အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းက ယမန်နေ့ မတ်လ ၂၅ ရက် ညနေပိုင်းတွင် ဗုံးကြဲမှုကြောင့် မိသားစုများ သေဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာကို ညနေ ၇ နာရီကျော်အချိန်တွင် ပေါင် ၅၀၀ ဗုံးအသုံးပြုပြီး ဂျက်ဖိုက်တာ တစ်စီးဖြင့် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ က ပြောသည်။
ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက “အောင်ဖြူပြင်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်။ မိသားစု ၃ ဦးသေဆုံးပြီးတော့ ၁၄ ဦးထက်မနည်း ဒဏ်ရာရသွားတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်” ဟု ပြောသည်။
သေဆုံးသူများမှာ အသက် ၅၃ နှစ်ရွယ်ရှိ ဦးသန်းမောင်၊ ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ်ရှိ ဒေါ်မရီ သားဖြစ်သူ အသက် ၁၉ နှစ်အရွယ်ရှိ ကိုမောင်သက်နိုင် တို့ ဖြစ်ကြပြီး ၎င်းတို့မှာ ပုဏ္ဏားကျွန်းမြို၊ လိပ်ကုန်းပြင်ရပ်ကွက်က ဖြစ်ကြကြောင်း သိရသည်။
စစ်ကောင်စီကလေကြောင်းက အောင်ဖြူပြင်ရွာ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတစ်လုံး လာရောက် ကြဲချမှုကြောင့် ဘုန်းကြီးကျောင်းတွင် နေထိုင်သည့် စစ်ရှောင်များမှာ သေဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူများမှာ အဆိုပါကျောင်းတွင် စစ်ဘေးရှောင်အဖြစ် လာရောက်နေထိုင် ကြသည် မိသားစုများ ဖြစ်ကြပြီး နောက်ထပ် အသက် ၂ နှစ် နှင့် ၁၅ နှစ်အကြား ကလေး ၅ဦး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၇ဦး တို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
မတ်လ ၁၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာကို ပေါင် ၅၀၀ ဗုံး အသုံးပြုပြီး စစ်ကောင်စီ လေကြောင်းတပ်က ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လူနေအိမ် ၅ ဆောင်ထက်မနည်း ထိခိုက်ပျက်စီးသွားသည်။
မတ်လ ၂၂ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံကျေးရွာနှင့် ပေါက်တောမြို့နယ် သဲခုံကျေးရွာကို ပေါင် ၅၀၀ ဗုံးဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်များ၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးသွားခဲ့ရသည်။



စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူများမှာ ဇန်နဝါရီလ ကတည်းက နေရပ်စွန့်ခွာ တိမ်းရှောင်နေကြောင်း သိရသည်။
ထို့အပြင် ပြီခဲ့သည့် မတ်လ ၁၈ ရက် နံနက် ၂ နာရီအချိန်ခန့်ကလည်း မြောက်ဦးမြို့နယ်က အမှတ် ၃၁ ရဲတပ်ရင်းဟောင်းကို စစ်ကောင်စီက ဗုံး ၄ လုံးထက်မနည်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ကျွဲ/နွားများ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေမြို့ကလည်း စစ်ကောင်စီ ရေတပ်နှင့် လက်နက်ကြီးစခန်းများမှ ပုဏ္ဏားကျွန်းနှင့် ပေါက်တော ဒေသကို လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်နေသည်။
“ပုဏ္ဏားကျွန်းနဲ့ ပေါက်တော ဘက်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေတဲ့အပြင် စစ်တွေမြို့ကလည်း လက်နက်ကြီးပစ်ခတ်တာ ရှိနေတဲ့အတွက် စစ်တွေမြို့နဲ့နီးတဲ့ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောဘက်က ကျေးရွာ ၂၀ လောက်မှာ စစ်ဘေးရှောင်နေရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။





စစ်တွေမြို့အနီး ဝါဘိုကျေးရွာ အနီးတစ်ဝိုက်နှင့် အမြင့်ကျွန်းကျေးရွာ ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလျှက်ရှိနေပြီး ယင်းတိုက်ပွဲကို အကြောင်းပြ၍ စစ်ကောင်စီသည် ပုဏ္ဏားကျွန်းဘက်နှင့် ပေါက်တောဘက်ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည်။
စစ်ကောင်စီသည် အရပ်သားကျေးရွာများကို လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ တူးထားကြရန် အာရက္ခတပ်တော် AA က တိုက်တွန်းနေကြောင်း သိရသည်။
ပုံစာ- ပုဏ္ဏားကျွန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် မိသားစု ၃ ဦး သေဆုံး ထိခိုက် ဒဏ်ရာရသူများ။ ဓါတ်ပုံ- APM