Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ခလယ်ဒေးစစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ ၃၆ နှစ်ကြာ တပ်စွဲအထိုင်ချထားသော စစ်ကောင်စီ၏ ခလယ်ဒေးတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး KNU က သိမ်းပိုက်ရရှိကြောင်း သိရသည်။

ခလယ်ဒေးတပ်စခန်း အား တိုက်ခိုက်သိမ်းပိုက်ရရှိမှုအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအများအပြားနှင့်အတူ စစ်သုံ့ပန်းနှစ်ဦး အလောင်းကိုလည်း သိိမ်းဆည်းရမိခဲ့သည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ခလယ်ဒေး စစ်စခန်းကို KNU ၏ စစ်တပ် KNLA တပ်မဟာ ၇၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်းများနှင့် ပူးပေါင်းတပ်များက မတ်လ ၂၂ ရက်နေ့မှ စတင်ပြီး တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ စစ်တပ်က မတ်လ ၂၄ ရက်နေ့တွင် တိုက်လေယာဉ် နှစ်စင်းဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး၊ Y-12 လေယာဉ်ဖြင့် ဗုံး ၃၆ လုံးကျဲချ ခုခံခဲ့ကြောင်း သိရသည်။

မတ်လ ၂၅ ရက်နေ့တွင် KNLA တပ်ဖွဲ့ဝင်များမှ အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များမှာ ဆက်လက် တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ စခန်းအတွင်းရှိ စစ်ကောင်စီ တပ်သားများမှာ ၎င်းတို့၏ လက်နက်ခဲယမ်းများအား မီးရှို့ဖျက်ဆီးကာ စခန်းအားစွန့်ခွာ ထွက်ပြေးသွားသည်။

စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို KNU က ရှင်းလင်းစဉ် စစ်သား ၂ ဦး၏ အလောင်းကို တွေ့ရှိခဲ့ရပြီး စခန်းအတွင်းမှ ပွိုင့် ၅ တစ်လက်၊ ပွိုင့် ၅ ပြောင်း ၂ ချောင်း၊ ၆၀ မမ အရှည် ၁ လက်၊ ၆၀ မမ အတို ၁ လက်၊ RPG-7 ၁ လက်၊ MA-2 ၃ လက်၊ Jammer ၁ လုံး၊ မီးစက် အကြီး ၁ လုံး၊ မီးစက် အသေး ၁ လုံး၊ မိုင်းရှာစက် ၁ ခု ကို သိမ်းဆည်းရမိခဲ့သည်။

ယင်းအပြင် ရှေ့ထွက်မိုင်း ၆ လုံး၊ ၁၆ နင်းမိုင်း ၂ လုံး၊ ၆၀ မမ ကျည် ၂၇ လုံး၊ ခွေးဗုံး ၁ လုံး၊ ၈၁ မမ ကျည် ၂ လုံး၊ ၄၀ မမ ကျည် ၃၂ လုံး၊ RPG-7 ကျည် ၁၄ လုံး၊ ၇.၆၂ ကျည် ၂ သောင်း၊ ၅.၅၆ ကျည် ၈ ထောင်၊ တိုက်မိုင်း ၆၀ လုံး၊ ခမောက် ၈ လုံး၊ ဆိုလာ ၄ ချပ် တို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ခလယ်ဒေး စစ်ကောင်စီတပ်စခန်းသည် ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထိုင်း−မြန်မာ နယ်စပ်ဒေသ ထိန်းချုပ်ရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သော စခန်းတစ်ခုဖြစ်သည်။

အဆိုပါ စစ်စခန်း စတင် တည်ဆောက်သည့် အချိန်မှစပြီး ဒေသခံပြည်သူလူထုများအနေဖြင့် လွတ်လပ်စွာ လှုပ်ရှားသွားလာ နေထိုင်လုပ်ကိုင်စားသောက်ခွင့် အကန့်သတ်ခံခဲ့ရသည်။

ဒေသခံ ပြည်သူလူထုများ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရေးနှင့် လုပ်ကိုင်စားသောက်နိုင်ရေး အတွက် ပြည်သူလူထု၏ လိုလားချက်နှင့်အညီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ခလယ်ဒေး စစ်ကောင်စီတပ်စခန်းအား သိမ်ပိုက်ခဲ့ပြီး လက်ရှိအချိန်တွင် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

(ခေတ်သစ်မီဒီယာသည် Western News ၏ မိတ်ဖက်သတင်းဌာနဖြစ်သည်)

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ

preload imagepreload image