ကမ္ဘာ့သမိုင်းတစ်လျှောက် အဖိနှိပ်ခံလူတန်းစားများမှာ ၎င်းတို့၏အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် တော်လှန်ရေး တစ်ရပ်ကိုအမြဲဆင်နွှဲကြရလေ့ရှိတတ်သည်။ မျက်မှောက်ခေတ်တွင်လည်း ထိုကဲ့သို့ပုံစံတူ တော်လှန်ရေးများ ဆက်လက်ပေါ်ပေါက်လျှက်ရှိနေကြဆဲပင်။ ရခိုင်ပြည်၌ လက်ရှိကြုံနေရသည့် တိုက်ပွဲများမှာလည်း အဖိနှိပ်ခံရမှုများမှ ပေါ်ပေါက်လာခဲ့သည့် တော်လှန်ရေးတိုက်ပွဲများပင်ဖြစ်သည်။
လက်ရှိတွင် တော်လှန်ရေးအားဦးဆောင်နေသည့် အာရက္ခတပ်တော် AA မှာ တချို့တစ်ဝက်သော စစ်ရေးအောင်မြင်မှုများကို ရရှိထားပြီးဖြစ်သည်။ အဆိုပါ စစ်ရေးအောင်မြင်မှုများနှင့်အတူ ပူးတွဲရရှိလာသည့် ရလဒ်များလည်းရှိနေပြီး အဆိုပါရလဒ်များကို ပြည်သူများအနေဖြင့် ခံစားကြရသည်များလည်းရှိကာ ခံစားခွင့်မရကြသည်များလည်း ရှိနေသည်။
တော်လှန်ရေးတစ်ရပ် အောင်မြင်နိုင်ရေးမှာလည်း ဒေသနေလူထု၏ ပူးပေါင်းပါဝင်နိုင်မှုနှင့် ခံနိုင်ရည်ရှိမှုတို့မှာ အဓိကကျသည့် အချက်ထဲတွင် ပါဝင်နေသည်။ ယင်းအပြင် လုပ်ပိုင်ခွင့်ရှိသူများ၏ ပြည်သူအပေါ် စိတ်စေတနာထားရှိမှု အတိုင်းတာမှာလည်း အရေးပါသည်။ အဆိုပါအခြေနေအရပ်ရပ်တို့မှာ တော်လှန်ရေးဆင်နွှဲလျှက်ရှိနေသည့် ရခိုင်ဒေသတွင် မည်ကဲ့သို့ ဖြစ်ပေါ်လျှက်ရှိနေသည်ကို ဤဆောင်းပါးတွင် လက်လှမ်း မီသလောက် ရေးသားဖော်ပြလိုသည်။
■ အုပ်ချုပ်မှု နှစ်ခုကြားက ကွဲပြားမှုများ
ရခိုင်ဒေသ၏ လက်ရှိအခြေနေမှာ စစ်ကောင်စီထိန်းချုပ်ဒေသနှင့် အာရက္ခတပ်တော် AA ထိန်းချုပ်ဒေသဟူ၍ နှစ်မျိုးရှိနေပြီး အုပ်ချုပ်သူနှစ်ရပ်အပေါ်လိုက်၍ အခြေနေများမှာလည်း ကွဲပြားမှုရှိနေသည်။
AA ထိန်းချုပ်ရာ မြို့နယ်များဖြစ်သည့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ ပလက်ဝနှင့် စစ်ကောင်စီ ထိန်းချုပ်မြို့နယ်များဖြစ်သည့် စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွ၊ နှစ်ဖက်စစ်ရေးတင်းမာနေသည့် မောင်တော၊ သံတွဲ စသည့်မြို့နယ်များမှာ လှုမှုစီးပွားရေးလည်ပတ်မှု၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် အခွင့်ရေးအခွင့်လမ်းရရှိမှုများမှာ ကွဲပြားပြီး တူညီသည်များလည်း ရှိနေသည်။
ကွဲပြားချက်များအနေဖြင့် AA ထိန်းချုပ်ရာမြို့နယ်များတွင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကို စစ်ကောင်စီထိန်းချုပ်ရာမြို့နယ်များထက် ပို၍ခံစားခွင့်ရကြသည်။ ပြည်သူများမှာ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် ရကြသည်။ စစ်ကောက်စီတပ်၏ လေကြောင်း အန္တရာယ်မှလွဲလျှင် အကြောက်အလန့်ကင်းစွာ နေထိုင်နိုင်ကြသည်။
စစ်ကောင်စီထိန်းချုပ်ဒေသများတွင်မူ အဆိုပါ အခြေအနေများနှင့် ကွဲပြားနေသည်။ ဒေသခံများမှာ သံသယဖြင့် နေ့စဉ်ဖမ်းဆီးခံနေကြရသည်။ လွတ်လပ်စွာ သွားလာခွင့်မရကြဘဲ ထိတ်လန့် ကြောက်ရွံ့စွာ နေထိုင်ကြရသည်။ စစ်ကောင်စီတပ်မှာ ၎င်းတို့ထိန်းချုပ်ရာဒေသများရှိ ပြည်သူများကို အကြောက်တရားဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်ရန် မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းဥစ္စာများအား မတရားရယူခြင်း စသည့် နည်းလမ်းများဖြင့် လုပ်ဆောင်လျှက်ရှိနေသည်။ ထိုကဲ့သို့သော အခြေနေများကို စစ်တွေမြို့နယ်မှဒေသခံများ အဓိက ခံစားနေကြရသည်။
ထိုကဲ့သို့ ကွဲပြားမှုအပြင် တူညီချက်များလည်း ရှိနေသည်ဆိုသည့်အတိုင်း လူမှုစီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်အရာများ လည်ပတ်နိုင်မှုမှာ တူညီနေသည်ကို တွေ့ရသည်။ စာသင်ကျောင်းများပိတ်ထားရသည်။ ကုန်စည်လမ်းကြောင်းများ အဆင်မပြေမှုကြောင့် ကုန်စျေးနှုန်းများ အဆမတန်မြင့်နေသည်။ ဆေးရုံဆေးခန်းများ လည်ပတ်နိုင်မှုနည်းပြီး ဆေးဝါးများ ပြတ်လပ်နေသည်။
ဖော်ပြပါ အချက်လက်များမှာ အချက်လက်အားဖြင့် တူညီနေသော်လည်း ဖြစ်ပေါ်နေသည့် အကြောင်းရင်းများမှာ အနည်းငယ်ကွဲပြားမှု ရှိနေကြောင်း တွေ့ရသည်။
■ စစ်ကောင်စီ ထိန်းချုပ်နယ်မြေထဲက ကျန်းမာရေး
အချက်တစ်ခုအနေဖြင့် ကျန်းမာရေးတွင်ဖြစ်သည်။ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးနေရခြင်းမှာ စစ်ကောင်စီတပ်မှ ပိတ်ဆို့ကန့် သတ်ထားချက်များကြောင့် ဖြစ်သည်။
စစ်ကောင်စီတပ်သည် ၎င်းတို့ ထိန်းချုပ်လျှက်ရှိနေသည့် ရခိုင်ပြည်အတွင်း မြို့နယ်များသို့ ဆေးဝါးများ သယ်ယူခွင့်ကို တင်းကျပ်စွာ ကန့်သတ်ထားခြင်းဖြစ်သည်။ မြို့နယ်အချို့တွင်မူ ကျန်းမာရေးဌာနဆိုင်ရာများ လည်ပတ်မှု ရှိနေသေးသော်လည်း ထိရောက်မှု အလွန်နည်းပါးနေသည်။ ဤသည်မှာ စစ်ကောင်စီ ထိန်းချုပ်ရာမြို့နယ်များ၏ ကျန်းမာရေးဆိုင်ရာ ကဏ္ဍအချို့ဖြစ်သည်။
■ AA ထိန်းချုပ်နယ်မြေထဲက ကျန်းမာရေး
အာရက္ခတပ်တော် AA ၏ ထိန်းချုပ်နယ်မြေများတွင်မူ စစ်ကောင်စီတပ်မှ လမ်းကြောင်း ပိတ်ဆို့ထားခြင်းကြောင့် ပြည်မနှင့်ဆက်သွယ်သည့် ကုန်စည်လမ်းကြောင်းကို အသုံးပြုမရ၍ ဆေးဝါးများပြတ်လပ်နေခြင်း ဖြစ်သည်ဟုဆိုနိုင်သည်။
သို့သော် ဤအချက်မှာ ယေဘုယျဆန်သည်။ AA အနေဖြင့် ရခိုင်မြောက်ပိုင်း မြို့နယ်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကုန်စည်လမ်းကြောင်းတစ်ခုကို ချမှတ်ပေးထားမှု ရှိသည်။ ယင်းမှာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ရေလမ်းကြောင်းဖြင့် ကုန်စည်များ တင်သွင်းခြင်းဖြစ်သည်။ အဆိုပါ ကုန်စည်လမ်းကြောင်းကို အသုံးပြုသွားလာကြသည့် ကုန်သည်များထံမှလည်း အခွန်အနေဖြင့် သယ်ယူလာသည့် ကုန်စည်တန်ဖိုး၏ ၃ ရာခိုင်နှုန်းခန့်ကို ULA/AA က ကောက်ခံနေသည်။
ထိုကဲ့သို့ အခွန်အခများပေးဆောင်၍ သွားလာကြရသည့် ကုန်စည်လမ်းကြောင်းမှာလည်း လမ်းခရီး ဖြောင့်ဖြူးမှုမရှိခြင်း၊ အိန္ဒိယ မီဇိုရမ်ဘက်မှ ကုန်ပစ္စည်းများ ချယူရာတွင် အိန္ဒိယအာဏာပိုင်များနှင့် မီဇိုရမ်လူငယ်များ၏ ကန့်သတ်ချက်များကြောင့် ကုန်ပစ္စည်းများ လိုအပ်သလောက်နှင့် အလွယ်တူ မသယ်ယူနိုင်ခြင်း စသည့် အခက် ခဲများရှိနေရာ ရခိုင်ပြည်ထဲသို့ ဝင်ရောက်လာသည့် ကုန်စည်စျေးနှုန်းများမှာ လျော့ကျလာခြင်းမရှိဘဲ စျေးအဆမတန်မြင့်တက်လာလျှက်သာ ရှိနေသည်။
ထိုအထဲတွင် ဆေးဝါးများ အဓိက ပါဝင်သည်။ လက်ရှိ ရခိုင်ပြည်အတွင်း ဆေးဝါးများပြတ်လပ်နေပြီး ပြည်သူများ၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရသည်။ ကျန်ရှိနေသေးသည့် ဆေးဝါးများ၏ စျေးနှုန်းမှာလည်း ၃ ဆမှ ၈ ခန့်အထိ မြင့်တက်နေသည်။
ဤနေရာတွင် အာရက္ခတပ်တော် AA အနေဖြင့် မိမိတို့ ထိန်းချုပ်ဒေသများသို့ ဆေးဝါးများ စုံလင်စွာ တင်သွင်းနိုင်ရေးနှင့် စျေးနှုန်းကျဆင်းရေးအတွက် လုပ်ဆောင်ပေးရမည်ဖြစ်သည်။ AA ထိန်းချုပ်နယ်မြေများက ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးခံစားရသည်မှာ ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီ ထိန်းချုပ်ရာဒေသများနည်းတူ ဖြစ်နေကြောင်း တွေ့ရသည်။
AA က မိမိတို့ ထိန်းချုပ်ရာမြို့နယ်များတွင် ကျန်းမာရေးဝန်ဆောင်မှုများ လည်ပတ်နိုင်ရေးကို ကြိုးပမ်းနေသော်လည်း ဝန်ထမ်းအင်အား နည်းပါးပြီး ဆေးပစ္စည်းနှင့် ဆရာဝန်၊ သူနာပြု စုံလင်မှုမရှိသည့် ဆေးရုံဆေးခန်း အများအပြားရှိနေသေးသည်။
ထိန်းချုပ်ဒေသမှ ကျန်းမာရေးဝန်ထမ်းများမှ ကျေးလက်ဒေသအချို့သို့ ကွင်းဆင်းကာ ဆေးဝါးအချို့ အခမဲ့ ထောက်ပံ့ပေးနေသော်လည်း ဆေးဝါးပြတ်လပ်ပြီး အသက်အန္တရာယ်ထိခိုက်မှုအထိ ကြုံနေရသည့် HIV လူနာများကိုမူ လျစ်လျူရှုထားသေးကြောင်း တွေ့ရသည်။
နောက်ထပ်အနေဖြင့် ယခင် စစ်ကောင်စီလက်ထက်က ကျန်းမာရေးဝန်ထမ်းများအား ဆေးဝါးများ ရောင်းချပေးခြင်း ဖြစ်သည်။ ဤနည်းမှာ ဆေးဝါးလိုအပ်ချက်နှင့် စျေးနှုန်းမြင့်မားမှုကို ထိန်းချုပ်နိုင်မည့် နည်းလမ်းဖြစ်သော်လည်း ရောင်းချလာသည့် ဆေးဝါးများမှာ ပြင်ပစျေးနှုန်းထက် ပိုမြင့်နေသည့်အတွက် စီးပွားရေးဆန်သွားသည်မှာ အနည်းငယ်ဆိုးရွားသည်။
■ စစ်ပွဲကြား ပညာနို့ရည် ငတ်သွားကြသည့် ရခိုင်ကလေးငယ်များ
ပညာရေးနှင့် ပတ်သက်၍ AA ထိန်းချုပ်ရာ မြို့နယ်များတွင် စာသင်ကျောင်းများအားလုံး ပိတ်ထားကြပြီး ကျောင်းနေအရွယ် ကလေးငယ်များမှာ ကျူရှင်စနစ်ကိုသာအဓိက အားထားကာ ပညာသင်ယူနေကြရသည်။ အထက်တန်းအဆင့် ပညာသင်ယူနေသည့် ကျောင်းသားများထဲမှ အချို့မှာမူ ပြည်မဘက်သို့သွားကာ ပညာသင်ကြားနိုင်ရေး စီစဉ်လျှက်ရှိနေကြပြီး တချို့မှာလည်း ပြည်မရှိ စာသင်ကျောင်းများတွင် ပညာသင်ကြား နေကြပြီဖြစ်သည်။
ဤနေရာတွင် ကျောင်းနေအရွယ် ကလေးငယ်များ ပညာသင်ကြားနိုင်ရေးနှင့်ပတ်သက်၍ AA အနေဖြင့် ထိရောက်သည့် လုပ်ဆောင်ချက်များ ရှိမလာခဲ့ပေ။ ပညာရေးနှင့် ပတ်သက်၍ လှုပ်ရှားအကောင်ထည်ဖော်မှုများ ရှိမလာသေးခြင်းမှာလည်း ဒေသမတည်ငြိမ်သည့် အခြေနေများကြောင့် ဖြစ်နိုင်သည်။ နေ့စဉ်နှင့်အမျှ လေကြောင်းအန္တရာယ် စိုးရိမ်နေကြရသည့် အခြေအနေမျိုးတွင် စာသင်ကျောင်းများအားလုံး ပုံမှန်ဖွင့်လှစ်ရေးမှာ မလွယ်ကူသည့် ကိစ္စဖြစ်သည်။
သို့သော် တော်လှန်ရေးကာလတစ်လျှောက်လုံး ကျောင်းနေအရွယ် ကလေးငယ်များပညာသင်ကြားခွင့် ဆုံးရှုံးနေရမည်ဆိုလျှင် ရလဒ်အနေဖြင့် ကောင်းမည်မဟုတ်ပေ။
စစ်ကောင်စီ ထိန်းချုပ်မြို့နယ်များတွင်မူ ပညာရေးနှင့်ပတ်သက်၍ ရှင်းလင်းသည်။ ကျောင်းဖွင့်ချိန်တွင် ကျောင်းများကို ပုံမှန်ဖွင့်ခဲ့သည်။ သို့သော် မတည်ငြိမ်သည့်အခြေနေများကြောင့် ကျောင်းတက်ရောက်သူ နည်းပါးခဲ့ပြီး စစ်ရေးပြင်းထန်သည့်မြို့နယ်များတွင်ဆိုလျှင် စာသင်ကျောင်းများ အားလုံးပိတ်ထားကြရသည်။
■ အလုပ်မရှိ၍ ငတ်လုနီးပါးဖြစ်နေသော ရခိုင်ပြည်သူများ
နှိုင်းယှဉ်ချက် အပိုင်းတွင် နောက်ဆုံးတစ်ခုအနေဖြင့် ပြည်သူလူထု၏ အလုပ်အကိုင်နှင့် စားဝတ်နေရေး ဖူလုံမှု အပိုင်းဖြစ်သည်။ ဤအချက်မှာ နှစ်ဖက်ထိန်းချုပ်ရာနယ်မြေနှစ်ခုလုံးတွင် တူညီစွာ ဆိုးရွားနေသည်။
နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသနေလူထု၏ စီးပွားရေးလည်ပတ်မှုများ ရပ်တန့်သွားခဲ့ရပြီး အလုပ်ကိုင်များ ဆုံးရှုံးခဲ့ကြရသည်။ ထိုဖြစ်ရပ်၏ နောက်ဆက်တွဲအနေဖြင့် စားဝတ်နေရေး မဖူလုံမှုကို ဖြစ်လာသည်။ ဤအခြေနေကို လူထုအနေဖြင့် ခံနိုင်ရည်လျော့နည်းလာကြောင်း တွေ့ရသည်။
စစ်ကောင်စီ ထိန်းချုပ်ဒေသများတွင် စစ်ကောင်စီတပ်၏ ပိတ်ဆို့ကန့်သတ်မှု၊ နိုင်ထက်စီးနင်း ပြုမူခြင်းများကြောင့် မည်သည့်လုပ်ငန်းများမှ အဆင်ပြေစွာမလည်ပတ်နိုင်ဘဲရှိနေရာ ကုန်စျေးနှုန်းမြင့်တက်နေခြင်းပင်လျှင် အငတ်ဘေးဆိုက်ကာ များစွာဒုက္ခရောက်လျှက်ရှိနေကြသည်။
AA ထိန်းချုပ်နယ်မြေများတွင်မူ ထိုကဲ့သို့သော လုပ်ရပ်များမရှိသော်လည်း လုပ်ပိုင်ခွင့်ရှိသူများ၏ ရယူလိုစိတ်ကြီးမားနေမှုနှင့် လူထုအပေါ် စိတ်စေတနာထားမှုနည်းပါးနေခြင်းတို့ကြောင့် ထိုနည်းတူစွာ အခက်တွေ့နေကြရသည်။
■ အာဏာကို အလွဲသုံးစားလုပ်နေကြပြီလား
စိတ်စေတနာ နည်းပါးမှုနှင့်ပတ်သက်၍ ပြောရလျှင် ပြည်သူများအား လုပ်ပိုင်ခွင့်ပေး၍ ရသည်များကို အာဏာပိုင်အချို့က မိမိတို့ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်နေကြပြီး အကျိုးခံစားခွင့်များ ရယူနေကြခြင်းဖြစ်သည်။ ရယူလိုစိတ်ကြီးမားမှုမှာ လူထုထံမှ အခွန်အခများ များစွာကောက်ခံလာနေခြင်း မျိုးဖြစ်သည်။
အချက်တစ်ခုအနေဖြင့် အာရက္ခတပ်တော် AA ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း မြို့ရွာဒေသအလိုက် အိမ်ခြံမြေ၊ လယ်ယာနှင့် အခြားပိုင်ဆိုင်မှုလုပ်ငန်းများ ရောင်းချဝယ်ယူခြင်းတို့ လုပ်ဆောင်လျှင် ရောင်းသူဝယ်သူ နှစ်ဦးပေါင်းမှ အရောင်းဝယ်ဖြစ်သည့် ငွေကြေးပမာဏ၏ ၅ ရာခိုင်နှုန်းခန့်ကို ULA/AA အား ပေးဆောင်နေကြရခြင်းဖြစ်သည်။
ယင်းကဲ့သို့ သတ်မှတ်ရာခိုင်နှုန်းအတိုင်း မပေးဆောင်ပါက အရောင်းအဝယ်ကိစ္စနှင့်ပတ်သက်၍ မည်သည့်ပြဿနာမျိုးကိုမဆို ဖြေရှင်းပေးမည်မဟုတ်ကြောင်း ULA/AA ၏ မြေပြင်အုပ်ချုပ်ရေးအဖွဲ့များက အသီးသီး ကြေညာချက် ထုတ်ထားကြသည်။
ဤအချက်အပြင် အခြား အခွန်အခများလည်း ထပ်တိုးပေးဆောင်ရမှုများ ရှိနေသေးသည်။ အခွန်ကောက်ခြင်းမှာ အုပ်ချုပ်သူအဖွဲ့အစည်းတစ်ရပ်အတွက် လိုအပ်သည့် စည်းမျဉ်းဥပဒေတစ်ရပ် ဖြစ်သည်။ သို့သော် နှစ်ဖက်တိုက်ပွဲများကြောင့် များစွာခက်ခဲကျပ်တည်းလျှက်ရှိနေကြသည့် လူထုအား တင်းကျပ်သော စည်းမျဉ်းများနှင့် ဝန်ပိစေသည့် အခွန်များပေးဆောင်စေခြင်းမှာ လွန်စွာအန္တရာယ်များလှသည်။
ထိုကဲ့သို့ လုပ်ဆောင်နေချက်များ၏ ကနဦးရလဒ်များမှာလည်း ရှိလာနေပြီး ထိုအရာများမှာ ပြည်သူများအနေဖြင့် အုပ်ချုပ်သူအပေါ် နားလည်မှုလွဲလာခြင်း၊ ယုံကြည်မှုကျဆင်းလာကာ စေတနာများ ယုတ်လျော့လာမှုတို့ ဖြစ်သည်။
ထိန်းချုပ်သူများ၏ အုပ်ချုပ်မှုပုံစံကိုလိုက်၍ ကွဲပြားနေသည့် ဒေသအခြေနေများထဲတွင် လူထု၏ခံနိုင်ရည်ရှိမှု အနေအထားများမှာလည်း ယိမ်းယိုင်လာသည်။ အထက်တွင် ပြောခဲ့သည့် တော်လှန်ရေးတစ်ခု အောင်မြင်ရေးမှာ လူထု၏ခံနိုင်ရည်ရှိမှု အခန်းဏ္ဍသည်လည်း အရေးပါသည့် အချက်တစ်ချက်ဖြစ်သည် ဆိုသည့်အတိုင်း လူထု၏ခံနိုင်ရည်အား ယိမ်းယိုင်လာမှုမှာ အားနည်းချက်တစ်ခု ဖြစ်လာသည်။ ပြည်သူများမှာ အလုပ်ကိုင်ဆုံးရှုံးရမှုကြောင့် ဖြစ်ပေါ်လာသည့် စားနပ်ရိက္ခာအကျပ်အတည်းကို တောင့်ခံနိုင်အား နည်းလာကြသည်။
■ ဆုံးရှုံးရတော့မည့် ရခိုင်က ပညာတတ်လူ့အရင်းအမြစ်များ
ထိုအထဲတွင် အဓိကအနေဖြင့် ဝန်ထမ်းမိသားစုများ ပါဝင်သည်။ ထိုသူများမှာ မိမိတို့ယခင်က လုပ်ကိုင်ခဲ့ရသည့် ဌာနဆိုင်ရာများ ပျက်ယွင်းသွားခဲ့ရပြီးနောက် နောက်ထပ် လည်ပတ်မည့် ဌာနဆိုင်ရာများ ULA/AA ၏ အုပ်ချုပ်ရေးယန္တရားများတွင် ပါဝင်ခွင့်မရရှိကြဘဲ လမ်းပျောက်လျှက် ရှိနေကြသည်။
ထိုအခြေအနေကို စစ်ကောင်စီက ကောင်းစွာ သဘောပေါက်ထားပြီး ၎င်းတို့ ရွေးချယ်လာနိုင်မည့် လွယ်ကူသည့်လမ်းကြောင်းတစ်ခုကို ဖွင့်ပေးထားလျှက်ရှိနေသည်။ ထိုသည်မှာ အခြားမဟုတ်ပေ။ AA ထိန်းချုပ်နယ်မြေများမှ မည်သည့်ဝန်ထမ်းမဆို ပြည်မဘက်သို့ (ရန်ကုန်၊ မန္တလေး စသဖြင့် အခြားတိုင်းနှင့်ပြည်နယ်) တာဝန်ထမ်းဆောင်လာနိုင်ရေး ခေါ်ယူနေပြီး ချောမွေ့စွာ ရောက်ရှိနိုင်ရန်လည်း လမ်းခရီးကို ဆောင်ရွက်ပေးလျှက်ရှိနေသည်။
လက်ရှိတွင် အဆိုပါလမ်းကြောင်းအား ရွေးချယ်ပြီးသည့်သူများလည်း ရှိနှင့်ပြီးဖြစ်ကာ နောက်ထပ် ရွေးချယ်လာမည့်သူများ၊ ရွေးချယ်ကြမည့်သူများလည်း ရှိနေသည်။ ULA/AA ထံ အခွင့်အရေး မရရှိ၍ စစ်ကောင်စီဘက်သို့ ကူးပြောင်းပြီး ပြည်မဘက်သို့ ထွက်ခွာသူများလာပါက ရခိုင်ပြည်၏စစ်ပွဲအပြီး အရေးကြီးသော ပြန်လည်ထူထောင်ရေးကဏ္ဍများတွင် ပညာတတ်လူ့အရင်းမြစ်တစ်ရပ်ကို ဆုံးရှုံးရနိုင်ဖွယ် ရှိနေသည်။
ပြည်မဘက်သို့ ထွက်ခွာကြသူများမှာ ဌာနဆိုင်ရာ ဝန်ထမ်းများအပြင် ပညာတတ်လူငယ်၊ လူလတ်ပိုင်းလည်း အများဆုံးပါဝင်နေပြီး စစ်ကောင်စီဖက်ကလည်း ထိုကဲ့သို့ ရောက်ရှိလာသူများကို အလေးပေး ဆက်ဆံထားသည်များရှိနေကြောင်း ပြည်မသို့ ထွက်ခွာသွားသူများက ပြောဆိုကြသည်။
■ အလေးထားရမည့် ပြန်လည်တည်ဆောက်ရေး
ရခိုင်ပြည်က ထွက်ခွာကြသူများမှာ အလုပ်ကိုင်ရရှိရေးကို အဓိက ဦးတည်နေသည့်အတွက် မည်သည့်အလုပ်အကိုင်မှ မျှော်လင့်၍မရသည့် ရခိုင်ဒေသတွင် ဆက်လက် နေထိုင်ကြရန် တားဆီးနိုင်မည် မဟုတ်ပေ။
AA အနေဖြင့် မိမိတို့ ထိန်းချုပ်ဒေသရှိ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ပညာရေးအခွင့်အလမ်းများ လုပ်ဆောင်ပေးမှု မရှိခြင်းမဟုတ်ပေ။ လုပ်ဆောင်ပေးသည့် အရာများမှာ သက်ရောက်မှု အလွန်နည်းနေခြင်းမျိုးသာဖြစ်သည်။
AA က ခေါ်ယူနေသည့် သင်တန်းများမှာ စီမံခန့်ခွဲရေးနှင့် ပြည်သူ့မူဝါဒဆိုင်ရာ သင်တန်းများ၊ နိုင်ငံခြားစကော်လာပေးသည့် သင်တန်းများပါဝင်သည်။ အဆိုပါသင်တန်းများမှာ အထက်တန်းပြီးစ လူငယ်များကို အဓိက အလေးပေးထားသည်ကိုတွေ့ရသည်။ သို့သော်လည်း လုပ်ငန်းခွင်ဝင်ပြီး နေရာတစ်ခုတွင် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်ခဲ့ဖူးပြီး လက်ရှိ အလုပ်အကိုင် ဆုံးရှုံးနေရသူများအတွက် အခွင့်အလမ်းများ ရှိမနေသည်ကို တွေ့ရသည်။ ယင်းအုပ်စုများကို AA က မိမိတို့နှင့် ပူးပေါင်းလိုစိတ်ရှိမရှိ ကမ်းလှမ်းထားသည်များရှိသော်လည်း အကောင်အထည်ဖော်သည့်အပိုင်းကို မတွေ့ရသေးပေ။
ဤသို့သော အခြေအနေများကြားတွင် မိမိဒေသအား စွန့်ခွာကာ စစ်ကောင်စီလက်အောက်ခံအဖြစ် လိုလိုလားလား ရောက်ရှိသွားသူများ တစ်စတစ်စ များလာနေသည်။
■ ပြန်လည်သုံးသပ်ရမည့် AA နှင့် ပြည်သူ
စစ်ပွဲမပြီးသေး၍ဟုဆိုကာ ကြားကာလမျိုးတွင် ပြည်သူများအနေဖြင့် ရေရှည်ကိုတွေးကာ သည်းခံနိုင်စွမ်းရှိရန် လိုအပ်နေသော်လည်း စစ်ကောင်စီ ဖောက်ထားသောလမ်းကြောင်းကို မလျှောက်ရန်၊ လူငယ်များအနေဖြင့် အချိန်တစ်ခုခန့် စောင့်ဆိုင်းရန်၊ ကျောင်းသားမိဖများအနေဖြင့် ကလေးငယ်များ၏ပညာရေးကို အနည်းငယ် နောက်ဆုတ်ထားရန် စသဖြင့် လက်ရှိတွင် ပြောဆိုတားဆီးရေးမှာ မဖြစ်နိုင်ပေ။
စစ်ပွဲကာလ လိုအပ်ချက်မရှိသော ပြန်လည်တည်ဆောက်ရေးကို ပြည်သူများအားလုံးအတွက် ထိထိရောက်ရောက် လုပ်ဆောင်ပေးရန်မှာလည်း AA အနေဖြင့် မလုပ်နိုင်သည်မှာ အမှန်ပင်။ ဤနေရာတွင် ပြည်သူများအနေဖြင့် အတူတကွ လျှောက်လာခဲ့ကြသည့် တော်လှန်ရေးခရီးရှည်ကို ပြန်လည်သုံးသပ်ရမည်ဖြစ်သည်။
လမ်းခုလတ်၌ မိမိတကိုယ်တည်းအတွက် ရွေးချယ်စရာ နောက်ထပ်လမ်းကြောင်းတစ်ခုကိုတွေ့သည်နှင့် ချက်ချင်း ရွေးချယ်မှုမပြုလုပ်ကြဘဲ လျှောက်လာခဲ့သည့် ခရီးကြမ်းကိုပြန်လည်တွေးကာ ရေရှည်အတွက် စဉ်းစားရန် လိုအပ်မည်ဖြစ်သည်။
ယင်းကဲ့သို့ ပြန်စဉ်းစားနိုင်ရန်မှာလည်း လုပ်ပိုင်ခွင့်ရှိသူများအနေဖြင့် ပံ့ပိုးကူညီပေးမှု များစွာလိုအပ်နေသည်။ ပြည်သူများအား စေတနာထားနိုင်ရန်လိုသည်။ မိမိကိုယ်တိုင်ထက် ပြည်သူများကို ပိုအလေးပေးကာ ငဲ့ညှာသင့်သည်။ မိမိတို့ အဆင်ပြေရေးထက် ပြည်သူ့အကျိုးစီးပွားကို အဓိက ရှာဖွေပေးသင့်သည်။
ဤအချက်များမှာ လက်တွေ့တွင် ယုတ်လျော့လျက်ရှိနေ၍ ဘေးထွက်ထိုင်နေမည့်သူ များလာနေသည်။ အာရက္ခတပ်တော် ULA/AA အနေဖြင့် တော်လှန်ရေးအောင်မြင်ရန် ကြိုးပမ်းနေချိန်တွင် ထိုကဲ့သို့ အရေးကြီးသောအချက်များကို ပြန်လည်ဆန်းစစ်ပြီး ချိန်ညှိပေးရန်လည်း လိုအပ်နေသည်။
ထိုသို့မဟုတ်ပါက လေးစားအတုယူဖွယ်ကောင်းပြီး စံနမူနာထားထိုက်သော ပြည်သူ့အစိုးရတစ်ရပ်အနေဖြင့် ရပ်တည်လာနိုင်ရေးမူမှာ ပြောင်းလဲမှုများ ရှိလာနိုင်ပေသည်။
1 Comment
[…] post တော်လှန်ရေးခရီးကြမ်းနှင့် ရခိုင်လူ… appeared first on Western […]
Comments are closed.