ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းများတွင် တရုတ်ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောဆိုသည်ဟု ယနေ့ မတ်လ ၂၆ ရက်တွင် သတင်းများ ပျံ့နှံ့နေသည်။
ကျောက်ဖြူမှာ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း ပြောဆိုချက် ဟုတ်မဟုတ်နှင့် ကျောက်ဖြူမှာ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိမှု ရှိမရှိကိုမူ ဒေါက်တာ အေးမောင်အား ယနေ့ မတ်လ ၂၆ ရက် ညနေ ၄ နာရီခွဲအချိန်က Western News မှ တယ်လီဖုန်းဆက် မေးမြန်းခဲ့သည်။
“မဟုတ်ဘူး၊ ဟုတ်တယ်ဆိုတာကို ကျနော် မပြောနိုင်ဘူး။ ခင်ဗျားတို့ သတင်းဌာနတွေက သွားကြည့်ရမှာလေ။ ကျောက်ဖြူမှာ ဘယ်လိုအခြေအနေရှိလဲ ကျနော်လည်း ကျောက်ဖြူကို ရောက်တာမဟုတ်ဘူး။ အဲဒါနဲ့ ပတ်သက်လို့ လုံခြုံရေးကို ဟုတ်လာ ကုမ္ပဏီဖက်က ဘယ်လို လုပ်ထားသလဲ ကျောက်ဖြူရဲ့ လုံခြုံရေးဧရိယာကိုလေ အဲဒါကို ကျနော်မသိဘူး” ဟု ငြင်းဆိုခဲ့သည်။
မတ်လ ၂၄ ရက်နေ့က သတင်းထောက်အချို့ကို ဒေါက်တာ အေးမောင်က ကျောက်ဖြူဒေသမှာ ပုဂ္ဂလိက လုံခြုံရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းများ ရောက်ရှိနေသည်ဟု အတည်ပြု ပြောဆိုခဲ့သည်ဟု သတင်းမီဒီယာအချို့တွင် ရေးသားကြသည်။
ယင်းအပေါ် ဒေါက်တာ အေးမောင်၏ တုန့်ပြန်ချက်မှာ “ဘယ်မှာ သတင်းတက်တာလဲ။ ကျနော် နိုင်ငံခြား သတင်းမီဒီယာတွေ မဖြေထားဘူး။ နိုင်ငံခြားသတင်းဌာနရဲ့ မည်သည့် မေးမြန်းမှုကိုမှ မဖြေဘူးရယ်။ ဒါပေမယ့် သူတို့က အဲလိုမျိုး ရေးတယ်ဆိုရင် မဟုတ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ဒါပဲနော်။ ကျနော် ညစာ စားပွဲအတွက် သွားနေလို့ ဒါပဲနော်” ဟု Western News ကို ပြောဆိုသွားသည်။
အာရက္ခတပ်တော် AA နှင့် နီးစပ်သူအချို့ကလည်း ကျောက်ဖြူမြို့နယ်မှာ လက်နက်ကိုင်ဆောင်ထားသည့် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေသည်ကို လူမှုကွန်ရက်စာမျက်နှာများတွင် ပြောဆိုထားကြသည်။
ကျောက်ဖြူမှာ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေသည့် သတင်းမှာ ဖေဖော်ဝါရီလ ကတည်းက သတင်းထွက်ပေါ်နေသည်။



“ကျောက်ဖြူမှာ တရုတ်စစ်သားတွေ ရောက်နေတာကို သတင်းကြားထားတာက ကြာပါပြီ။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ ထင်တာပေါ့လေ။ ဟုတ်တယ်ဆိုရင်တော့ တပ်တော်နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲမှာ သူတို့ ဘယ်လို ရပ်တည်မလဲဆိုတာ စောင့်ကြည့်ရမယ်။ စစ်ကောင်စီနဲ့ တရုတ်စစ်သားကြား ဘယ်လို ပါဝင်ပတ်သက်ကြမလဲဆိုတာ တပ်တော်ဖက်ကလည်း ဘယ်လိုပြင်ဆင်ထားမလဲဆိုတာ စောင့်ကြည့်ရမယ်ခင်ဗျာ” ဟု ရခိုင်စစ်ရေးစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရခိုင့်စစ်ရေးမှာ နှောက်ယှက်ခြင်းများ ပြုလုပ်လာပါက အာရက္ခတပ်တော် အနေဖြင့်လည်း လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက သုံးသပ်ပြောသည်။
“တပ်တော်ဘက်က အတိအလင်း ပြောထားတာပဲပေါ့နော်။ စစ်ကောင်စီကို ရခိုင့်မြေပေါ်ကနေ အပြတ်ရှင်းထုတ်မယ်။ စစ်ကောင်စီနဲ့ ပေါင်းနေတဲ့သူတွေကိုလည်း အပြတ်ရှင်းမယ်ပေါ့နော်။ အဲတော့ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အမှန်တကယ် ကျောက်ဖြူမှာ ရောက်နေပြီး ရခိုင့်စစ်ရေးကို နှောက်ယှက်တာ လုပ်လာရင်တော့ တပ်တော်ဖက်ကလည်း လက်ပိုက်ကြည့်နေမှာတော့ မဟုတ်ဘူးထင်တယ်။ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ ရခိုင့်စစ်ရေးမှာ ဝင်ရောက်နှောက်ယှက်တာတွေ မလုပ်ဖို့ပဲ မျှော်လင့်ပါတယ်။ ဒါကို တပ်တော်ဖက်ကလည်း ကြိုတင်တွက်ဆတာ၊ ဆွေးနွေးထားတာမျိုးလည်း ရှိကောင်းရှိနိုင်ပါမယ်။ ကျနော်တို့ကတော့ ဆက် စောင့်ကြည့်ရပါမယ်” ဟု ပြောသည်။
ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်နှင့် ကာကင်းစခန်းများကို အာရက္ခတပ်တော် AA က တိုက်ခိုက်နေပြီး တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်သည်။
စစ်ကောာင်စီ၏ လေကြောင်းအန္တရာယ်များနှင့် ရေတပ်က ပစ်ခတ်သော လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ကျောက်ဖြူမြို့နယ်က ကျေးရွာ ၁၅ ရွာထက်မနည်းမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။