အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည် ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တို့ကို မတ်လ ၂၂ ရက် နံနက် ၃ နာရီဝန်းကျင်နှင့် နံနက် ၉ နာရီဝန်းကျင်တို့တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံကျေးရွာကို ယနေ့ နံနက် ၉ နာရီဝန်းကျင်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်ကာ ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့သည်။
ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက “ကျော်ဇံရွာကို စစ်ကောင်စီက ဗုံး ၃၊ လေးလုံးလောက် ကြဲသွားတယ်။ ဒီနေ့ မနက် ၉ နာရီလောက်ပဲ။ ဘယ်လောက် ထိခိုက်ပျက်စီးသွားသလဲကိုတော့ မသိရသေးဘူး” ဟု ပြောသည်။
ယင်းအပြင် ပေါက်တောမြို့နယ် သဲခုံကျေးရွာကိုလည်း ယနေ့ နံနက် ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် နှစ်ကြိမ်လာရောက် ကြဲသွားကြောင်း ဒေသခံများက ပြောသည်။
ပေါက်တော ဒေသခံတစ်ဦး “ပေါက်တာ သဲခုံရွာကိုလည်း ပေါင် ၅၀၀ နဲ့ ဗုံးကြဲသွားတယ်။ စာသင်ကျောင်း၊ နေအိမ်တွေ၊ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးသွားတယ်ပြောတယ်။ လူအထိအခိုက် ရှိမရှိ မသိရသေးဘူး။ စုံစမ်းနေတုန်းဖြစ်ပါတယ်” ဟု ပြောသည်။
ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့တို့သည် စစ်တွေမြို့အနီးက မြို့များဖြစ်ပြီး စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ နေ့စဉ်နီးပါး လက်နက်ကြီးပစ်ခတ်မှုများကြောင့် အဆိုပါ ကျေးရွာများမှ ပြည်သူများမှာ ဇန်နဝါရီလ ကတည်းက ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များနှင့် ရေတပ်တို့သည် စစ်တွေမြို့အနီးက တိုက်ပွဲများကို အကြောင်းပြု၍ စစ်ရေးနှင့်မဆိုင်သော ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင်ဘက်သို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်တွေမြို့နယ်နှင့် ထိစပ်နေသော ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာပေါင်း ၂၀ ခန့်နှင့် ပေါက်တောမြို့နယ်က ကျေးရွာပေါင်း ၁၀ ကျော်မှ ဒေသခံပြည်သူ ထောင်ပေါင်းများစွာမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။