Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာကို စစ်ကောင်စီက မတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ပြင်းထန်ဒဏ်ရာ ၁၄ ဦးထဲတွင် အသက်န္တရာယ်စိုးရိမ်ရသည့် လူနာ ၅ ဦးထက်မနည်း ပါဝင်ပြီး ယင်းအထဲက ၂ ဦးမှာ ဆေးကုသမှုခံယူနေစဉ်အတွင်း ယမန်နေ့ မတ်လ ၂၆ ရက်နေ့က သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

အောင်ဖြူပြင်ကျေးရွာ ဗုံးကြဲခံရမှုဖြစ်ဉ်အတွင်း သေဆုံးသူ ၅ ဦးအထိရှိလာနေပြီး ဆက်လက် ဆေးကုသမှု ခံယူနေရသော ကျန်ရှိလူနာများထဲတွင်လည်း ဒဏ်ရာပြင်းထန်မှုကြောင့် အသက်န္တရာယ်စိုးရိမ်သူများလည်း ရှိနေသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အောင်ဖြူပြင်က ဗုံးကြဲခံရတဲ့ လူနာတွေထဲမှာ ကိုရဲလင်းစိုးဆိုတဲ့ တစ်ယောက်နဲ့ အသက် ၁၅ နှစ်အရွယ် မအေးမြတ်ဝေ က မနေ့က သေဆုံးသွားကြပါတယ်။ ဒဏ်ရာက အရမ်းပြင်းထန်တော့ ဆေးဝါးကလည်း ရှိတာလေးနဲ့ ကုသရတော့ မကယ်လိုက်နိုင်ကြဘူး။ မိသားစုဝင်တွေကတော့ ရင်ကွဲမတတ် ခံစားနေရတာပေါ့ဗျာ”ဟု ပြောသည်။

ဆေးကုသမှုခံနေရသူ ၁၄ ဦးထဲက သေဆုံးသွားသော ၂ ဦးမှာ အသက် ၂၅ နှစ်အရွယ် ကိုရဲလင်းစိုးနဲ့ အသက် ၁၉ နှစ်အရွယ် မအေးမြတ်ဝေ တို့ဖြစ်သည်။

ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် စစ်ဘေးရှောင်များအား ကူညီနေသူ ဦးဝေဟင်အောင်က “စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နေရာတွေကို ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ အရပ်သားမှန်း၊ ပြည်သူမှန်း၊ ရန်ဖက်တွေမှန်း ခွဲခြားမနေတော့ဘဲ အကုန်လုံးကို သတ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောရမယ်ဆိုရင် လူလာသတ်တာပေါ့” ဟု ပြောသည်။

အသက် ၁၉ နှစ်အရွယ် မောင်သက်နိုင်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်မရီနှင့် အသက် ၅၃ နှစ်အရွယ် ဦးသန်းမောင်တို့မှာ နေရာ၌ သေဆုံးသွားပြီး အောင်ဖြူပြင်ရွာမှာ စစ်ရှောင်နေထိုင်သော လိပ်ကုန်းပြင်ရွာက ဒေသခံများဖြစ်သည်။

ရခိုင်ပြည်အတွင်း ပြည်သူများအနေဖြင့် မိမိ၏ နေအိမ်များတွင် ဗုံးခိုကျင်းများ တူးထားရန်နှင့် လေကြောင်းအန္တရာယ်များကို အလေးထား အထူးဂရုစိုက်ကြရန် အာရက္ခတပ်တော် AA က တိုက်တွန်းနှိုးဆော်နေသည်။

ပုဏ္ဏားကျွန်းမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့က ကျေးရွာများနှင့် ပုဏ္ဏားကျွန်း-စစ်တွေအစပ်က ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်နေသလို စစ်တွေရှိ အမြောက်တပ်ရင်းများကလည်း လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဆက်စပ်သတင်းများ