ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်များက အရပ်သား ၃ဦးကို ရိုက်နှက် ဖမ်းဆီးကာ ချုပ်နှောင်ထားကြောင်း ဖမ်းဆီးခံ မိသားစုဝင်နှင့် နီးစပ်သူများက ပြောသည်။
မတ်လ ၂၅ ရက် ညနေ ၃နာရီခန့်မှာ ရခိုင်ပြည်၊ လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင် အင်အား နှစ်ဆယ်ကျော်က ဆပ်ရိုးကျ ကယ်ဆယ်ရေးအကွက် ၂ ရပ်ကွက်ထဲကို ရောက်ရှိလာပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စစ်တွေမြို့ ကယ်ဆယ်ရေးအကွက် ၂ နေထိုင်သူတစ်ဦးက ” သူတို့က ဆိုက္ကားမောင်းတဲ့ သာမာန် သူတွေပါ။ သတင်းပေးလို့ လာဖမ်းတာလားတော့ မသိဘူး။ ရိုက်နှက်ပြီးတော့ ဖမ်းဆီးသွားတာတော့ ရပ်ကွက်က လူတိုင်း မြင်လိုက်တယ်။ တပ်ဖွဲ့ဝင် ၂၀ ကျော်လောက်တော့ ရှိမယ်ဗျ။ သေနတ်တွေပါတယ်။ စစ်ကောင်စီ ရဲတပ်ဖွဲ့တွေကလည်း ပါတယ် “ဟုပြောသည်။
ဖမ်းဆီးခံရသူများသည် စစ်တွေမြို့ ကယ်ဆယ်ရေးအကွက် ၂ ရပ်ကွက်က အသက် ၆၂ နှစ်အရွယ်ရှိ ဦးရီမောင်၊ အသက် ၃၈ နှစ်ရွယ်ရှိ ကိုဇူနီယာ၊ အသက် ၂၆ နှစ်အရွယ်ရှိ ကိုကာလာဘီ ဖြစ်ကြကြောင်း သိရသည်။
စစ်တွေမြို့ ကယ်ဆယ်ရေးအကွက် ၂ မှာ နေထိုင်သူ နောက်ထပ်တစ်ဦးက “ဘာဖြစ်လို့ ဖမ်းတယ်ဆိုတာတော့ ကျနော်တို့လည်း မသိဘူး၊ ဒါပေမဲ့ သူတို့ ဖမ်းတဲ့အချိန် ရပ်ကွက် သူတွေ ကြားလိုက်တာက မင်းတို့က AA သတင်းတွေပေးတွေ၊ မင်းတို့ကို သတ်ပစ်လို့ ရတယ်ဆိုပြီးတော့ ရိုက်နှက်ပြီးတော့ ခေါ်သွားတာပါ” ဟုပြောသည်။
ဖမ်းဆီးခံရသူများကို စစ်တွေမြို့ စက်ရုံစုရပ်ကွက် ALP ရုံးချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး မိသားစုများ သွားရောက် တွေ့ဆုံခွင့် တောင်းဆိုခဲ့သော်လည်း တွေ့ခွင့်မရဘဲ ပြန်လည် လှည့်ပြန်လာခဲ့ရကြောင်း သိရသည်။
အရပ်သားများကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဥက္ကဌ ဒေါ်စောမြရာဇာလင်းကို Western News ယနေ့ ညနေပိုင်းတွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းဆက်သွယ်၍ မရရှိခဲ့ပေ။
ဒေါ်စောမြရာဇာလင်း ဦးဆောင် ALP အဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီနှင့် ပေါင်းပြီး စစ်တွေမြို့အတွင်း ကင်းလှည့်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းအပါအဝင် ဒေသခံများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း စစ်တွေမြို့ခံများ က ပြောဆိုသည်။
ပြည်နယ်စစ်ကောင်စီဖက်ကလည်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်များ စစ်တွေမြို့အတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးထားပြီး အရပ်သားများကို ဖမ်းဆီးခွင့်ပြုထားကြောင်းလည်း သိရသည်။
ထို့အပြင် စစ်တွေမြို့နယ်က မွတ်ဆလင်များကို အတင်းဓမ္မ စစ်ကောင်စီက စစ်သားစုဆောင်ရေး လုပ်ငန်းစဉ်များနှင့် စစ်တွေမြို့အရပ်သားများအား ဖမ်းဆီးခံရမှုတွင်လည်း ALP က ပူးပေါင်း ဆောင်ရွက်မှုများ ရှိကြောင်း ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့က စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား ၇၉ ဦး သတ်ဖြတ်ပြီး အလောင်းဖျောက်ထားမှုတွင်လည်း ALP က ပါဝင် ပတ်သက်နေကြောင်း AA က စွပ်စွဲ ပြောဆိုထားသည်။
ထို့အပြင် နောက်ထပ် ရွာသား ၆၀ ခန့်ကို ဖမ်းဆီးနှိပ်စက်နေခြင်းတို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်အတူ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP က ကျူးလွန်ခဲ့သည်ဟု AA က ပြောဆိုထားသည်။