ။ ထို့အတူ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် မြို့ထဲလူမရှိသည့် နေအိမ်များကို ဖောက်ထွင်းပြီး နေအိမ်များကို ဖြိုဖျက်ကာ ထင်း အသုံးပြုရန် ရောင်းစားနေကြသည်။
■ စီးပွားရေး အကျိုးအမြတ်များ

ကုလားတန်မြစ်ဝနှင့် မေယုမြစ်ဝ၊ ဘင်္ဂလားပင်လယ်ကမ်းစပ်တွင် တည်ထားသည့် စစ်တွေသည် အချက်အချာကျသည့် စီးပွားရေးမြို့တော်ဖြစ်သည်။ ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းများဖြင့် ရခိုင်ပြည်အနှံ့နှင့် ပြည်မဘက်ကို ချိတ်ဆက်ပေးသည်။ ယင်းအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှု အိန္ဒိယ ကုလားတန် စီမံကိန်း၊ ကိုးရီးယာ BXT ဆိပ်ကမ်း အိမ်ရာစီမံကိန်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးတို့ ရှိနေပြန်သည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ရှိ ကုန်းတွင်းပိတ် ဒေသများအတွက် ပင်လယ်ထွက်ပေါက်ဖြစ်သည်။ ထိုစီမံကိန်းကို အိန္ဒိယနှင့် မြန်မာအစိုရတို့ ၂၀၀၈ ခုနှစ်က သဘောတူ လက်မှတ်ရေး ထိုးခဲ့ပြီး အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံထားသည်။
ထိုစီမံကိန်းတွင် စစ်တွေဆိပ်ကမ်း၊ ကျောက်တော်၊ ပလက်ဝ ဆိပ်ကမ်း၊ ကုလားတန်မြစ်ကူးတံတားနှင့် ပလက်ဝ-မီဇိုရမ် ကားလမ်းများ ပါဝင်သည်။ ထိုစီမံကိန်းသည် အိန္ဒိယအတွက် လိုအပ်သည့် ကုန်ပစ္စည်းများကို စစ်တွေမှ တစ်ဆင့် ပလက်ဝကို ဖြတ်ပြီး ရေလမ်း၊ ကုန်းလမ်းမှတစ်ဆင့် သယ်ယူရေးဖြစ်သည်။
ယနေ့အခါ စစ်တွေတွင် နိုင်ငံတကာ အဆင့်မီ အိန္ဒိယ ရေနက်ဆိပ်ကမ်းကို တည်ဆောက်ပြီးစီးထားသည်။ စစ်တွေ ကနေ ပလက်ဝသို့ ရေကြောင်း၊ ပလက်ဝကနေ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်သို့ ကားလမ်းဖြင့် သွား၍ ရပြီဖြစ် သော်လည်း လုပ်ငန်းများ မစတင်ရသေးပေ။ တစ်ဖက်တွင်လည်း ယနေ့အချိန်တွင် စစ်တွေကလွဲ၍ ကျန်နယ်အားလုံး ကို AA ကထိန်းချုပ်ထားပြီသားဖြစ်သည်။
ထို့အတူ ကိုးရီးယာနိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် BXT မြို့သစ်စီမံကိန်းလည်း တဝက်တပျက်နှင့် ရှိနေသည်။ ကုလားတန်မြစ်ကမ်းစပ်တွင် အကောင်ထည်ဖော်ထားသည့် မြို့သစ်စီမံကိန်း ကို ရခိုင်ပြည်နယ်အစိုးရနှင့် BXT International Co., Ltd ကိုရီးယားကုမ္ပဏီတို့က ၂၀၁၅ ခုနှစ်က စတင်၍ အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့သည်။ ဧက (၉၀) ခန့် အကျယ်အဝန်းရှိပြီး နိုင်ငံတကာအဆင့်မီ စီမံကိန်းဖြစ်သည်။
စစ်တွေကမ်းနား မြို့သစ် စီမံကိန်း SITTWE WATERFRONT NEW CITY PROJECT တွင် လူနေအိမ်ရာများ၊ ကုန် သွယ် ရေးနေရာများ၊ ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းစဉ်များ ၊ စက်မှုလုပ်ငန်းများနှင့် အနားယူ အပန်းဖြေမှု များကို တစ်စုတစ်စည်းထဲ ပေါင်းစည်း ထားသည်။ ထို့အတူ လက်လီလက္ကား ဈေးကွက်၊ စုပေါင်းအိမ်ရာ၊ အဆင့်မြင့် ကွန်ဒို၊ ဂိုဒေါင်နှင့် ပို့ဆောင်ရေး ဆိုင်ရာ ဝန်ဆောင်မှု၊ ကုန်သွယ်မှု၊ လုပ်ငန်းတို့ပါဝင်သည်။
စစ်တွေသည် နယ်စပ်ကုန်သွယ်ရေး မြို့တော်လည်းဖြစ်ပြီး အာဏာပိုင်များအတွက် အခွန် ဒေါ်လာများစွာ နေ့စဉ် ရှာပေးနေသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သော စစ်တွေ ရွှေမင်းဂံ နယ်စပ် ကုန်သွယ်ရေး စခန်း ကနေ ၂၀၂၂ခုနှစ် ဧပြီလအတွင်း ဒေါ်လာသုံးသန်းနီးပါး ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း ရခိုင် ပြည်နယ် ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း စာရင်းတွင်တွေ့ရသည်။
စစ်တွေကုန်သွယ်ရေးစခန်းမှ ကုန်မျိုးစုံတန်ချိန် ၄၃၆၆ တန် (ဒေါ်လာ ၀ ဒသမ ၉၉ သန်း) တင်ပို့ခဲ့ပြီး သွင်းကုန် တီရှပ် ဒေါ်လာ ၀ ဒသမ ၀၀၁၀၅ သန်းဖိုး တင်သွင်းခဲ့ကြောင်းသိရသည်။ သို့သော် စစ်ရေးပဋိပက္ခများကြောင့် ယနေ့တွင် ရပ်နားထားရသည်။
■ စစ်တွေ ဘယ်ထိ အရေးပါလဲ

စစ်တွေတွင် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (ဒကစ) စစ်တွေ၊ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ ၊ အင်ဂျင်နီယာတပ် အပါအဝင် အမြောက်တပ်၊ ရဲတပ်ရင်း ၁၀ ခုထက် မနည်းရှိနေသည်။ ထို့အတူ နပခ တိုင်းမှူးနှင့် ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ်များနေထိုင်ရာ နေရာလည်းဖြစ်သည်။ ရေတပ်အင်အား ကောင်းပြီး လက်နက်ကြီး၊ လေကြောင်း ဂရုပြုရဖွယ်ရှိသည်။
အကယ်၍ စစ်ကောင်စီသည် စစ်တွေတိုက်ပွဲ အရေးနိမ့်ခဲ့သော် AA သည် ပထမဆုံး ပြည်နယ်မြို့တော်ကို သိမ်း ပိုက်နိုင်သည့် မြန်မာ့ EAO တပ်ဖြစ်လာတော့မည်။ ထို့အတူ မြို့တော်ကျဆုံးခြင်းသည်ပင်လျှင် တိုင်းပြည် ကျဆုံးခြင်း ဖြစ်သည်။
ယင်းကြောင့် စစ်တွေမြို့ AA လက်ထဲ ကျရောက်ခဲ့သော် စစ်ကောင်စီ၏ နိုင်ငံရေး၊ စစ်ရေး ဂုဏ်သိက္ခာ ရစရာ မရှိနိုင်တော့ပေ။ နိုင်ငံတာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများလည်း ဆုံးရှုံးမည်။ ထို့အတူ ရခိုင်ပြည်သူတို့၏ နှစ် ပေါင်း ၂၄၀ ကျော် အိပ်မက် လွတ်လပ်ရေးအထိ အာရက္ခတပ်တော်က ကြေညာရန် အခွင့်အလမ်း ရှိလာပေမည်။
အာရက္ခတပ်တော်သည် ယခုအခါ စစ်တွေမြို့သိမ်းတိုက်ပွဲအတွက် ကောင်းမွန်သည့် မဟာဗျူဟာ၊ နည်းဗျူဟာ၊ စစ်သေနင်္ဂ အတတ်ပညာများကို ချမှတ်ကာ ကြိုတင်ပြင်ဆင်နေပြီဖြစ်သည်။ ထိုးစစ် အတွက် အကွာအဝေး အတိုင်း အတာ၊ လိုအပ်ချက် အရေအတွက်၊ စစ်အာင်အား ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်၊ အင်အားနှိုင်းယှဉ်ချက်၊ မြေပြင် အားသာချက် အားနည်းချက်များကို ဖော်ထုတ်ခြင်းကို လုပ်ထားသည်။
ယင်းကြောင့် စစ်တွေတိုက်ပွဲသည် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ တောတောင်မရှိဘဲ သတ်ကွင်းထောင် ချောက် မျိုးစုံးဖြင့် ခံစစ်လုပ်ထားသည့် မောင်တော နခခ ၅ မြေပြန့်တိုက်ပွဲကြီး၊ ခက်ခဲ့လှသည့် သံတွဲ မောင်ရွှေလေးရေတပ်၊ အမ်း နပခတို့ကို အနိုင်တိုက်နိုင်သည့် အာရက္ခတပ်တော် AA၏ တိုက်စွမ်းရည်မှာ စစ်တွေ စစ်မြေ ပြင်တွင် ယင်းထက် ထင်ရှားလာနိုင်ပေသည်။
ခြုံငုံရလျှင် အာရက္ခတပ်တော်၏ ရခိုင်ပြည်သိမ်း တိုက်ပွဲကြီးသည် ယနေ့အခါ နောက်ဆုံးအဆင့်သို့ ရောက်လာ သည်။ ထို့အတူ လွတ်လပ်ရေးအထိ ရည်မှန်းနိုင်မည့် စာမေးပွဲကြီးကို အိမ်စာကျေညက်ထားသည့် အာရက္ခတပ်တော်၏ စစ်ပါရဂူ၊ စစ်သူကြီးများ၏ ခွန်အား၊ ဉာဏ်အားကို စောင့်ကြည့်ရဦးမည်ပင်။