Western News-စက်တင်ဘာ ၂၅ ရက်
မြန်မာနိုင်ငံရေး နောက်ပြန်လှန်ကျချိန်ကို ကျွန်တော်တို့ ဖြတ်ကျော်နေကြရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့သည် ရရှိနေပြီးသော ဒီမိုကရေစီတစ်ပိုင်းတစ်စပင် ပြန်လည်း ရုပ်သိမ်းခံလိုက်ရသည်။ ဒီအခြေအနေတွင် လူငယ်များက စစ်အာဏာရှင်စနစ်ဆိုးကို လုံး၀ လက်မခံဘဲ လမ်းပေါ်ထွက်၍ တစ်ဖုံ၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တစ်မျိုး တွန်းလှန်လာကြသည်။ နဂိုကတည်းက လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် လက်နက်မကိုင်ဘဲ တနည်းနည်းဖြင့် တွန်းလှန်နေကြသည့် အုပ်စုများ ရှိနေကြသေးသည်။ ယခင် ၂၀၁၀ – ၂၀၂၀ ထိ ၁၀နှစ်တာ တည်ဆောက်ခဲ့သော ငြိမ်းချမ်းရေးကိစ္စလည်း ပျက်ပြယ်သွားလေသည်။ Nationwide Ceasefire Agreement (NCA) အခန်းကဏ္ဍကလည်း နိဌိတံသွားလေသည်။
သည်နေရာတွင် စစ်အာဏာသိမ်းပြီး ၈လ ကျော်ထဲသို့ ဝင်ရောက်လာချိန်တွင် အခြေအနေအချို့ကို သဲသဲကွဲကွဲ မြင်လာရသည်။ စစ်တပ်ဆိုသည်မှာ အာဏာနှင့် လုပ်ပိုင်ခွင့်ကို လက်လွတ်မခံချင်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ အရာရာတိုင်းကို ဗိုလ်ကျပြီး သူတို့သာတတ်သည်။ သူတို့သာ သိသည့် အဖွဲ့အစည်းဖြစ်သည်။ ထို့အပြင် ဦးနေဝင်းလက်ထက်မှ စ၍ ဦးသန်းရွှေလက်ထက်ထိ တခြား အင်စတီကျုရှင်း (Institution) အားလုံးကို ဖျက်စီးပစ်ပြီး စစ်တပ် အင်စတီကျုရှင်း (Institution) တစ်ခုတည်းကိုသာ တည်ဆောက်လာသည့် အဖွဲ့အစည်းဖြစ်သည်။ ဦးနေဝင်းလက်ထက်က စစ်အင်အားကို တိုးချဲ့ရာကနေ ဦးသန်းရွှေလက်ထက်တွင် စီးပွါးရေးဓနအင်အားကိုပါ တည်ဆောက်သည့် စစ်တပ်သည် တိုင်းပြည်ရဲ့ အရင်းအမြစ်အားလုံးကို လက်ဝါးကြီး အုပ်ပြီး စနစ်တကျ တည်ဆောက်ထားသည်။ ယခုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်တွင် ရေငုတ်သင်္ဘောပိုင်ဆိုင်သည့် စစ်တပ်ထိကို တိုးချဲ့လာနေသည်။ ထို့ကြောင့် တိုင်းပြည်အာဏာကို သိမ်းယူလိုက်ချိန်တွင် စစ်တပ်နှင့် ပြည်သူသည် ပြဒါးတစ်လမ်း သံတစ်လမ်းကို ပြန်ရောက်သွားသည်။
ဤနေရာတွင် ကျွန်တော်တို့ တွေ့မြင်နေရသည့် အပိုင်း ဘက်ကို သွားကြရအောင်။ စစ်တပ်အုပ်ချုပ်ပုံကို မကြိုက်။ မကြိုက်၍လည်း တွန်းလှန်ကြသည်။ တွန်းလှန်ရာတွင် ပုံစံမျိုးစုံကို တွေ့ကြရသည်။ သို့ရာတွင် ဘုံရည်းမှန်ချက်တွင် ကွဲလွဲနေသည်ကို တွေ့မြင်ရသည်။ ဆိုလိုသည်က တချို့က စစ်တပ်ကို အမြစ်ပြတ်တိုက်ထုတ်ပြီး နောက်ထပ် ဒီမိုကရေစီကို လိုလားသော စစ်တပ်တစ်ခုကို အစားထိုးမည်လား။ အပြတ်တိုက် တစ်အုပ်စု။ နောက်တစ်အုပ်စုက စစ်တပ်ကို နိုင်ငံရေးနယ်ပယ်ထဲက ပယ်ထုတ်ပြီး စစ်တပ်ကို စစ်တန်လျားကို ပြန်။ ဒီမိုကရေစီထွန်းကားရင် တော်ပြီ ဆိုသည့် အုပ်စု။ တနည်း စစ်တန်းလျားကို ပြန်စေချင်သည့် အုပ်စု။ နောက်တစ်အုပ်စုကတော့ ဖယ်ဒရယ်ဒီမိုကရေစီကို သွားမည်။ စစ်တပ်ကို ဖယ်ထုတ်ပြီး နယ်မြေအလိုက် မိမိစစ်တပ်ဖြင့် နေမည်ဆိုသည့် ပုံစံမျိုးတို့ဖြစ်ကြသည်။ နဂို လက်နက်ကိုင် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ EAOs အုပ်စုထဲမှာတောင် ဖယ်ဒရယ်ဒီမိုကရေစီကို ရည်ရွယ်ပြီး တိုက်နေတဲ့ အုပ်စုနဲ့ ကွန်ဖက်ဒရိုက်ကို ရည်ရွယ်ပြီး တိုက်နေတဲ့ အုပ်စုတွေ ရှိနေကြသည်။
လက်ရှိမှာတော့ ယေဘုယျ သုံးအုပ်စုပဲ ဆိုကြပါစို့။ အသေးစိပ်ထပ်ခွဲလျှင် သုံးအုပ်စုထက် ပိုနေသေးသည်။ ကျွန်တော် ထောက်ပြချင်သည့် အပိုင်းမှာ ယခု အုပ်စုကွဲများကို ပြန်လည်ပေါင်းစပ်နိုင်ပြီး၊ အုပ်စုနှင့် ဘုံရည်မှန်းချက် ချမှတ်နိုင်သည့် အုပ်စု ပျောက်ဆုံးနေခြင်းဖြစ်သည်။
အဖွဲ့အစည်းတိုင်းတွင် ရည်ရွယ်ချက် ( Vision )၊ ရည်မှန်းချက်(Mission) နဲ့ လုပ်နည်းလုပ်ဟန် (Strategy) ဆိုပြီး ရှိကြသည်။ တချို့အဖွဲ့အစည်းများသည် ရည်ရွယ်ချက်မတူ။ ရည်မှန်းချက်တူကြပြီး လုပ်ငန်းလုပ်ဟန် ကွဲလွဲသော်လည်း တပ်ပေါင်းစု စုဖွဲ့ပြီး လက်တွဲ လုပ်ဆောင်ကြသည်။ တပ်ပေါင်းစုစနစ်ကို စုဖွဲ့အတွက် ကြိုတင် ညှိုနှိုင်းလုပ်ဆောင်ကြသည်။ ယခုအခင်းအကျင်းတွင် ကျွန်တော်တို့ မြင်နေရသည်က တပ်ပေါင်းစု စုဖွဲ့မှုပင် ပျောက်ဆုံးနေသည်။
တပ်ပေါင်းစုစနစ်ပျောက်ဆုံးမှုသည် ပန်းတိုင်ပျောက်ဆုံးမှုဆိုလျှင် မှားမည်မဟုတ်။ အလွန်တရာ အင်အားကြီးမားပါသည် ဆိုသည့် အင်္ဂလိပ်တို့၊ ဂျပန်တို့ကို မြန်မာပြည်သူများ တော်လှန်ခဲ့ခြင်းသည် တပ်ပေါင်းစုစနစ်ဖြင့် တော်လှန်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဖက်ဆစ်တော်လှန်ရေးတပ်ပေါင်းစု (ဖဆပလ)ကို ဖွဲ့စည်းပြီး တော်လှန်ခဲ့ခြင်းကြောင့် မြန်မာ့လွတ်လပ်ရေးကို ရခဲ့ခြင်းဖြစ်သည်။
နောက်ထပ် NLD သည် ၁၉၈၈ အလွန်တွင် တပ်ပေါင်းစုအသွင်ဖြင့် တည်ထောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ ဦးတင်ဦးအစုအဖွဲ့၊ ဦးအောင်ရွှေအစုအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်အစုအဖွဲ့ကို ပေါင်းစပ်ပြီး တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် တပ်ပေါင်းစု ပုံစံပျောက်ဆုံးပြီး တစ်သီးပုဂ္ဂလဆန်သည့် အဖွဲ့အစည်းတစ်ရပ်ကို ရောက်ရှိသွားသည်။ နောက်ပိုင်းတွင် သည်ကိစ္စကို ထပ်ဖြည့်ပါမည်။ တပ်ပေါင်းစုကို စနစ်တကျဖွဲ့နိုင်သော ခေါင်းဆောင်မှုအခန်းကဏ္ဍကို ပြန်လည် သုံးသပ်ဖို့လိုသည်။ အမျိုးမျိုးပြန့်ကြဲနေသော အစုအဖွဲ့များကို ပြန်လည် စုစည်းနိုင်မှ အားဖြစ်သည်။ အားရှိမှ တွန်းလှန်နိုင်မည်ဖြစ်သည်။
အဖွဲ့အစည်းတိုင်းကို မေးကြည့်ပါ။ စစ်အာဏာရှင်စနစ်ကို ကြိုက်သလားဆိုလျှင် မကြိုက်ကြောင်း တွေ့ရှိရလိမ့်မည်။ ဤသို့ဆိုလျှင် မည်သည့်အတွက်ကြောင့် မကြိုက်တာချင်းတူကြပြီး လက်မတွဲနိုင်ကြသလဲ။ ဤနေရာတွင် ဦးသျှောင်လို့ပဲ ခေါ်ခေါ် ဦးဆောင်အဖွဲ့ပဲ ခေါ်ခေါ် ရှေ့ဆောင်ပဲခေါ်ခေါ်၊ ဦးဆောင်မှုရဲ့ အခန်းကဏ္ဍက ပျောက်ဆုံးနေသည်။ ကိုယ့်နည်းကိုယ်ဟန်ဖြင့်သာ ဖြေရှင်းနေကြသည်ကို တွေ့ရှိရသည်။ ဦးဆောင်အဖွဲ့ကို လေ့လာကြည့်သလောက် National Unity Government (NUG) အခန်းကဏ္ဍကို ကြည့်မိသည်။ သူတို့နဲ့ တပြိုင်တည်း နိုင်ငံရေးအခန်းကဏ္ဍကို NUG က ဦးဆောင်ပြီး လက်နက်ကိုင်အဖွဲ့ကို People Defense Force (PDF) ကို ဖွဲ့ကြသည်။ သို့ရာတွင် PDF အများစုသည် NUG အောက်မှာ လှုပ်ရှားနေကြသည်ဆိုခြင်းထက် တိုင်းရင်းသားလက်နက်ကိုင်များ အောက်တွင်သာ ပညာသင်ယူရင်း လှုပ်ရှားနေကြသည်ကို တွေ့ရသည်။ တချို့နေရာများတွင် PDF နှင့် NUG တို့ ချိပ်ဆက်မှုကိုပင် မမြင်ရ။
သည်နေရာတွင် တိုင်းရင်းသားတွေရဲ့ အမြင်ကိုလည်း အနည်းငယ် ချပြလိုသည်။ တိုင်းရင်းသားတွေက ၂၀၁၅-၂၀၂၀ကာလ NLD အစိုးရ လက်ထက်ကတည်းက NLD ကို မယုံကြပေ။ NLD ကလည်း တိုင်းရင်းသားတွေကို မဟာမိတ်ဖြစ် လက်တွဲ မခေါ်ခဲ့။ NLD ပါတီ စလာစဉ်က တိုင်းရင်းသားများနဲ့ နားလည်မှု တည်ဆောက်နိုင်ခဲ့သည်။ တွဲချက်ညီညီ စစ်အုပ်စုကို တိုက်ခိုက်နိုင်ခဲ့သည်။ သို့ရာတွင် ၂၀၁၅-၂၀၂၀ကာလတွင် NLD ကိုယ်တိုင်က ဒီမိုကရေစီအာဏာရှင်ဖြစ်ခဲ့သည်။ ကျွန်တော့်ထောက်ပြချက်ကို ဗမာအများစုက ကြိုက်ကြလိမ့်မည်မဟုတ်။ သို့သော် တိုင်းရင်းသားတွေဘက်ကတော့ ပကတိ အရှိတရားဖြစ်သည်။ ပြဿနာဖြေရှင်းလိုလျှင် ပြဿနာ၏ ဗဟိုချက်မကို တိုက်ရိုက်နားလည်ဖို့ လိုသည်။ အနာသိမှ ဆေးရှိဆိုသည့် စကားပုံသည် အဖြေကို ရနိုင်သည်။ ယခုလည်း NUG သည် NLD ၏ အသွင်ပြောင်းအဖြစ်သာ လက်ခံကြသည်။ မြင်လည်း မြင်ကြသည်။ ၁၉၉၀ ကာလအလွန် NLD သည် သူတို့ ခံနေရချိန်တုန်းက တိုင်းရင်းသား အားကို ယူသုံးခဲ့ပြီး အမှန်တကယ်လည်း သူတို့ အာဏာရချိန်တွင် တိုင်းရင်းသားများကို လက်တွဲဖြုတ်ခဲ့သည်ဟု တိုင်းရင်းသားနိုင်ငံရေးသမား အများစု မြင်ကြသည်။ ထို့ကြောင့် NUG ကိုလည်း တိုင်းရင်းသားနိုင်ငံရေးသမားများသည် သိပ်စိတ်ချပုံ မပေါက်ကြပေ။ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုပင်၊ လက်နက်မကိုင်သည့် နိုင်ငံရေးအုပ်စုများပင် ကိုယ်နည်းကိုယ်ဟန်ဖြင့်သာ ရပ်တည် တိုက်ခိုက်နေကြသည်။ တချို့နေရာများတွင် PDF များကို ယာယီခြေချခွင့်နဲ့ သင်တန်းပေးခြင်းများကို လုပ်ကိုင်နေကြခြင်းဖြစ်သည်။
NUG ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို ပြန်သုံးသပ်ဖို့ လိုလာသည်။ ဒေါ်အောင်ဆန်းကြည်၏ အကြမ်းမဖက် လမ်းစဉ်က လုံး၀ သွေဖယ်လာခဲ့ပြီး လက်နက်ကိုင်လမ်းစဉ်သို့ ရွေ့လာခဲ့သည်။ လက်နက်ကိုင်ဆိုကတည်းက အကြမ်းဖက်လမ်းစဉ်ပင်ဖြစ်သည်။ ပါးကိုက်လို့ နားကိုက်သည်ဆိုသည့် လမ်းစဉ်ပင်။ ဤသည်လည်း အချိန်ကာလရွေ့လျားလာမှုနဲ့ မျိုးဆက်တို့ တွန်းအားကြောင့်လည်း ဖြစ်နိုင်သည်။ ဤနေရာမှာ NUG က PDF လက်နက်ကိုင် အဖွဲ့အစည်းများကို တည်ထောင်လာသည်ကတော့ ဟုတ်ပြီ။ နဂိုရှိနှင့်ပြီးသား စစ်တပ်၏ တိုက်ရည်ခိုက်ရည်နဲ့ လုပ်ရည်ကိုင်ရည်ကို နားလည်ပြီးသား တိုင်းရင်းသားလက်နက်ကိုင်များကို မည်သို့ စုဖွဲ့မည်းနည်း။
ဤမေးခွန်းက အဖြေဖြစ်သည်။ အားလည်းဖြစ်သည်။ PDF လက်နက်ကိုင်အစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ကို စုစည်းနိုင်မှသာလျှင် အရွေ့တခုကို ရောက်နိုင်မည်။
တိုင်းရင်းသားလက်နက်ကိုင်များတွင် အစုအဖွဲ့ ၃မျိုးလောက်ကို ပြန်တွေ့ရသည်။ အရင် အစိုးရများနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အုပ်စု တစ်အုပ်စု ရှိသည်။ သည်အစုအဖွဲ့မှာ လက်နက်ကိုင် တပ် ၁၀ ဖွဲ့ပါဝင်သည်။ အဓိက လက်နက်ကိုင်အားဖြင့် KNU နဲ့ RCSS သည် ပင်မ လက်နက်ကိုင် အုပ်စုများဖြစ်ကြပြီး ကျန်အုပ်စုများမှာ မပြောပလောက်သည့် အင်အားများသာ ရှိကြသည်။ သို့ရာတွင် သည်အစုအဖွဲ့သည်လည်း မြန်မာနိုင်ငံရေးအရွေ့အတွက် အင်အားစု တစ်ခုဖြစ်သည်။ မြင်ရသလောက် KNU တစ်ဖွဲ့သာ တွန်းတွန်းတိုက်တိုက် တိုက်ပွဲဝင်နိုင်ပြီး ကျန်အဖွဲ့များ၏ အခန်းကဏ္ဍများကို မတွေ့ရပေ။ KNU သည်ပင် တခါတခါ ယိုင်လဲချင်သည့် ပုံပေါက်သည်။ KNU ပင် တချို့တပ်မဟာများကို မထိန်းချုပ်နိုင်သည်ကို မြင်တွေ့ရသည်။ RCSS ကလည်း စစ်တပ်နဲ့ စစ်တိုက်ရသည်ထက် သူတို့ ရှမ်းအချင်းချင်းဖြစ်သည့် SSPP ဖြင့်သာ နယ်မြေပြဿနာကို ဖြေရှင်းနေရသည်။ သို့ရာတွင် ငြိမ်းရေး ဆွေးနွေးဖက်အုပ်စုတို့သည် တစ်ဖွဲ့နှင့် တစ်ဖွဲ့ကြား PPST အစည်းအဝေးအရ တွေ့ဆုံမှု ရှိနေကြသည်ဟု ဆိုနိုင်သည်။
နောက်တစ်အုပ်စု မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်အင်အားစု၏ ၈၀%ဖြစ်သော မြောက်ပိုင်းမဟာမိတ်အုပ်စုအဖြစ် သုံးနှုန်းသည့် FPNCC ဖြစ်သည်။ သည်အုပ်စုမှာ KIA, UWSA တို့သည် အင်အားကြီးအဖွဲ့များဖြစ်ကြသကဲ့သို့ ကျန်အဖွဲ့များသည်လည်း တိုက်ရည် ခိုက်ရည် ပြည့်ဝသည့် အဖွဲ့အစည်းများဖြစ်ကြသည်။ မြန်မာနိုင်ငံမြေပုံ၏ အပေါ်ပိုင်း တစ်ပိုင်းလုံးကိုထိ စစ်ရေးအရ ဖြန့်ကျက်နိုင်သည့် အုပ်စုလည်းဖြစ်သည်။ အနောက်ဘက် AA ဖြန့်ကျက်မှုမှသည့် KIA, UWSA အပြင် TNLA, MNDAA, NDAA, SSPP တို့ထိ စစ်ရေးအင်အား ကောင်းသည့် အဖွဲ့ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံရေးကို ပြောင်းလဲပေးနိုင်သည့် (Game Changer) များဖြစ်ကြသည်။ စစ်တပ်ကလည်း သည်အုပ်စုကို ရှိန်သလို၊ NUG ဘက်ကလည်း သည်အုပ်စုကိုရမှ အပြောင်းအလဲကို သွားနိုင်မည်။
နောက်တစ်အုပ်စုကတော့ အစိုးရနဲ့ NCA အဆင့်မဟုတ်သည့်တိုင် NCA နီးနီးလောက် ဖြစ်နေသည့် ရှမ်းနီတပ်မတော် KNPP နဲ့ နာဂတပ်မတော် NSCM တို့ဖြစ်သည်။ တခြား လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေသည့် အစုအဖွဲ့တို့ပါဝင်သည်။ ဥပမာ SNA တို့ကို ဆိုလိုသည်။
သည်နေရာတွင် NUG သည် လက်နက်ကိုင် လမ်းစဉ်ကို ရွေးပြီး သွားလိုလျှင် သည်အုပ်စုများကို စုဖွဲ့ပြီး တပ်ပေါင်းစု ဖွဲ့နိုင်ရမည်။ သည်အုပ်စုများကို တပ်ပေါင်းစု မဖွဲ့နိုင်လျှင် PDF တို့၏ အသက်ပေးမှုတို့သည် အလဟဿ ဖြစ်သွားလိမ့်မည်။ PDF တို့ကို အဓိက အကာအကွယ်ပေးနိုင်သည့် အစုအဖွဲ့များမှာ တိုင်းရင်းသား လက်နက်ကိုင်များသာဖြစ်သည်။ ယခုအခြေအနေတွင် NUG ကိုယ်တိုင်က တိုင်းရင်းသားများနဲ့ မဟာမိတ်ဖွဲ့နိုင်ဖို့ ကြိုးစားသည်ဆိုတာထက် နိုင်ငံတကာအသိုင်းအဝိုင်းတွင် သံရေးတမန်ရေး ဝင်ဆန့်ဖို့လောက်ကိုသာ ကြိုးစားနေသည်ကို တွေ့ရသည်။ အမှန်က သံရေးတမန်ရေးသည် အရေးကြီးသည်မှန်သော်လည်း ပြည်အင်အားသည် ပြည်တွင်းမှာတည် ရှိသည်ကိုလည်း သတိပြုဖို့လိုအပ်သည်။
တိုင်းရင်းသားများကို ချဉ်းကပ်ပုံအသစ်များနဲ့ လမ်းကြောင်းသစ်များကို ရှာဖွေသင့်သည်။ ဖယ်ဒရယ်ဒီမိုကရေစီကို ရည်ရွယ်သည်ဆိုလျှင် ဖယ်ဒရယ်ဒီမိုကရေစီကို ဖြန့်ကျက်ချပြသင့်သည်။ ၁၉၅၈ ခု၊ ရှမ်းမူဖြစ်သော ၈ ပြည်ထောင်မူကို လက်ကိုင်ပြီး သွားမည်လား။ ဒါမှမဟုတ် ယခု ဦးနေဝင်းချခဲ့သည် ၁၉၇၄ ခုနှစ် တိုင်း(၇)ခု၊ ပြည်(၇)ခုနဲ့ တိုင်းနဲ့ ပြည်နယ်(၁၄)ခုမူကို ဆက်ကိုင်တွယ်မည်လား။ အာဏာခွဲဝေမှုနဲ့ ဘသာဝသယံဇာတခွဲဝေမှုတို့ကို NUG က သဲသဲကွဲကွဲ ချပြရမည်။ NUG ကိုယ်တိုင်တောင်မှ သဲသဲကွဲကွဲ မချပြလျှင် ဝေဝါးနေလျှင် နောက်က လိုက်ပါရမည့်သူတို့ ဝေဝါးပြီး ယုံကြည်မှုကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ အချိန်မှီသာ မပြလျှင် PDF ကလေးများ၏ အသက်ပေးမှုနဲ့ ရပ်ရွာများ စတေးခံရမှုသည် အလဟဿဖြစ်သွားလိမ့်မည်။
စစ်တပ်ကတော့ ရှင်းသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ကိုင်ထားသည်။ သူတို့ မူဝါဒပြတ်သားသည်။ အာဏာကိုယူသည်။ လုပ်ရပ်ကိုလည်း ပြတ်ပြတ်သားသား ပြထားသည်။ အာဏာကို လာမထိနှင့်။ ထိရင် သတ်မယ်။ ဒါ သူတို့မူဖြစ်သည်။ ထိုနည်းတူ NUG ကလည်း သူတို့ မူကို ချပြဖို့ လိုသည်။ မူကို ချပြပြီးမှ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့များနဲ့ တိုင်းရင်းသားနိုင်ငံရေးအစုအဖွဲ့များကို စုစည်းပြီး တပ်ပေါင်းစုဖွဲ့ကာ သူတို့ သွားချင်သည့် နေရာကို ရောက်အောင် သွားနိုင်လိမ့်မည်ဟု အကြံပြု ထောက်ပြပါရစေ..။