Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာရက္ခတပ်တော် AA သည် ဒေသခံပြည်သူ့တော်လှန်ရေးအဖွဲ့များဖြင့် ရခိုင်ပိုင်နက် ရခိုင်ရိုးမတောင်ကို ကျော်လွန်ပြီး မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့က စစ်ကောင်စီ၏ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

AA သည် ထိုးစစ်ကို ရခိုင်ရိုးမတောင်ပေါ်တွင် ရပ်တန့်ထား၍ ရသော်လည်း အပြင်စည်း လုံအောင် ကာရန်သည့် အနေဖြင့် ရိုးတောင်ကိုကျော်ကာ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

“စစ်သဘောနဲ့ ကြည့်မယ်ဆိုရင် စစ်ကောင်စီက သူတို့ အင်အားချိနည်းပြီး စစ်ရှုံးသွားတယ်ပေါ့နော်။ ဒါပေမယ့် သူတို့နယ်မြေတွေကို သူတို့ကတော့ ပြန်လိုချင်အုံးမှာဆိုတော့ သူ့အနေနဲ့ အင်အားစုဖွဲ့မှု ကောင်းလာရင် ပြန်တိုက်မှာပဲ။ ပြန်တိုက်မယ်ဆိုရင် အခု အာရက္ခတပ်တော် တိုက်နေတဲ့ လမ်းကြောင်းတွေကပဲ ဝင်လာရမှာ။ ဝင်လာရမှာဖြစ်တဲ့အတွက် ဒါ AA က သူ့နယ်မြေထဲကို ဝင်လာလို့မရအောင် သူက စစ်တပ်က လာမတိုင်ခင်ဘဲ တန်ပြန်တိုက်စစ် စစ်မျက်နှာဖွင့်ထား လိုက်တာပေါ့။ အဲတော့ စစ်တပ်ဟာ ရေကြောင်းနဲ့ လေကြောင်းကလွဲရင် ကြည်းတပ်ကနေ ပြန်ဝင်လာလို့ မရတော့ဘူး။ အခု တိုက်နေတာကလည်း ပုသိမ်-မုံရွာ လမ်းအပေါက်တွေပေါ့နော်”ဟုပြောသည်။

ရခိုင်ပြည်သို့ စစ်ကောင်စီ၏ ကြည်းတပ်များ ပြန်လည် မဝင်ရောက်လာနိုင်စေရန် ပုသိမ်-မုံရွာ လမ်းပိုင်းအား ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆက်လက် သုံးသပ်ထားသည်။

“တချို့ကတော့ ပြောတာပေါ့လေ။ ပြည်အထိ သွားမယ်။ ရန်ကုန်အထိ သွားမယ်ဆိုတာ အဲလောက်ထိကျရင် AA အနေနဲ့ ဒါ စစ်နယ်ကျွံသွားမယ့် အနေအထားရှိမယ်။ ကျနော်ထင်တာကတော့ ဒီ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ ပုသိမ်-မုံရွာ လမ်းပိုင်းကို သူတို့ ဖြတ်တောက် ထိန်းချုပ်လိုတဲ့ အနေအထားရှိတယ်။ ပုသိမ်-မုံရွာလမ်းပိုင်းကို အာရက္ခတပ်တော် AA အနေနဲ့ ဖြတ်တောက်ပြီး ထိန်းချုပ်နိုင်မယ့် အနေအထားမျိုး နီးလာပြီလို့ပဲ ကျနော်ကတော့ သုံးသပ်ပါတယ်” ဟု ပြောသည်။

ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်သည့် စစ်ကောင်စီ၏ ကပစ စက်ရုံးများမှာ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းတွင် တည်ထားကြသည့်အတွက် ပုသိမ်-မုံရွာလမ်းပိုင်း ထိန်းချုပ်ခံလိုက်ရလျှင် ကပစ စက်ရုံများမှာ ဆက်သွယ်ရေး ပြတ်တောက်သွားနိုင်သည်ဟု သိရသည်။

သို့သော်လည်း စစ်ကောင်စီသည် ကပစ စက်ရုံများဖြင့် ဆက်သွယ် မပြတ်တောက်စေရန် ကပစ ၂ မလွန်ဘက်ကနေ ကပစ ၁၄ ကို ဖြတ်၍ရမည့် လမ်းဖောက်နေပြီး ဒုတိယ အစီအစဉ်အနေဖြင့် ကြိုတင်လုပ်ဆောင်ထားကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

“သူတို့ ကပစ စက်ရုံတွေနဲ့ ဆက်သွယ်ရေး ပြတ်တောက်သွားမှာကို စိုးတယ်။ ဒါ့ကြောင့် အခု ကပစ ၂ မလွန်ဘက်ကနေပြီးတော့ ကပစ ၁၄ ကို ဖြတ်လို့ရမယ့် လမ်းဖောက်နေတာရှိတယ်။ အဲဒီလမ်းကနေ ပုသိမ်-မုံရွာလမ်း ထိန်းချုပ်ခံလိုက်ရရင်တောင်မှပဲ ကန်ဇွန်းမ၊ စေတုတ္တရာ၊ ငဖဲ ကနေ မလွန်၊ မလွန်ကနေမှ မလွန်မြစ်ကူးတံတားကနေတစ်ဆင့် ခုနှစ်ပေါ်ကို ကူးလိုက်ရင် ကျနော်ဒီ မြစ် အရှေ့ဘက်၊ အနောက်ဘက်ကမ်းကို ပြန်ပြီး ဆက်သွယ်ရေး လုပ်လို့တဲ့ အနေအထားရှိတယ်။ ဒါက စစ်တပ်ရဲ့ ဒုတိယအစီအစဉ်ပေါ့နော်။ ကြိုပြီးလုပ်ထားတာ။ စစ်တပ်က ကြိုလုပ်ပြီးဆိုရင်တော့ ဖြစ်တတ်တယ်” ဟု ဆိုသည်။

စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းတို့ကို ဆက်သွယ်ထားသည့် ပုသိမ်-မုံရွာလမ်းရှိ မကွေးတိုင်းက စစ်ကောင်စီတပ်စခန်းများ၊ ပဲခူးတိုင်းက စစ်ကောင်စီတပ်စခန်းများနှင့် ဧရာဝတီတိုင်းထဲက စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

မကွေးတိုင်း ငဖဲမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေသလို ပဲခူးတိုင်း ပန်းတောင်းမြို့နယ်နှင့် ဥသျှစ်ပင်မြို့ အနီးတို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး ဧရာဝတီတိုင်းထဲက ရေကြည်၊ လေးမျက်နှာ၊ ငသိုင်းချောင်း၊ သာပေါင်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ