ရခိုင်ပြည် ကျောက်ဖြူမြို့ ပင်လယ်ပြင်မှာ ဒေသခံ ကျောက်ဖြူရေလုပ်သား ၉ ဦး ငါးဖမ်းနေစဉ် ရေပိုင်နက် ကျူးသည်ဟုဆိုကာ စစ်ကောင်စီရေတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။
မတ်လ ၂၂ နေ့က ကျောက်ဖြူမြို့နယ်ဒေသခံ ၉ ဦးမှာ ဘုတ်တစ်စီးဖြင့် မြို့အနီး ပင်လယ်ပြင်မှာ ငါးရှာဖွေနေရင်း စစ်ကောင်စီတပ်၏ ဓညဝတီရေတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်။
“ကိုယ့်မြေ ကိုယ့်ရေပြင်မှာ ငါးဖမ်းတာကို ပိုက်နက်ကျူးကျော်တယ်ဆိုပြီး အဖမ်းခံရတယ်။ ကျောက်ဖြူဒေသခံတွေက ဒီပင်လယ်ပြင်မှာပဲ ငါးဖမ်းလာကြတာ။ လုပ်ကိုင်စားသောက်လာကြတာပါ။ ဖမ်းချင်လို့ကို အကြောင်းပြတာပါ” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ ၉ ဦးမှာ ကျောက်ဖြူမြို့နယ် ချင်းမင်းပြင်ရွာက မောင်ကျော်လင်းအောင်နှင့် ကိုဇင်မင်းဌေး တို့ဖြစ်ပြီး ကင်းပင်လယ်နားရွာက မောင်ဒိုးလက်၊ ဦးကျော်သူထွန်း၊ ဦးဘူးသီးတောင်၊ ဦးဌေးဌေး ၊ ဦးအောင်သိန်း၊ဦးဘခက် နှင့် ဦးညီတုတ် တို့ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ ရေတပ်က ငွေညှစ်လို၍ ဖမ်းဆီးခြင်းဖြစ်ပြီး ငွေမပေးနိုင်သူများမှာ စစ်မှုထမ်းအဖြစ်ပို့ ဆောင်ခံရနိုင်ကြောင်း နောက်ထပ် ကျောက်ဖြူဒေသခံတစ်ဦးက ဆိုသည်။
“ကျောက်ဖြူမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက ဒီလိုပဲ ဒေသခံတွေဆီမှာ ငွေတောင်းတယ်။ ရိုးရိုးတောင်းလို့မရရင် ဖမ်းမယ် ဘာညာ ပြောပြီး ငွေညှစ်တယ်။ တချို့ဆို ပိုက်ဆံဘယ်လောက် ပေးပါဆိုပြီး ရွေးခိုင်းတာရှိတယ်။ အခုလည်း ရေတပ်က ကောင်တွေ ငွေလိုလို့ အကြောင်းအမျိုးမျိုးတပ်ပြီး ငါးဖမ်းသမားတွေကို ဖမ်းဆီးတာပါ။ ပိုက်ဆံပေးရင်တော့ ပြန်လွတ်နိုင်ခြေရှိတယ်။ မပေးနိုင်ရင်တော့ စစ်မှုထမ်း အပို့ခံရမှာပဲ ထင်တယ်။ ပိုက်ဆံကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှာ သတ်သတ်မှတ်မှတ် တောင်းဆိုတာ မရှိဘူး။ လူကြည့်ပြီး၊ ပိုက်ဆံရှိမရှိ ပြစ်မှုကျူးလွန်ထား မကျူးလွန်ထား ဒါတွေကိုကြည့်ပြီး အမျိုးမျိုးခေါင်းစဉ်တွေနဲ့ ငွေညှစ်နေတာရှိပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ ဓညဝတီရေတပ်က ဖမ်းဆီးခေါ်ယူထားသော ငါးဖမ်းသမား ၉ ဦးမှာ စစ်ကောင်စီ စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းခံရပြီးနောက် လက်ရှိတွင် ကျောက်ဖြူမြို့မရဲစခန်း၌ ချုပ်နှောင်ခံထားရကြောင်း သိရသည်။
ဖမ်းဆီးခံ မိသားစုဝင်များက အဆိုပါ ရေလုပ်သား ၉ ဦးနှင့် တွေ့ဆုံလိုပြီး အမြန်ဆုံးပြန်လည် လွှတ်ပေးရေးကိုလည်း တောင်းဆိုနေကြသည်။
ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ ဓညဝတီရေတပ်မှာ အာရက္ခတပ်တော် AA ၏ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကို ခံနေရပြီး တပ်ဖွဲ့ဝင်အများအပြားလည်း ထိခိုက်သေဆုံးမှု ရှိနေ၍ စစ်ကောင်စီသည် အရပ်သားပြည်သူများအပေါ် အငြိုးအတည်းဖြင့် မတရားဖမ်းဆီးခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။