Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း တစ်အိမ်တစ်ယောက်ကျ စစ်မှုထမ်းခေါ်ယူသွားမည်ဟု ဒေသခံပြည်သူများကြားတွင် သတင်းထွက်ပေါ်နေသည်။

ယခင်က အလျဉ်းသင့်သလို စစ်မှုထမ်းများ ခေါ်ယူခဲ့သော်လည်း လာမည့် လများတွင် တစ်အိမ်တစ်ယောက်ကျ မဖြစ်မနေ စစ်မှုထမ်း ခေါ်ယူသွားမည်ဟု မြေပြင်တာဝန်ရှိသူများက ပြည်သူများအား သတင်းစကားပါးထားကြောင်း စုံစမ်းသိရသည်။

စစ်မှုထမ်းခေါ်ယူရန် အာရက္ခတပ်တော် AA တွင် မြို့နယ်အလိုက် ခေါ်ယူရေးကော်မတီ ဖွဲ့စည်းထားပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပြောဆိုနေခြင်းနှင့် မကြာခင်ခေါ်ယူတော့မည်ဟုလည်း အမည်မဖော်လိုသည့် ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

“မဖြစ်မနေ တစ်အိမ်တစ်ယောက်ကျ ဝင်ရမယ်ဆိုပြီး ပြောပါတယ်။ မိသားစုထဲက တစ်ယောက်ယောက် တပ်ထဲဝင်ထားတာရှိတယ်ဆိုရင်တော့ ထပ်ဝင်စရာ မလိုတော့ဘူးတဲ့။ ရွာမှာ အစည်းဝေးခေါ်ပြီးပြောတယ်။ ကျနော်တို့ ရွာနည်းတူ တခြားရွာတွေလည်း ဒီအတိုင်းပဲကြားပါတယ်။ အခုလာမယ့် ဧပြီလကုန်ရင် ခေါ်မယ်ဆိုပြီးလည်း ပြောတယ်။ ဒါပေမယ့် တိတိကျကျတော့ ဘာမှ သေချာမသိရသေးပါဘူး” ဟု ပြောသည်။

အာရက္ခတပ်တော်မှ စစ်မှုထမ်းခေါ်ယူမည့်သူများမှာ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းနှင့် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်တွင်းဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းကာလနှင့် ပတ်သက်၍ တိကျသေချာသည့် အချိန်ကာလများ ထွက်ပေါ်လာမှုမရှိသေးကြောင်းနှင့် ထွက်ပေါ်နေသည့် သတင်းအရ စစ်မှုထမ်းကာလကို အနည်းဆုံး ၂ နှစ် သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်နေဆဲဖြစ်သည်။

သို့သော်လည်း အာရက္ခတပ်တော် AA ၏ ထိပ်ပိုင်းခေါင်းဆောင်များ ပြောဆိုထားသည်မှာ ရခိုင်ပြည်ကို ကာကွယ်စောင့်ရှောက်ရန် ရခိုင်သားတိုင်းမှာ တာဝန်ရှိကြောင်းနှင့် လိုအပ်လျှင် စစ်မှုထမ်းနိုင်သည့် လူတိုင်း စစ်မှုထမ်းရန် အသင့်ရှိရမည်ဟု ပြောဆိုထားမှုရှိသည်။

အာရက္ခတပ်တော် AA က စစ်မှုထမ်းခေါ်ယူမည့် အကြောင်း ဒေသခံများကြားတွင် စိုးရိမ်မှုများ ရှိနေကြသည်ဟု သိရသည်။

လူလတ်ပိုင်း အမျိုးသားတစ်ဦးက “ဒီကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်မိတာတော့ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ အခုကြားနေရတဲ့ အတိုင်းဆို စစ်မှုထမ်းကာလက ရှည်ပါတယ်။ ကျနော့်အခြေနေနဲ့ဆို မိသားစုကလည်း ကျနော့်ကို မှီခိုနေရတာဆိုတော့ စစ်မှုထမ်းပြီး ပြန်ရောက်လာရင် တောင်းစားရတော့မယ့် အနေအထားမျိုးနဲ့ကြုံရနိုင်ပါတယ်။ ပြီးတော့ နောက်တစ်ခုက ပြန်ထွက်လာလို့ မရမှာကိုပါ။ သူတို့ခေါ်သွားပြီး ပြန်ထွက်လာလို့မရတော့တဲ့ ဖြစ်စဉ်တွေကို ကျနော်တို့ကြားနေ သိနေရတော့ စိုးရိမ်မိတာပါ။ ဒီ ၂ ခုသာ ညှိလို့အဆင်ပြေရင် ကျနော်တို့ ဘယ်အချိန်ဖြစ်ဖြစ် စစ်မှုထမ်းဖို့အဆင့်သင့်ပါပဲ” ဟု ဆိုသည်။

၂၀၂၃ နိုဝင်ဘာလက စတင်သည့် အာရက္ခတပ်တော် AA ၏ တိုက်ပွဲမှာ မြို့နယ် ၁၇ ခုရှိသည့်အနက် ၁၄ ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့သာ ကျန်ရှိတော့သည်။

ထိုကြောင့် ဆက်လက် တိုက်ခိုက်ရမည့် မြို့သိမ်းတိုက်ပွဲနှင့် သိမ်းပိုက်ထားသော မြို့နယ်များအား ကာကွယ်စောင့်ရှောက်ရန် တပ်သားများ လိုအပ်နေသလို အုပ်ချုပ်ရေးအဖွဲ့များတွင်လည်း အရည်အချင်းရှိ လူအများအပြား လိုအပ်နေခြင်းဖြစ်သည်။

လက်ရှိတွင် အာရက္ခတပ်တော် AA သည် ပြင်ပစည်းဖြစ်သော ရခိုင်ရိုးမအလွန်ရှိ မကွေး၊ ပဲခူးနှင့် ဧရာဝတိုင်းတို့က စစ်ကောင်စီတပ်စခန်းများကို မဟာမိတ်ပူးပေါင်းတပ်များဖြင့် တိုက်ခိုက်နေသည်။

1 Comment

Comments are closed.

ဆက်စပ်သတင်းများ