ဇော်ထွန်း (မြောက်ဦး)_ရေးသည်
■ သမိုင်းကို အနည်းငယ်ပြန်လှန်ခြင်း
၁၅ ရာစု ရခိုင့်ဘုရင့်နိုင်ငံတော်ကို ရွှေခေတ်ဟု တင်စားသုံးနှုန်းကြလေ့ရှိကြသည်။ တင်စား၍ ရလောက်အောင်လည်း ဂုဏ်သတင်းကျော်စောခြင်း၊ ချမ်းသာကြွယ်ဝခြင်းနှင့် ဩဇာတိက္ကမကြီးမား ခြင်းတို့ရှိခဲ့သည်။ ထိုခေတ်က ဘုရင့်နေပြည်တော် မြောက်ဦးမြို့တွင် ဘာသာစုံ၊ လူမျိုးစုံတို့ ကူးလူးဆက်ဆံ နေထိုင်ခဲ့ကြသည်သာမက လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကိုပင် အာဏာပိုင်တို့က ခွင့်ပြုခဲ့ကြသည်။
ဘုရင်ကိုယ်တိုင် ခွင့်ပြုတည်ဆောက်ပေးခဲ့သော မြောက်ဦးမြို့အရှေ့ဖက် ပရိန်တောင်တန်းအနီးရှိ သံသီကန်ဗလီနှင့် မြောက်ဦးမြို့အနောက်တောင်ဖက် ဒိုင်းဂျီကမ်းရှိ ခရာစ်ယာန်ဘုရားရှိခိုးကျောင်းတို့က သက်သေတည်လျက်ရှိသည်။ တနည်းဆိုရလျှင် မြောက်ဦး မင်းနေပြည်တော်ကြီးသည် ဗဟုယဉ်ကျေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ငြိမ်းငြိမ်းချမ်းချမ်း တည်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်။ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးခြင်းသည် ကြီးပွားတိုးတက်ခြင်း၏ အကြောင်းရင်းခံတစ်ရပ်ဖြစ်ပြီး ကြီးပွားတိုးတက်ခြင်းကလည်း ငြိမ်းချမ်းစွာနေထိုင်နိုင်မှုကို များစွာအထောက်အပံ့ဖြစ်ရာ မြောက်ဦးခေတ်သည် ထိုအချက်များနှင့် ပြည့်စုံနေခဲ့ပေသည်။
သို့သော် ၁၇၈၄ နောက်ပိုင်း ရခိုင့်အချုပ်အချာအားလုံး ဗမာပဒေသရာဇ်လက်အောက်သို့ လုံးလုံးကျ ရောက်သွားသောအခါ ဘုရင့်နေပြည်တော်နှင့်တကွ ရခိုင်တစ်တိုင်းပြည်လုံးပါ ဒုက္ခပင်လယ်တွင်းထဲသို့ အလုံးစုံကျရောက်သွားခဲ့ရသည်။ ထိုအချိန်မှစ၍ ရခိုင်ပြည်သူများသည် ဗမာပဒေသရာဇ်ကိုလိုနီ၊ အင်္ဂလိပ်ကိုလိုနီ၊ ဂျပန်ကိုလိုနီ၊ တစ်ဖန် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်တတူ ဖြစ်လာသော ကျွန်ပုန်းကိုလိုနီဘဝများဖြင့် ကိုလိုနီသံသရာထဲတွင် ဦးမျှမပေါ်အောင် နစ်မွန်းနေခဲ့သည်။ ကိုလိုနီစနစ်ဆိုး အမျိုးမျိုးကို ကြုံတွေ့ခဲ့ရသဖြင့် ယင်း၏ဆိုးမွေများဖြစ်သော ဆင်းရဲမွဲတေခြင်း၊ အသိပညာအတတ်ပညာ အားနည်းခြင်း၊ စည်းလုံးညီညွတ်မှုပြိုကွဲခြင်း၊ တစ်ချိန်ကတည်ရှိခဲ့ဖူးသော ဘုံအမျိုးသားရေးအမှတ်သညာပျက်စီးခြင်း၊ စာပေယဉ်ကျေးမှုအမွေနှစ်များ ယုတ်လျော့ပျက်စီးလာခြင်း စသည်တို့ကိုပါ ရာစုချီကြုံတွေ့လာခဲ့ကြရာ ကိုလိုနီစနစ်က လွတ်မြောက်ရေးလမ်း တစ်ခုတည်းကသာလျှင် ထိုဆိုးမွေများကို ပျောက်ကွယ်နိုင်စွမ်းရှိလိမ့်မည်ဟု ရခိုင်ပြည်သူများ ခိုင်မာစွာယုံကြည် လာခဲ့ကြပေသည်။
တို့ကြောင့်လည်း လွတ်မြောက်ရေးတိုက်ပွဲဝင်မှုများကို ရာစုနှစ်ချီပြုလုပ်လာခဲ့ကြ ဟန်တူပေသည်။ ရခိုင်ပြည်အချုပ်အခြာအာဏာ ကျဆုံးပြီးသည်မှစ၍ ယနေ့အချိန်အထိ တော်လှန်ရေးမျိုးဆက်မပြတ် တွန်းလှန်လာခဲ့ကြရာ လက်ရှိ အင်အားအကြီးဆုံးတပ်ဖြစ်သော အာရက္ခတပ်တော် (Arakan Army – AA) အား ရခိုင်ပြည်တော်လှန်ရေး၏ နောက်ဆုံးမျိုးဆက်အဖြစ် ရခိုင်ပြည်သူများ ယုံကြည်လက်ခံထားကြသည်။
■ အခွင့်အရေးဟု ဆိုရာဝယ်
လက်ရှိ အာရက္ခပြည်ထဲတွင် ရခိုင်၊ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ကမန်၊ ချင်း၊ ဟိန္ဒူ၊ မွတ်ဆလင် စသော လူမျိုးများ စုပေါင်းနေထိုင်လျက်ရှိကြပြီး ဗမာအနည်းငယ်လည်း အခြေချနေထိုင်လျက်ရှိရာ မွတ်ဆလင်အသိုင်းအဝိုင်းတစ်ခုတည်းတွင် ကိုယ်ပိုင်အမျိုးသား အမှတ်သညာမရှိဘဲ ရှိနေသည်။
ဒေသခံရခိုင်ပြည်သူများက “ကုလား၊ ဘင်္ဂါလီ၊ စစ်တကောင်းသား” စသဖြင့် အသိအမှတ်ပြု ခေါ်ဝေါ်သုံးနှုန်းရေးသားကြသည်ကို မွတ်ဆလင်များက လက်မခံကြဘဲ “ရိုဟင်ဂျာ” ဟူ၍ အမှတ်သညာပြု ခေါ်ဝေါ်ရေးသားပြောဆိုကြရန် ဆယ်စုနှစ်ချီ၍ အရေးဆိုကြိုးစားလာခဲ့ကြသည်။ “ရိုဟင်ဂျာ” ဟူသော စကားလုံးသည် စစ်တကောင်းဒေသအသံအားဖြင့် “ရခိုင်ပြည်သား”ဟု အဓိပ္ပါယ်ရသဖြင့် ရခိုင်လူမျိုးများက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပြန်ရာ အမှတ်သညာအငြင်းပွားမှု ပြင်းထန်လာခဲ့သည်။
လူ့အခွင့်အရေးရှုဒေါင့်အရ မိမိလူမျိုးနာမည်ကို မိမိတို့က လွတ်လပ်စွာပြောင်းလဲခေါ်ဆိုခွင့် (Self-identification) ရှိသည်ဆိုသော်လည်း တစ်ဦး၏လွတ်လပ်ခွင့်သည် အခြားတစ်ဦးအတွက် နစ်နာမှုမဖြစ်သင့်သည်မှာ လူ့အခွင့်အရေးရှုဒေါင့်အရလည်း လက်ခံရမည့်သဘောသည်။ တစ်သန်းခွဲခန့်သော မွတ်ဆလင်အသိုင်းအဝိုင်းများ၏ လွတ်လပ်စွာခေါ်ဝေါ်ခွင့်အတွက် သုံးသန်းကျော်မျှသော ရခိုင်အသိုင်းအဝိုင်း၏ အမှတ်သညာနှင့် သမိုင်းကြောင်းဆိုင်ရာ တန်ဖိုးများကို ထိခိုက်သွားမည် ဆိုပြန်လျှင်လည်း ဤပြဿာနာမှာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်မဟုတ်ပြန်ပေ။
“ရိုဟင်ဂျာ” ဟူသော စကားလုံး၏ နောက်ကွယ်တွင် ရခိုင်ဒေသသည် မွတ်ဆလင်များ၏ မူရင်းဒေသဖြစ်သည်။ ဒေသခံလူမျိုးအခွင့်အရေး (indigenous rights) ရသင့်သည် စသော နောက်ကွယ်က အကြောင်းတရားများလည်း ကျွဲကူးရေပါ လိုက်ပါနေရာ ဓညဝတီခေတ်မှသည် မြောက်ဦးခေတ်အထိ နှစ်ပေါင်းငါးထောင်ကျော် တည်တံ့ခဲ့သော ရခိုင်သမိုင်းထဲတွင် မရှိခဲ့သည့် ထိုစကားလုံးက ရခိုင့်လူ့အသိုင်းအဝိုင်းကို ဒဲ့ဒိုးစိန်ခေါ်နေသယောင် ဖြစ်နေပေသည်။ တစ်ဖက်တွင်လည်း မွတ်ဆလင်များအနေဖြင့် ထို “ရိုဟင်ဂျာ” ဟူသော စကားလုံး တစ်လုံးအတွက် ချွေး၊ သွေး၊ အသက်ပေါင်းများစွာဖြင့် စတေးကြိုးစားခဲ့ကြပြန်ရာ မရမက ကြိုးစားလုပ်ဆောင်သွားမည့် သဘောမျိုးဖြစ်နေသည်။
ထိုသို့ ထိုက်တိုက်ရင်ဆိုင်မှုများသာ ဖြစ်နေပါက ရခိုင်အသိုင်းအဝိုင်းနှင့် မွတ်ဆလင်အသိုင်းအဝိုင်းကြားတွင် ရေရှည်ပဋိပက္ခဖြစ်သွားရန်ပင် ရှိနေသည်။ ထို့ကြောင့် အားလုံးအဆင်ပြေသော ဖြေရှင်းချက် (win-win-win solution) တစ်ခုကို သက်ဆိုင်သူအားလုံးက ကြိုးစားရှာဖွေကြရမည်ဖြစ်သည်။
■ ကိုဖီအာနန် အစီရင်ခံစာက ရခိုင်ပြည်အရေးကို ပိုမိုရှုပ်ထွေးစေခဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်သော ဒီမိုကရေစီအစိုးရလက်ထက်တွင် ဤပြဿာနာအတွက် အဖြေရှာနိုင်ရန် ကိုဖီအာနန်ဦးဆောင်သော အကြံပေးအဖွဲ့ဖြင့် ရေရှည်အဆင်ပြေနိုင်မည့် နည်းလမ်းများအတွက် အကြံအဉာဏ်များ ရယူရန်ကြိုးစားခဲ့သည်။ ထိုအကြံပြုချက်များသည် များသောအားဖြင့် လူ့အခွင့်အရေးစံနှုန်းများကို မဏ္ဍိုင်ပြုထားသလောက် ဒေသခံလူမျိုးများ၏ ပကတိအခြေအနေနှင့် သမိုင်းဆိုင်ရာတန်ဖိုးများကို ထည့်သွင်းစဉ်းစားမှု အားနည်းခြင်း၊ ပြဿာနာကို ရေရှည်ရှိနေစေချင်သည့် စစ်အာဏာရှင်များနှင့် ဗမာလူမျိုးကြီးဝါဒီများတွင် အာဏာရှိနေခြင်း၊ ဦးဆောင်နေသောအစိုးရ၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုအားနည်းခြင်း၊ ရခိုင်အသိုင်းအဝိုင်းကို ကိုယ်စားပြုနိုင်သည့်အဖွဲ့အစည်း၊ မွတ်ဆလင်အသိုင်းအဝိုင်းကို ကိုယ်စားပြုနိုင်သည့်အဖွဲ့အစည်း စသဖြင့် ရှိမနေခဲ့ခြင်း စသည့်အကြောင်းရင်းများကြောင့် ထင်သလောက် ခရီးမရောက်ခဲ့ပေ။
ထိုအကြံပေးကော်မရှင် ဖွဲ့စည်းပြီး နောက်ပိုင်း ပိုမိုဆိုးဝါးပြင်းထန်သော အကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့ပြီး မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှုဖြင့်ပင် တရားစွဲဆိုခံခဲ့ရပေတော့သည်။ ကော်ဖီအာအန်ကော်မရှင် ဖွဲ့စည်းလိုက်ခြင်းကြောင့် ရခိုင်ပြည်အတွက် ဘက်စုံလွှမ်းခြုံနိုင်သော အကြံပြုချက်များပါဝင်သည့် စာတမ်းတစ်ခု ထွက်လာခဲ့သည်မှန်သော်လည်း မိမိတို့၏ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားရေး ဂုဏ်သိက္ခာပိုင်းမှာ အလွန်အကျွံ ထိခိုက်ကျဆင်းသွားခဲ့ရသည်။ အိမ်တွင်းရေးကို အိမ်တွင်းတွင် စနစ်တကျဖြေရှင်းရန် မကြိုးစားဘဲ နိုင်ငံတကာစင်မြင့်ထက်သို့ ဆွဲတင်လိုက်ခြင်း၏ ဆိုးကျိုးဟူ၍ပင် ဆိုရမည်ဖြစ်သည်။
မိမိ တာဝန်ယူစောင့်ရှောက်ရသော ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေးနိုင်ခြင်းနှင့် တရားဥပဒေစိုးမိုးမှုအားကောင်းအောင် တည်ဆောက်ခြင်းမျိုးမဟုတ်ဘဲ စိတ်ကူးယဉ်ဆန်သည့်လုပ် ရပ်မျိုးဖြစ်သည်ဟုပင် သုံးသပ်သင့်ပေသည်။ သို့သော် ကိုဖီအာနန်ကော်မရှင်က အကြံပြုထားခဲ့သော မွတ်ဆလင် “မူရင်းအသုံးအနှုန်း – မူဆလင်အသိုင်းအဝိုင်း” ဟု ယာယီသုံးနှုန်းသည်ကား မြေပြင်တွင်အလုပ်ဖြစ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ တစ်ချိန်က “ကုလား၊ ဘင်္ဂလီ” ဟု ခေါ်ဝေါ်ခဲ့ကြရာမှ နောက်ပိုင်းတွင် မွတ်ဆလင်ဟု ခေါ်လာကြသည်ကို သိသိသာသာ တွေ့မြင်လာခဲ့ရသည်။ ထိုစကားလုံးသည်လည်း ယာယီသာ အလုပ်လုပ်နေခြင်းသာဖြစ်သည်။
■ စည်းလုံးခြင်းဖြင့် စုပေါင်းအဖြေရှာရမည့် ပုစ္ဆာ
တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်းများ မည်သို့ပင်ရှိနေစေကာမူ မွတ်ဆလင်လူမျိုးများအတွက် အမျိုးသားအမှတ်လက္ခဏာတစ်ခု မတည်ဆောက်နိုင်သမျှ ပြဿာနာက ဆက်လက်ရှိနေအုံးမည်မှာလည်း အသေအချာပင်ဖြစ်သည်။ ထို့ကြောင့် ရခိုင်အသိုင်းအဝိုင်းကလည်း ကြည်ဖြူ၊ မွတ်ဆလင်အသိုင်းကလည်း လက်ခံနိုင်သော အမှတ်သညာတစ်ခုကို ကျွန်ုပ်တို့ တည်ဆောက်ယူနိုင်ကြရမည်။
သို့သော် ထိုအမှတ်သညာသည် အမှန်တရားကို ဖုံးကွယ်ထားသော၊ လိမ်လည်ထားသော၊ လုပ်ယူထားသော အရာမျိုးမဟုတ်ဘဲ သမိုင်းကြောင်းအတိုင်း၊ အမှန်တရားအတိုင်းသာ ရှိသင့်သည်မှာလည်း ငြင်းပယ်၍ ရကောင်းသည်မဟုတ်။ နတ်မြစ်ဟိုဖက်ကမ်းတွင် ဘင်္ဂလီလူမျိုးများ နေထိုင်ကြသည်မှန်လျင် ဤဖက်ကမ်းတွင်လည်း ဘင်္ဂလီများရှိနေရမည်မှာ ယုတ္တိအားဖြင့်လည်း လက်မခံနိုင်စရာအကြောင်းမရှိပေ။ ဘင်္ဂလီလူမျိုးဖြစ်ခြင်းအားဖြင့်လည်း ဂုဏ်ညှိုးငယ်နိုင်စရာမရှိဘဲ ဂုဏ်ယူစရာပင်ဖြစ်သည်။
ထို့ကြောင့်လည်း အာရက္ခတပ်တော် AA စစ်ဦးစီးချုပ်က သူ၏ ယခင်က တွယ်တာ ယခု “X” လူမှုမီဒီယာထက်တွင် “ဘင်္ဂလီ” ဟု ရဲရဲဝံ့ဝံ့ စတင်သုံးနှုန်းလာခဲ့ခြင်း ဖြစ်ဟန်ရှိပေသည်။ ထိုအသုံးအနှုန်းကြောင့် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ရိုက်ခတ်မှုများ ရှိလာခဲ့ပါကလည်း ရင်ဆိုင်တော့မည်ဟု ဆုံးဖြတ်ထားရန် ရှိပေသည်။ ရခိုင်ပြည်အား “အာရက္ခပြည်” ဟု သုံးနှုန်းလာခဲ့သည်မှာလည်း ရခိုင်ပြည်တွင် နေထိုင်ကြသော ပြည်သူအားလုံးအတွက် ဘုံအမှတ်သညာ (Common Identity) ကို စတင်တည်ဆောက်လာခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။
အာရက္ခပြည်အား လုံခြုံ၊ ငြိမ်းချမ်း၍ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုဖြစ်လာရန်အတွက် ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ အာမခံနိုင်ခြင်းကသာ လက်တွေ့ကျပေသည်။ ထိုအခြေအနေများကို အာရက္ခတပ်တော် AA က ဖော်ဆောင်နိုင်ခြင်း ရှိမရှိကို အချိန်ပေးစောင့်ဆိုင်း ပေးသင့်ပေသည်။ အာရက္ခတပ်တော် AA အနေဖြင့်လည်း အားလုံးပါဝင်သော အရွေ့ (All-inclusive movement) ကို အမှန်တကယ်သွားနေကြောင်း ထင်ရှားနေရာ ပါဝင်အားဖြည့်ပေးခြင်းကသာ ပိုမိုကောင်းမွန်သော အရွေ့ကို အလျင်အမြန် ရောက်နိုင်လိမ့်မည်ဟု သုံးသပ်လိုသည်။ လက်နက်ကိုင်အဖွဲ့အမျိုးမျိုး၊ ပါတီပေါင်းစုံဖြင့် သူတစ်လူငါတစ်မင်း လုပ်နေကြလျင် ပို၍ထိခိုက်ပျက်စီးရေးကိုသာ ဦးတည်နိုင်သည်ဟုလည်း ရှုမြင်မိသည်။
■ ရခိုင်က မွတ်ဆလင်များကို အမျိုးအစားခွဲခြားခြင်း
လက်ရှိ အာရက္ခဒေသကို အာရက္ခတပ်တော် AA စိုးမိုးနယ်မြေ (Controlled Areas) နှင့် အကြမ်းဖက် စစ်ကောင်စီ စိုးမိုးမှု ရှိနေသေးသောနေရာ (Mixed Controlled Areas) ဟူ၍ နေရာနှစ်မျိုးသာ ရှိနေသည်ကို သတိထားမိသည်။ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့အစည်းများ ရှိနေသည်ဆိုသော်လည်း သူတို့တွင် သီးသန့်ထိန်းချုပ်နယ်မြေများ ထားရှိနိုင်ခြင်းရှိသည်ကို မတွေ့ရှိရပေ။ ပြောက်ကျား စစ်ဆင်ရေးဗျူဟာနှင့် မွတ်ဆလင်ရပ်ရွာများတွင် ကိုယ်ရောင်ဖျောက် နေထိုင်ခြင်းမျိုးကိုသာ သတိထားမိပေသည်။
အာရက္ခဒေသရှိ မွတ်ဆလင်များကို အပြင်းအုပ်စု (Radical Group)၊ အလယ်အလတ်အုပ်စု (Moderate Group) နှင့် အပျော့အုပ်စု (Soft Group) ဟူ၍ သုံးမျိုးခွဲခြားရလျင် အပျော့အုပ်စုက သုံးဆယ်ရာနှုန်းခန့်ရှိနိုင်ပြီး ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံ၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် များသောအားဖြင့် နေထိုင်ကြည်သည်။ အလယ်အလတ်အုပ်စုမှာ လေးဆယ်ရာနုန်းခန့်ရှိနိုင်ပြီး မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်ဒေသများတွင် အများအားဖြင့် နေထိုင်ကြသည်။ မောင်တောမြို့နှင့် ဘူးသီးတောင်တချို့နေရာများတွင် အပြင်းအုပ်စုအများစု နေထိုင်ကြပြီး စုစုပေါင်း မွတ်ဆလင်လူဦးရေ၏ သုံးဆယ်ရာခိုင်နှုန်းခန့်ဖြစ်နိုင်သည်။
တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ခိုလှုံနေကြသူအများစုမှာ အလယ်အလတ်အုပ်စုနှင့် အပြင်းအုပ်စုများဟု ဆိုနိုင်ပေသည်။ အပျော့အုပ်စုများသည် ရခိုင်အသိုင်းအဝိုင်းနှင့် နေထိုင်ရသည်ကို ပိုမိုနှစ်ခြစ်ကြပြီး အမျိုးသားအမှတ်သညာနှင့် ပတ်သက်၍ စိတ်ဝင်စားမှုအားနည်းကြသည်ကို တွေ့ရသည်။ အလယ်အလတ်အုပ်စုများသည် ရခိုင်လူမျိုးများနှင့် နေထိုင်ရသည်ကို နှစ်ခြစ်သည်မှန်သော်လည်း ပို၍အားကောင်းသော၊ ပို၍အကျိုးရှိနိုင်သောအုပ်စုများနှင့်သာ လက်တွဲလုပ်လိုကြသော စိတ်ဆန္ဒမျိုး ပိုမိုရှိကြသည်။ အပြင်းအုပ်စုများမှာကား “ရိုဟင်ဂျာ ဖြစ်ကိုဖြစ်ရမည်” မွတ်ဆလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရကိုရမည် စသောအုပ်စုများဖြစ်ကြပြီး လက်နက်ကိုင်ရခြင်းနှင့် အကြမ်းဖက်ရခြင်းများကို ပိုမိုနှစ်ခြစ်ကြဟန်ရှိသည်။
■ ရန်သူ (သူခိုး) ကို ဓားရိုးမကမ်းသင့်
အာရက္ခတပ်တော် AA က အာရက္ခပြည်မြောက်ပိုင်းရှိ မြို့နယ်များကို သိမ်းပိုက်ရရှိလာသည့် နောက်ပိုင်း အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီတပ်သည် ကိုလိုနီတို့၏ လမ်းစဉ်အတိုင်း သွေးခွဲအုပ်ချုပ်ခြင်းနှင့် လူမျိုးရေးပြဿာနာများ ဖန်တီးခြင်းတို့ကို တစ်ဖန်လုပ်ဆောင်နိုင်ရန်အတွက် တစ်ချိန်တစ်ခါက အကြမ်းဖက်အဖြစ် ကြေညာတိုက်ထုတ်ခဲ့သော မွတ်ဆလင်အပြင်းအုပ်စုများဖြစ်သည့် ARSA ကဲ့သို့ အဖွဲ့များကိုပင် စည်းရုံးလှုံ့ဆော်ခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများပြုလုပ်လာခဲ့သည်။ အခြားသော မွတ်ဆလင်လက်နက်ကိုင်များဖြစ်သည့် ARA နှင့် RSO များကိုပင် စစ်လက်နက်တပ်ဆင် ပေးခြင်းအားဖြင့် စစ်မြေပြင်သို့ ခေါ်သွင်းလာခဲ့သည်ကို တွေ့ရှိလာရသည်။ ထပ်ပြီးလည်း မွတ်ဆလင်အချို့ကို အဓမ္မစစ်မှုထမ်းခိုင်ကာ လက်နက်တပ်ဆင်ပြီး အသုံးချနေသည်။
မွတ်ဆလင်အကြမ်းဖက်အဖွဲ့များဖြစ်စေ၊ အကြမ်းဖက်မဟုတ်သော မွတ်ဆလင်များဖြစ်စေ ယခုအချိန်တွင် လမ်းမှန်နေရာမှန်ကို ရွေးချယ်သင့်သည်။ မိမိတို့ကို အကြမ်းဖက်ဟု သမုတ်ခဲ့သော အကြမ်းဖက်စစ်တပ်က မိမိတို့ကို ဓားစာခံအဖြစ် အသုံးချနေသည်၊ တစ်ဖက်အသိုင်းအဝိုင်းနှင့် ရန်တိုက်ပေးနေသည်ကို ကောင်းစွာ နားလည်သဘောပေါက်ရန် လိုအပ်သည်။ ပြည်တွင်းပြည်ပရှိ မွတ်ဆလင်ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများအနေဖြင့်လည်း အာရက္ခပြည်သား အချင်းချင်း တိုက်ခိုက်နေမည့်အစား မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ဘုံရန်သူဖြစ်သည့် အကြမ်းဖက် ဖက်ဆစ်စစ်တပ်အား တိုက်ခိုက်ရန် အစွန်းရောက်မွတ်ဆလင်အကြမ်းဖက်အဖွဲ့အစည်းကို မွတ်ဆလင်များအချင်းချင်း ပြန်လည်ထိန်းညှိ တည့်မတ်ပေးရန်လည်း အလွန်အရေးကြီးသည့် အချိန်အခါဖြစ်ကြောင်း အသိပေးလိုသည်။
မွတ်ဆလင်လူဦးရေ၏ တစ်ဝက်ခန့်သည် ဘင်္ဂလားဒေ့ရှ် စစ်ရှောင်စခန်းများတွင် ရောက်ရှိနေကြပြီး အာရက္ခပြည်တွင် ကျန်ရှိနေခဲ့သော တစ်ဝက်ထဲက ၆၀ ရာခိုင်နှုန်းကျော်တို့မှာလည်း အာရက္ခတပ်တော် AA ၏ ထိန်းချုပ်နေမြေထဲတွင် လုံလုံခြုံခြုံရှိနေကြပေရာ ARSA၊ ARA၊ RSO နှင့် စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းခံလိုက်ရသော မွတ်ဆလင်များမှာလည်း စစ်ကောင်စီတပ်အတွက် အင်အားဖြည့်တင်း ပေးသကဲ့သို့သာ ဖြစ်သွားနိုင်ပြီး မွတ်ဆလင်တို့၏ အခွင့်အရေးများကို ရရှိမည်မဟုတ်ဘဲ မိမိတို့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်နိုင်ခြင်းသို့သာ ဦးတည်နေကြောင်း သုံးသပ်လိုသည်။
စစ်မြေပြင်တွင် ကျဆုံးခြင်း၊ ထွက်ပြေးခြင်း၊ အလင်းဝင်ခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများဖြင့် တစစ အင်အားယုတ်လျော့လာနေသော အကြမ်းဖက် စစ်ကောင်စီတပ်သည် ဘက်ပေါင်းစုံကျဆင်းနေပြီး အရူးမီးဝိုင်းဖြစ်နေသည့် ကာလလည်းဖြစ်သည်။ ထိုအချိန်အခါမျိုးတွင်မှ အချိုသပ်သွေးခွဲလို၍ ပေးသော မက်လုံးမျိုးသည် မွတ်ဆလင်အသိုင်းအဝိုင်းအတွက် အလွန်အန္တရာယ်များသည်ဟု ရှုမြင်မိသည်။
■ လူမျိုးရေးအသွင်ဆောင် ပဋိပက္ခက ဖြစ်နိုင်ခြေနည်းပြီး မွတ်ဆလင်၏ လမ်းမှန်နေရာမှန်
အာရက္ခဒေသတွင် တကျော့ပြန်လူမျိုးရေး အဓိကရုဏ်းမျိုး ပြန်ဖြစ်လာနိုင်သလားဆိုလျင် ဖြစ်လာနိုင်စရာအကြောင်းမရှိဟုပင် ပြောရပေမည်။ အဘယ်ကြောင့်ဆိုသော် အကြမ်းဖက်မွတ်ဆလင်များကလွဲ၍ ကျန်မွတ်ဆလင်များအားလုံးမှာ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွင် ငြိမ်းငြိမ်းချမ်းချမ်း၊ လုံလုံခြုံခြုံရှိနေခြင်းပင်ဖြစ်သည်။ အာရက္ခတပ်တော် AA ၏ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာ မွတ်ဆလင်များ၏ အမျိုးသားလက္ခဏာနှင့် အခွင့်အရေးများလည်းပါဝင်ပြီး အာရက္ခပြည်သူပြည်သားများအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ အာရက္ခတပ်တော် AA က ပြောဆိုထားသည်မှာ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၌ အဖျက်အမှောက်၊ အဖျက်အဆီး၊ ဆန့်ကျင်ကန့်ကွက်သူ မည်သူ့ကိုမဆို ပြတ်ပြတ်သားသားတုန့်ပြန်မည်ဟု ဆိုသည်။ လက်ရှိ မြန်မာပြည်သူလူထု ဆန္ဒပြုတောင်းဆိုနေသော စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွင်လည်း အာရက္ခတပ်တော် AA က နိုင်ငံအနှံ့တွင် ပါဝင်ဆင်နွှဲနေပြီး အာရက္ခဒေသတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သော မည်သည့်လက်နက်ကိုင် အသင်းအဖွဲ့ကိုမဆို ပြတ်ပြတ်သားသားချေမုန်းသွားမည်ဟု ပြောဆိုထားသည်။
ထိုကြောင့် စစ်ကောင်စီနှင့် ပူးပေါင်းသော မွတ်ဆလင်လက်နက်ကိုင်အုပ်စုများနှင့် ဆက်နွယ်ပတ်သက် သူတို့မှာကား တစ်နွယ်ငြင်လျှင်တစ်ခြုံပါ ဆိုသည့်စကားအတိုင်း စစ်ပွဲထဲသို့ ရောက်ရှိသွားနိုင်ကြောင်း သုံးသပ်ပေသည်။ သို့ဖြစ်ပါ၍ မွတ်ဆလင်အသိုင်းအဝိုင်းများအနေဖြင့် လူမျိုးရေး၊ ဘာသာရေးထက် အဆပေါင်းများစွာ မြင့်မားသော စစ်ပွဲကိုမရောက်ရှိစေရန် အားလုံးက အတူတကွတားဆီးကာ အာရက္ခပြည် အမျိုးသားလွတ်မြောက်ရေးကိုသာ အဓိကထားပြီး အနည်းငယ်မျှရှိသော အကြမ်းဖက်မွတ်ဆလင်အချို့နှင့် အနည်းငယ် ကျန်ရှိနေသေးသော အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ကြရမည်ဖြစ်သည်။
သို့မှသာ အာရက္ခပြည်တွင် မွတ်ဆလင်လူမျိုးများအပါအဝင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများမှာလည်း ငြိမ်းချမ်း၍ ဖွံ့ဖြိုးသော ဘဝကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး အသက်အာမခံချက်ရှိသော ရေရှည်တည်တံ့သည့် အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်သည်။
နိဂုံးချုပ် နောက်ဆက်တွဲအနေဖြင့် ယခုဆောင်းပါးသည် ပဋိပက္ခကို ဦးတည်စေရန် သုံးသပ်ခြင်းမဟုတ်ဘဲ မိမိတို့၏ အခွင့်အရေးကို လမ်းမှန်နေရာမှန်က ကြိုးစားဆောင်ရွက်ကာ အဓိကနှင့် သာမညကို ခွဲခြားတတ်ရန် လိုအပ်ကြောင်း တင်ပြအပ်သည်။ ။
ဇော်ထွန်း (မြောက်ဦး)_ရေးသည်