ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်တွင် အခြေပြုလှုပ်ရှားသော အာဆာ ARSA ခေါင်းဆောင်များကို မတ်လ ၁၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ကျန်အဖွဲ့များကိုလည်း ဖမ်းဆီးရန် လိုကြောင်း ရခိုင်နိုင်ငံရေးပါတီများက ပြောသည်။
နယ်စပ်ဒေသတွင် ရာဇဝတ်မှုများ ကျူးလွန်ခြင်းနှင့် တရားမဝင် နယ်ဖြတ်ကျော် ဝင်ရောက်မှုတို့ဖြင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အာဆာ ခေါင်းဆောင် ၆ ဦးအပါအဝင် မိသားစုဝင် စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အာဆာ အဖွဲ့သည် ဘာသာရေးကို အသုံးချပြီး မွတ်ဆလင်လူငယ်များကို စည်းရုံးကာ ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်ဒေသတို့တွင် မွတ်ဆလင်များအား ညှမ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ အခြားသော မျိုးနွယ်စုများကိုလည်း ပြန်ပေးဆွဲ သတ်ဖြတ်ခြင်းပြုလုပ်နေသည်။
ထို့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း စသည့် အကြမ်းဖက်မှုများအား ကျူးလွန်နေသည့် အဖွဲ့ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ AA, Amnesty International, Fortify Rights စသော အဖွဲ့များနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက ထုတ်ပြန်ပြောဆိုထားကြသည်။
ယင်းအပြင် အာဆာ ကဲ့သို့သော မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ RSO, ARA, AIM/ARIF အဖွဲ့များလည်း ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင် နယ်စပ် ဘူးသီးတောင်၊ မောင်တော ဒေသတို့တွင် လှုပ်ရှားကြပြီး အာဆာ အဖွဲ့ကဲ့သို့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေသော အဖွဲ့များဖြစ်သည်ဟု သတ်မှတ်ထားကြသည်။
အာဆာအဖွဲ့၏ ခေါင်းဆောင်များကို ဖမ်းရုံနှင့် နယ်စပ်ဒေသက အကြမ်းဖက်မှုများနှင့် လက်နက်ကိုင်သောင်းကျန်းမှုများ ပပျောက်သွားမည်မဟုတ်ဘဲ RSO, ARA, AIM/ARIF အဖွဲ့များ၏ ခေါင်းဆောင်များကိုလည်း ဖမ်းဆီးရန် လိုအပ်သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
“ကျနော်တို့အနေနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့ ဒီနေ့ ကမ္ဘာကြီးဟာ မည်သည့်နေရာ၊ မည်သည့် ဒေသမှာ မဆိုပေါ့နော်။ အာဏာရှင်၊ အာဏာရူးတွေ နော် ဒီအကြမ်းဖက်မှုတွေကိုတော့ လက်ခံလိမ့်မယ် မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံကြီးတွေကလည်း ဒီလို အကြမ်းဖက်မှုတွေကို လက်မခံလို့ အပြတ်ရှင်းထုတ်နေတယ်ပေါ့နော်။ ကမ္ဘာ့တရားရုံးတွေက တရားစီရင်နေတယ်။ ကမ္ဘာမှာ သုတ်သင်ရှင်းလင်းနေတယ်။ ကမ္ဘာကြီးကိုယ်၌ကိုယ်က အကြမ်းဖက်သမားတွေကို လက်မခံတဲ့အချိန်မှာ ကျနော်တို့ဒေသမှာလည်း ကျနော်တို့ ပြည်သူတွေရော၊ အိမ်နီးချင်းနိုင်ငံတွေကလည်း လက်ခံလိမ့်မယ် မဟုတ်ပါဘူး။ အကြမ်းဖက်သမားတွေကို ဖမ်းဆီးရမယ်၊ နှိမ်နင်းရမယ် နော် ရှင်းလင်းပစ်ရမယ်လို့ ကျနော်တို့မြင်ပါတယ်” ဟု ပြောသည်။



RSO, ARSA, ARA စသော မွတ်ဆလက်နက်ကိုင်အဖွဲ့အစည်းများသည် ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတို့တွင် လူသတ်ခြင်း၊ ပြန်ပေးဆွဲ ငွေညှစ်ခြင်း၊ ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် လူကုန်ကူးခြင်းများကို ပြုလုပ်နေသည်ဟု အာရက္ခတပ်တော် AA ကလည်း ၂၀၂၄ ခုနှစ်က ထုတ်ပြန်ခဲ့ဖူးသည်။
ARSA, RSO အပါအဝင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် မွတ်ဆလင်က္ခသည်များအား သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခြိမ်းခြောက်မှုများ စသည့် စစ်ရာဇဝတ်မှုမြောက်သော လုပ်ရပ်များကို ပြုလုပ်ခဲ့သည်ဟု Fortify Rights မှ မတ်လ ၁၈ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေ့ရှ်ရှိဒုက္ခသည်စခန်းများအတွင်းမှ မွတ်ဆလင် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ ကျူးလွန်သည့် စစ်ရာဇဝတ်မှု မြောက်သော အထောက်အထားများကို တွေ့ရှိထားသည်ဟုလည်း ဆိုသည်။
“ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း အကြမ်းဖက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ရပ်တန့်ရမှာဖြစ်ပြီး ARSA နှင့် RSO အဖွဲ့ဝင်တွေအပါအဝင် တာဝန်ရှိသူတွေက တာဝန်ယူမှု တာဝန်ခံမှုရှိရပါမယ်” ဟု Fortify Rights ၏ ဒါရိုက်တာ John Quinley က ပြောသည်။
ထိုကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ၏ စစ်ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM), နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) စသည်တို့ ပါဝင်သော နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ ယန္တရားများဖြင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု Fortify Rights တောင်းဆိုထားသည်။
“ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကျခံရခြင်းကနေ လွတ်မြောက် နေတာနဲ့အမျှ ဗြောင်းဆန်နေအောင်ကို အကြီးအကျယ် လိုက်ဖျက်ဆီးနေပါတယ်။ စစ်ရာဇဝတ်မှုတွေကို များသောအားဖြင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ နယ်မြေအတွင်းမှာသာ ကျူးလွန်လေ့ရှိပေမယ့် ဒီအမှုကိစ္စမှာတော့ ဘင်္ဂလားဒေ့ရှ်က ရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံက စစ်ပွဲနဲ့ တိုက်ရိုက်ဆက်နွယ်နေပြီး စစ်ရာဇဝတ်မှုမြောက်ကြောင်း သတ်မှတ်လို့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ ယာယီအစိုးရအနေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို တရားစီရင်နိုင်ဖို့ နိုင်ငံတကာ တရားမျှတမှုဆိုင်ရာယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်” ဟု John Quinley က ပြောသည်။
RSO အဖွဲ့သည် ဘူးသီးတောင်၊ မောင်တော တိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီဖက်မှ ပူးပေါင်းကာ စစ်အာဏာရှင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ အာရက္ခတပ်တော် AA ကို တိုက်ခိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောဆိုထားသည်။
ARSA အဖွဲ့သည်လည်း ၂၀၁၇ ခုနှစ် ရခိုင်ပြည်အတွင်းက ဖြစ်စဉ်များအတွင်း ၎င်းတို့၏ အမိန့်ကို မနာခံဟုဆိုကာ မွတ်ဆလင်ပြည်သူများကို သတ်ဖြတ်ခြင်း၊ ရာနှင့်ချီသော ဟိန္ဒူလူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ကလည်း ထုတ်ပြန် ပြောဆိုထားသည်။
မွတ်ဆလင် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လူ့ဘောင်လူ့အသိုင်းအဝိုင်းမှ ကျော်လွန်ပြီး အကြမ်းဖက်မှုများကို ကျူးလွန်မှ ဖြစ်မည်ဟု ခံယူထားလျှင် သေချာပေါက် ကမ္ဘာကြီးက သုတ်သင်ရှင်းလင်းပစ်ရမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD သည် ရခိုင်ပြည်ထဲက နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီ အပါအဝင် မည်သည့် အာဏာရှင်စနစ်ကိုမျှ လက်မခံသော ပါတီတစ်ခုဖြစ်သည်။
ထိုကြောင့် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း လက်မခံသည့်အပြင် ကျင်းပခဲ့လျှင်လည်း အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်သည်ဟု ALD က ပြောဆိုထားသည်။