Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း မြန်မာစစ်တပ်ကို လက်နက်ပစ္စည်းများ ရောင်းပေးခဲ့သော အိန္ဒိယစစ်လက်နက်ကုမ္ပဏီ Bharat Electronics Limited (BEL) အား ဆွီဒင် ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှုစာရင်းမှ ဖယ်ထုတ်လိုက်ကြောင်း သိရသည်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းသော အိန္ဒိယစစ်လက်နက်ကုမ္ပဏီ BEL အား ဆွီဒင်နိုင်ငံမှ အရေးယူခြင်းအပေါ် ကြိုဆိုကြောင်း Justice For Myanmar က ယနေ့ မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို နှစ်ပေါင်းများစွာ အားပေးကူညီလာခဲ့တဲ့ BEL ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုစာရင်းက ဖယ်ထုတ်ခဲ့တဲ့ ဆွီဒင် ပင်စင်ရန်ပုံငွေရဲ့ လုပ်ဆောင်ချက်ကို ကျမတို့ ကြိုဆိုပါတယ်။ ဒီဆုံးဖြတ်ချက်က မြန်မာစစ်တပ်နဲ့ လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံတကာဥပဒေတွေကို ဆန့်ကျင်ရုံသာမက ဆိုးရွားတဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်း ဖြစ်တယ်လို့ BEL ကုမ္ပဏီကို ပြတ်သားတဲ့ သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

BEL ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်အုပ်စု၏ တရားမဝင်အာဏာ သိမ်းကြိုးပမ်းမှု မတိုင်မီနှင့် နောက်ပိုင်း ကာလနှစ်ခုလုံးတွင် စစ်ရေယာဉ်များအတွက် ရေဒါစနစ်များ၊ လေကြောင်းရန်ကာကွယ်ရေး စစ်လက်နက်အထိုင်စခန်းတစ်ခု၊ ရေဒီယိုစနစ်များနှင့် စက်ပစ္စည်းကိရိယာများကို မြန်မာစစ်တပ်ထံ ရောင်းချပေးခဲ့သည်ဟု ဆွီဒင်နိုင်ငံ AP Pension Funds ၏ ကျင့်ဝတ်ဆိုင်ရာကောင်စီက ပြောဆိုထားသည်။

ထိုကြောင့် ဆွီဒင်နိုင်ငံ AP Pension Funds ၏ ကျင့်ဝတ်ဆိုင်ရာကောင်စီက အိန္ဒိယစစ်လက်နက်ကုမ္ပဏီ BEL အား ရင်းနှီးမြှုပ်နှံမှုစာရင်းမှ ဖယ်ထုတ်ရန် အကြံပြုတိုက်တွန်းထားသည်။

BEL ကုမ္ပဏီက မြန်မာစစ်တပ်ထံ စစ်လက်နက်နှင့် စက်ပစ္စည်းကိရိယာ ရောင်းချခဲ့သည်များကို Justice For Myanmar ကလည်း ဖော်ထုတ်ထားပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ ၆ လအတွင်း အမေရိကန်ဒေါ်လာ ၅ သန်းကျော်ဖိုးရှိသော စစ်တပ်က နောက်ဆုံးလက်ဝယ်အသုံးပြုမည့် စက်ပစ္စည်းကိရိယာများလည်း ပါဝင်သည်ဟု ဆိုသည်။

၂၀၂၄ ခုနှစ်၊ မတ်လတွင် မြန်မာစစ်တပ်အတွက် သုံးဘက်မြင်စောင့်ကြည့် ထောက်လှမ်းရေး ရေဒါတစ်ခုအတွက် ထိန်းချုပ်ရေးကိရိယာတစ်စုံကို BEL က လွှဲပြောင်းရောင်းချပေးခဲ့ခြင်း အပါအဝင် လတ်တလောအချိန်အထိ လွှဲပြောင်းရောင်းချထားမှုများရှိသည်ဟု Justice For Myanmar က ပြောသည်။

BEL ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ထားပြီး ယင်းရုံးခွဲသည် မှတ်ပုံတင်ထားဆဲ ဖြစ်ကြောင်းနှင့် BEL ကုမ္ပဏီ၏ စုရှယ်ယာရှင်အများစုမှာ အိန္ဒိယအစိုးရ ဖြစ်ကြောင်း သိရသည်။

BEL ကုမ္ပဏီက ရောင်းချပေးနေသည့် စစ်လက်နက်များနှင့် စက်ပစ္စည်းကိရိယာများကို အသုံးပြု၍ မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု Justice For Myanmar က ဆိုသည်။

OECD လမ်းညွှန်ချက်များ၊ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန် အခြေခံမူများအရ လူ့အခွင့်အရေးတာဝန် ဝတ္တရားများကို လိုက်နာလုပ်ဆောင်ရန် အကြိမ်ကြိမ်ပျက်ကွက်မှုကြောင့် BEL ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်းရန် ဆွီဒင်ပင်စင်ရန်ပုံငွေအပါအဝင် BEL ၏ ရင်းနှီးမြှုပ်နှံသူ အဖွဲ့အစည်းများကို Justice For Myanmar က တိုက်တွန်းထားသည်။

အိန္ဒိယသည် မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းများနှင့် နည်းပညာများ ပေးအပ်နေခြင်းသည် စစ်အုပ်စု၏ မြန်မာပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများတွင် တိုက်ရိုက်ပံ့ပိုး ပေးနေခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီလျက်ရှိကြောင်း Justice For Myanmar က ဆိုသည်။

“မြန်မာပြည်သူတွေက အကြမ်းဖက်စစ်တပ်ကို လေးနှစ်ကျော်ကြာ သတ္တိပြောင်စွာ ခုခံတော်လှန်ခဲ့ကြပြီး ဖြစ်ပါတယ်။ စစ်တပ်ဆီကို အရင်းအမြစ်တွေ ဆက်လက်ပေးအပ်နေတဲ့ နိုင်ငံတကာစီးပွားရေး ကွန်ရက်က စစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေတာ ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံသူအဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုနဲ့ လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အဆုံးသတ်ရေး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းရေးအတွက် ကုမ္ပဏီတွေကို ပိုပြီးတော့ ဖိအားပေးနိုင်အောင် လုပ်ဆောင်ဖို့လိုအပ်ပါတယ် ” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆက်လက် ပြောကြားခဲ့သည်။

ထိုကြောင့် အိန္ဒိယအနေဖြင့် မြန်မာစစ်အုပ်စုအပေါ် စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေး ချက်ချင်းပြဌာန်းရန်၊ သင်တန်းနှင့် အခြားစစ်ဘက်ဆိုင်ရာပံ့ပိုးမှုများအားလုံးကို ရပ်တန့်ပေးရန် Justice For Myanmar က တောင်းဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ