Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး ကြီးလေးသည့် ဘေးထွက်ဆိုးကျိုးနှင့် ကြောက်မက်ဖွယ်အကြမ်းဖက်မှု စစ်ပွဲ ကြီးတစ်ခုကို ရခိုင်ပြည်တွင် ဖန်တီးပုံဖော်ခဲ့သူမှာ အာတာအူလာဟု ဆိုလျှင် သံသယဝင်မည်လော။

နယ်စပ်က မူးယစ်ဆေးဝါး နှိမ်နင်းမှု စစ်ဆင်ရေးတွင် ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေး DGFI အရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့မှုနှင့် အခြား နယ်စပ်ဒေသက ရာဇဝတ်ပြစ်မှုများ အတွက် အာတာအူလာနှင့် အာဆာ ခေါင်းဆောင် များကို ဘင်္ဂလားဒေ့ရှ်က ယခုအခါ ဖမ်းဆီးထားသည်။

အာတာအူလာ

အာတာအူလာ အဘူအမ်မာ ဂျူနူနီသည် ရခိုင်ပြည် ဇာတိ မဟုတ်ပေ။ ပါကစ္စတန်တွင် မွေးဖွားပြီး ငွေကြေးတတ် နိုင်သည့် အသိုင်းဝိုင်းက ဆင်းသက်လာသည်။ ဖခင်မှာ မောင်တောမြောက်ပိုင်း ဇာတိဖြစ်သည်။ ငယ်စဉ်က ကရာ ချိမြို့ရှိ နာမည်ကျော် Darul-Uloom အစ္စလာမ် ဘာသာရေးကျောင်းတွင်တက်ခဲ့ပြီး ပညာဆက်သင်ရန် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ် (Riyadh) သို့ မိသားစုအလိုက် ပြောင်းရွှေ့အခြေချခဲ့သည်။

အာတာအူလာသည် ဗလီတစ်ခုတွင် ကိုရမ်ကျမ်းစာကို အလွတ်ရွတ်ပြနိုင်သဖြင့် ဆော်ဒီနိုင်ငံသားများ၏ အာရုံစိုက်မှုကို ရရှိပြီး နာမည်ရလာသည်။ အာတာအူလာသည် မွတ်ဆလင် (ရိုဟင်ဂျာ)၊ အူရဒူ၊ ဘင်္ဂါလီနှင့် အာရဗီဘာသာ စကားများကို ကျွမ်းကျင်စွာပြောနိုင်ပြီး စည်းရုံးရေးကောင်းသူ တစ်ဦးဖြစ်သည်။ ၎င်းသည် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် ARSA ကို ၂၀၁၂ တွင် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင် တည်ထောင်သူထဲက တစ်ဦးဖြစ်သည်။

အဓိက ရည်ရွယ်ချက်မှာ ၂၀၁၂ ခုနှစ်တွင် ဖြစ်ခဲ့သော အဓိကရုဏ်းတွင် မွတ်ဆလင်များ ဖိနှိပ်ခံရသည်ဟု အမြင်ရှိပြီး ပြန်တိုက်မည်ဟု ဆိုသည်။ ၂၀၁၂ခုနှစ် မေလတွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာက ရခိုင်အမျိုးသမီးတစ်ဦးကို မွတ်ဆလင် ၃ ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီးနောက် တောင်ကုတ်တွင် မွတ်ဆင်လင် ၁၀ ဦး သတ်ဖြတ်ခံရသည်။

ယင်းအမှုကနေ လူမျိုးရေး ဆန်ဆန် အကြမ်းဖက်မှုများ ရခိုင်ပြည်အနှံ့ကို ကူးစက်သွားခဲ့လေသည်။ ပဋိပက္ခများကြောင့် သေဆုံးဒဏ်ရာရသူ ရာနှင့် ချီရှိခဲ့ပြီး နှစ်ဘက်အသိုင်းအဝိုင်းကြား သောင်းနှင့်ချီသည့် ပြည်သူများလည်း အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ထိုပဋိပက္ခကို အကြောင်းရှာကာ အာတာအူလာသည် ဆော်ဒီအာရေဗျနိုင်ငံမှ ရခိုင်ပြည်သို့ ခိုးဝင် ရောက်လာသည်။

ရခိုင်နေ မွတ်ဆလင် (ရိုဟင်ဂျာ)များကို ကယ်တင်မည်ဟု အကြောင်းပြပြီး ၂၀၁၃ခုနှစ်တွင် အာတာအူလာသည် မောင်တောမြောက်ပိုင်းသို့ ကွင်းဆင်းကာ ဒေသခံ မွတ်ဆလင် ဘာသာရေးခေါင်းဆောင်များကို စည်းရုံးပြီး လျှို့ဝှက် လှုပ်ရှားမှုများ စတင်တော့သည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မေယုတောင်ကြောကို အခြေပြုပြီး နယ်ခြားစောင့် တပ်များကို တိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်ပြလာသည်။ အာတာအူလာသည် မျက်နှာဖုံးစွပ် သေနတ်ကိုင်ထားသည့် အခြွေအရံများဖြင့် ရိုဟင်ဂျာ (မွတ်ဆလင်များ) လွတ်မြောက်ရေးအတွက် တိုက်ခိုက်မည်ဟု ဗီဒီယိုကတစ်ဆင့် ကိုယ်ထင်ပြ ကြုံးဝါးလာခဲ့သည်။

၂၀၁၆ အောက်တိုဘာတွင် မောင်တောမြို့နယ်က နယ်ခြားစောင့်ရဲ စခန်း ၃ ခုကို ဝင်စီးနင်းခဲ့ပြီး ရဲ ၉ ဦးကို သတ်ဖြတ်ခဲ့သည်။ နယ်ခြားစောင့်စခန်းများကို ပြောက်ကျားစနစ်ဖြင့် မကြာခဏတိုက်ခိုက်ကာ မွတ်ဆလင်များ ယုံကြည် လာအောင် လုပ်ပြသည်။ ယင်းကြောင့် မွတ်ဆလင် လူငယ်အချို့မှာလည်း အာတာအူလာကို ကယ်တင်ရှင် အမြင်ဖြင့် တပည့်ခံ ပူးပေါင်းကြလေသည်။ ယင်းအချိန်သည် ယခင် ရှိနှင့်ပြီးသား ဝါရင့် မွတ်ဆလင်အဖွဲ့ RSO အားပျော့ချိန် ဖြစ်သဖြင့် အာဆာအတွက် အခွင့်ကောင်းရခဲ့သည်။

ကမ္ဘာကျော် အကြမ်းဖက်မှု ပုံဖော်ပြီ

အာဆာတပ်သည် ၂၀၁၇ သြဂုတ် ၂၅ ရက်တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်က တပ်ရင်းဌာနချုပ် တစ်ခုနှင့် ရဲစခန်း ၃၀ ကျော်ကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းဖြစ်စဉ်ထဲ ရခိုင်ဒေသခံ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ မာရမာ လူဦးရေ ၃၀၀ ထက်မနည်းကိုလည်း အာဆာက သတ်ဖြတ်လိုက်သည်။

ယင်းအထဲတွင် မောင်တောမြို့နယ် ခမောင်းဆိပ်၊ ရဲဘော်ကျနှင့် မြို့သူကြီးကျေးရွာတို့မှ ဟိန္ဒူဘာသာဝင် ၁၀၀ ကျော်လည်း သေဆုံးခဲ့ရသည်။ ယင်းကြောင့် အာဆာကို အကြမ်းဖက်ဖွဲ့အဖြစ် မြန်မာအစိုးရက ကြေညာသည်။ မြန်မာစစ်တပ်ကလည်း ဇွဲမာန်ဟုန် စစ်ဆင်ရေးအမည်ဖြင့် အာဆာကို နှိမ်နင်းသည်။ ယင်းအထဲ အရပ်သား မွတ်ဆလင်များကို မြန်မာစစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ မီးရှို့ဖျက်ဆီးကာ မွတ်ဆလင်တွေ့လျှင် အပြောင်ရှင်းသည့် ဗျူဟာ ကျင့်သုံးခဲ့သည်။

ထိုသို့ ပြင်းထန်လှသော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မွတ်ဆလင်ကျေးရွာ ရာနှင့်ချီ မီးရှို့ခံခဲ့ရပြီး လူဦးရေ ၇ သိန်း ကျော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။ ဖြစ်စဉ် နောက်ဆက်တွဲအဖြစ် မြန်မာစစ်တပ် နှင့် ခေါင်းဆောင်များကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေနှင့် အိုင်စီစီတို့ တွင် တရားစွဲဆို ခံထားရသည်။ ထိုဖြစ်စဉ်ကို ဆန်းစစ်လျှင် အာတာအူလာ ကြံစည်မှု၏ သက်ရောက်မှုဖြစ်ပြီး ကမ္ဘာ့ မျက်နှာစာတွင် မွတ်ဆလင်အရေး နာမည်ရလာသည်။

ဒုက္ခသည်စခန်းတွင်း အကြမ်းဖက်မှု

အာတာအူလာလုပ်ရပ်နှင့် မြန်မာစစ်တပ် နှိမ်နင်းမှုကို ပြည်သူများသာ အများဆုံး ခံစားခဲ့ရပြီး ယနေ့ထိ ဘင်္ဂလား ဒေ့ရှ် ဒုက္ခသည်စခန်းများတွင် မွတ်ဆလင်များ နေထိုင်ကြရဆဲဖြစ်သည်။ မြန်မာစစ်တပ်၏ စစ်ဆင်ရေးသည် မွတ် ဆလင်ပြည်သူ ဘဝ အတိဒုက္ခ သက်ရောက်စေခဲ့သည်။ ၂၀၁၇ နောက်ပိုင်းတွင် အာတာအူလာသည်လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ခိုလှုံကာ အင်အားတစ်ဖန် ပြန်မွေးသည်။

ယင်းအပြင် အာဆာသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ တရားမဝင် မှောင်ခိုပစ္စည်း တင် သွင်းမှုဖြင့် တပ်ရံပုံငွေ ထပ်မံအားဖြည့်လာသည်။ အာတာအူလာသည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်ရှိ အကြမ်းဖက် အုပ်စု များထံမှာ အကူအညီ ရယူသည်။

အာဆာသည် မွတ်ဆလင် စီးပွားရေး လုပ်ငန်းရှင်များထံမှ ဆက်ကြေးကောက်ကောက်သည်။ စီးပွားရေးသမား များကို ပြန်ပေးဆွဲသည်။ လူသတ်မှုများကို ပေါ်ပေါ်တင်တင် တောက်လျှောက် ကျူးလွန်သည်။ ယင်းအချက်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက သိသော်လည်း လျစ်လျူရှုခဲ့သည်။

အာဆာသည် ဒုက္ခသည်စခန်းတွင် အာဏာကြီးစိုးရေးအတွက် ဝေဖန်သူများကို သတ်ဖြတ်ပြပြီး အကြောက်တရား သွင်း အုပ်စိုးသည်။ ထင်ရှားမှုတစ်ခုမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် မွတ်ဆလင် ဒုက္ခသည် စခန်းခေါင်းဆောင် လူချစ် လူခင်များသူ မိုဟီဘူလာကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ RSO ကလည်း စခန်းအတွင်း ဩဇာတည်ဆောက်လာသဖြင့် ARSA နှင့် RSO တို့ စခန်းထဲ မကြာခဏ ပစ်ခတ်မှုများရှိပြီး နယ်စပ်တွင်လည်း တိုက်ပွဲများဖြစ်ခဲ့ကြသည်။ ယင်းအခြေအနေများကြောင့် ဒုက္ခသည်များမှာ လည်း လုံခြုံမှု ကင်းမဲ့စေခဲ့သည်။ ထိုအခြေအနေများကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မသိကျိုးကျွံပြုသည်။

ရန်သူဘဝမှ မိတ်ဆွေအဖြစ်သို့

၂၀၁၇ တွင် အကြိတ်အနယ် ရန်သူအဖြစ် တိုက်ခိုက်ခဲ့ကြသည့် မြန်မာစစ်တပ်နှင့် အာဆာတို့ တစ်ဖန်လည်ပင်းဖက် မိတ်ဆွေကဲ့သို့ ရောက်သွားပြန်သည်။ အကြမ်းဖက်အဖွဲ့ဟု ကြေညာထားသည့် အာဆာနှင့် စစ်ကောင်စီ ပူးပေါင်းသွားမှုအပေါ် မြန်မာ ပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်လာသည်။

ရခိုင်ပြည်သိမ်းတိုက်ပွဲ အရှိန်မြင့်လာချိန် အာဆာသည် အခွင့်အရေး ရလိုရကြောင်း စစ်ကောင်စီနှင့် မဟာမိတ်ဖွဲ့ကာ အာရက္ခတပ်တော် AA ကို တိုက်ခိုက်သည်။ စစ်ကောင်စီကလည်း AA အောင်နိုင်ရေးအတွက် အာဆာအပေါ် လက်နက်အကူအညီနှင့် လုပ်ပိုင်ခွင့်များစွာပေးပြီး သူကောင်းပြု မြှောက်စားလာသည်။ AA ကိုတိုက်ထုတ်နိုင်လျှင် ဘူးသီးတောင်၊ မောင်တောကို အာဆာထံသို့ ပေးမည်ဟု စစ်ကောင်စီက ကတိကဝတ်ပြုခဲ့ကြောင့် စစ်ကောင်စီ၏ လျိုဝှက်မှုများ ပေါ်ထွက်လာခဲ့သည်။

စစ်ကောင်စီ မျက်နှာပေးမှုဖြင့် အာဆာသည် ဘူးသီးတောင်မြို့ပေါ်က ရခိုင်နေအိမ်များကို မီးရှို့ခြင်း၊ ၎င်းတို့ကို မ ထောက်ခံသည့် မွတ်ဆလင်များကို သတ်ဖြတ်ခြင်းစသည့် စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့သည်။ AA ကိုတိုက်ရန် လိုအပ်သော စစ်သားအရင်းအမြစ်များကို ဘူးသီးတောင်၊ မောင်တောနှင့် ဒုက္ခသည် စခန်းက လူငယ်များကို ခြိမ်းခြောက် အကျပ်ကိုင်ပြီး စစ်ကောင်စီထံ အာဆာက တပ်သားသစ် ရောင်းစားခဲ့သည်။ တိုက်ပွဲများတွင် စစ်ကောင်စီဘက်ကနေ အပြင်းအထန်ခုခံခဲ့သော်လည်း AA ထံ အရေးနိမ့်ကာ အာဆာသည် ဒုက္ခသည်စခန်းသို့ တပ်ဆုပ်ခဲ့ပြန်သည်။

ထိုသို့ အာဆာသည် တော်လှန်ရေး၊ နိုင်ငံရေး ခိုင်မာသည့် ရပ်တည်ချက် မူဝါဒမရှိဘဲ ဓါးပြအဆင့်ဖြင့် မိုက်ရှုးရဲဆန် သည့် လုပ်ရပ်များဖြင့် အချိန်ကုန်ခဲ့သည်။ မွတ်ဆလင် အမျိုးသားရေးကို ဗန်းပြကာ မြန်မာစစ်တပ်ကို တိုက်လိုက်၊ မြန်မာစစ်တပ်နှင့် မဟာမိတ်ဖွဲ့ လိုက်၊ AA ကို တိုက်လိုက်နှင့် မျက်နှာများသည့် အာဆာကို မွတ်ဆလင်များက လက်မခံတော့ချေ။ တစ်ဖန် မောင်တောဒေသကို AA သိမ်းပိုက်ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းတွင် AA ပြန်တိုက်မည်ဟု ဒုက္ခသည် စခန်းကနေ ထပ်မံ ကြေညာလာပြန်သည်။ ၂၀၂၄- ၂၀၂၅ ယခု အချိန်ထိ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောဒေသနေ ရခိုင်နှင့် မျိုးနွယ်စုများကို မကြာခဏ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်သည်။

ARSA ခေါင်းဆောင်သည် ဒုက္ခသည်စခန်းကို လူသားရင်းမြစ် စုဝေးရာ နေရာအဖြင် လိုသလို ချေလှယ်သည်။ ထို သို့ ဒုက္ခသည်များကို ပစ်မှတ်ထားသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်အနေဖြင့် နိုင်ငံတကာ ရာဇ ဝတ် ခုံရုံးတို့တွင် တရာစွဲသင့်ကြောင်း Fortify Rights တောင်းဆိုသည်။ ထို့တူ ဒုက္ခသည်စခန်းများအတွင်း ARSA, RSO နှင့် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များသည် ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်အတွင် လူ ၂၂၀ ထက် မနည်းကို သတ်ဖြတ်ခဲ့ကြောင်း Fortify Rights က ထောက်ပြသည်။

အာတာအူလာ ကျရှုံးခန်းနှင့် စဉ်းစားစရာများ

ထိုသို့ ရခိုင်အရေးတွင် နက်နဲရှုပ်ထွေးသည့် ပဋိပက္ခများကို ၁၃ နှစ်ကြာ ဖန်တီးခဲ့သူ အာတာအူလာကို ယခင်က တည်းက ဖမ်းဆီးရန် ပျက်ကွက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်သည် ယခုအချိန် ဖမ်းဆီးလိုက်ခြင်းမှာ ရိုးရှင်းမနေပေ။

အာရက္ခတပ်တော်သည် နယ်စပ်အပါအဝင် ရခိုင်တစ်ပြည်လုံးနီးပါးကို သိမ်းပိုက်ထားချိန်၊ ဒုက္ခသည် စခန်းများကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ရောက်လာပြီးချိန်နှင့် တိုက်ဆိုင်နေသည်။ ကုလ အကြီးအကဲက မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေး အဖြေရှာရန် AAနှင့် ဆက်ဆံရမည်။ ဘင်္ဂလားဒေ့ရှ် အ ကြီးအကဲ ယူနွတ်စ်ကလည်း ဒုက္ခသည်များ နောက်နှစ်တွင် အိမ်ပြန်ရမည်ဟု ကတိပြုထားသည်။

ထိုအကြောင်းအရာများကို သုံးသပ်ကြည့်ပါက ဘင်္ဂလားဒေ့ရှ်သည် ဒုက္ခသည်အရေး ရခိုင်အရေးနှင့် ပတ်သက်ပြီး ရပ်တည်ချက်၊ စဥ်းစားပုံ၊ မဟာဗျူဟာများ စတင်ပြောင်းလဲလာနေပြီလား။ သို့မဟုတ် နိုင်ငံရေးကစားကွက်သစ် တစ်ခုလား။ ဒုက္ခသည်အရေးကို ကမ္ဘာက စိတ်ဝင်စားမှုထပ်မံ မြင့်တက်စေရန် အရွှေ့တစ်ခု ဖန်တီးပြခြင်းလေ လော။ စသည်ဖြင့် မသေးကွဲသည့် ပုစ္ဆာများစွာ ရှိနေလာသည်။

ပြန်ကောက်ရလျှင် ရခိုင်နှင့် မွတ်ဆလင် အသိုင်းဝိုင်းကြား မတူကွဲပြားမှုကို အခွင့်ကောင်းယူကာ ထိလွယ်ချလွယ် အကဲဆတ်သည့် လုပ်ရပ်များကို စစ်အာဏာရှင်နှင့်အတူ အာတာအူလာကလည်း ဖန်တီးခဲ့သည်။ ၎င်းတို့ လုပ်ရပ် များကြောင့် ကမ္ဘာဒုက္ခသည် စခန်းကြီးသည် ယနေ့အချိန်ထိ ရှင်းရခက်သည့် ပြဿနာ၊ ICJ၊ ICC စသည့် ထိပ် တန်းရောက် အမှုများစွာ ဖြစ်စေခဲ့သည်။

ထို့ကြောင့် ကမ္ဘာ့ အရှုပ်တော်ပုံ ပြဿနာကြီး ဖန်တီးခဲ့သူ ရခိုင်ပြည်ထဲ အကြမ်းဖက်လုပ်ရပ်များတွင် တာဝန်ရှိသူ အာတာအူလာကို ဘင်္ဂလားဒေ့ရှ်က မည်သို့မည်ပုံ တရားစီရင်မည်နည်း။ အကြမ်းဖက်ခံရသူတို့၏ တရားမျှတမှု အတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ ပို့နိုင်မည်လော။ နောက်ထပ် ကျန်နေသေးသည့် ခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးကာ အာဆာကို အမြစ်ဖြတ်နိုင်မည်လော။ စသည်ဖြင့် စိတ်ဝင်စားစရာ နောက်ဆက်တွဲ မေးခွန်းများရှိနှင့် ဦးမည်။

အတွေးမြင် ဆောင်းပါး အား Western News မှ ရေးသားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ