ဘင်္ဂလားဒေ့ရှ် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး Joel Vowell သည် ဘင်္ဂလားဒေ့ရှ်ကို မတ်လ ၂၄ ရက်နေ့က ရောက်ရှိလာပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် တွေ့ဆုံရာတွင် ရခိုင့်အရေးကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီးသည် ဘင်္ဂလားဒေ့ရှ်ကို နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာပြီး ဒါကာမြို့တွင် ဘင်္ဂလားဒေ့ရှ်တပ်က အရာရှိများနှင့် တွေ့ဆုံကာ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ကူညီပေးမည်ဟု ပြောဆိုသွားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ်အရေးကို ဆွေးနွေးခဲ့သလို နယ်စပ်လုံခြုံရေးကို အဓိက ထားဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများက ဖော်ပြကြသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသည့်အတွက် AA ၏ စစ်ရေးအခြေအနေများကိုလည်း အလေးထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အာရက္ခတပ်တော် AA သည် နယ်စပ်ကို ထိန်းချုပ်ထားပြီး ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်ထဲက စစ်တွေနှင့် ကျောက်ဖြူမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ဆွေးနွေးပွဲအတွင်း မည်သည့် အကြောင်းအရာများ ပါဝင်ကြသည်ကို ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြခြင်းမရှိသလို ဘင်္ဂလားဒေ့ရှ် စစ်တပ်ကလည်း တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
သို့သော်လည်း AA သည် ကျန်ရှိ မြို့သုံးမြို့ကို အလုံးစုံထိန်းချုပ်နိုင်ပါက နယ်စပ်အရေးကို ဆွေးနွေးရမည့်အဖွဲ့မှာ အာရက္ခတပ်တော် AA ဖြစ်သောကြောင့် ရခိုင်ပြည်အတွင်းက AA စစ်ရေးကို ထည့်သွင်းဆွေးနွေးခြင်းဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်မှ လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။



“ရခိုင်ပြည်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက ဘင်္ဂလားဒေ့ရှ်ကို ထိခိုက်နိုင်ချေရှိတဲ့အပြင် AA နဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကို စကားပြောလာရနိုင်တယ်။ နယ်စပ်လုံခြုံဖို့ AA နဲ့ အာမခံချက်တွေကို ဆွေးနွေးရမယ်” ဟု အဆိုပါ သုံးသပ်သူက ပြောသည်။
ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို အကူအညီပေးနိုင်ရန် အမေရိကန်စစ်တပ်သည် ခြံငုံသုံးသပ်နိုင်ရန် ရခိုင်ပြည်အတွင်းက AA ၏ စစ်ရေးအခြေအနေကို ထည့်သွင်း ဆွေးနွေးသွားခြင်းဖြစ်နိုင်ကြောင်း ဒါကာအခြေစိုက် ပထဝီနိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် အမေရိကန်စစ်တပ်တို့သည် ဘင်္ဂလားပင်လယ်အော်နှင့် နတ်မြစ်အတွင်းမှာ မကြာခဏ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လေ့ရှိပြီး လက်ရှိ နယ်စပ်ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသောကြောင့် ဘင်္ဂလားဒေ့ရှ်၏ စစ်ရေးလှုပ်ရှားမှုများမှာ AA နှင့် တိုက်ရိုက် ပတ်သက်နေသည်။
ဘင်္ဂလားဒေ့ရှ်သည် နယ်စပ်လုံခြုံရေး အခြေအနေများနှင့် မွတ်ဆလင်ဒုက္ခသည်များကိုလည်း နေရပ်ပြန်ပို့ရန် ဆန္ဒပြင်းပြနေသည်။
ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် AA တို့သည် လတ်တလောတွင် ဆက်ဆံရေးပြေလည်မှုရှိကြောင်းလည်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ယခုလ အစောပိုင်းတွင် ပြောဆိုထားသည်။