တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF အနေဖြင့် လက်နက်ကိုင် လမ်းစဉ်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနှင့် ရွေးကောက်ပွဲလမ်းကြောင်း ရွေးရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုလိုက်သည်။
မတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်မှာ ကျင်းပသော နှစ် ၈၀ ပြည့် တပ်မတော်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လမ်းစဉ်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကိုထောက်ရှု့ပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက် အဖွဲ့အစည်းတွေ အကြမ်းဖက်သောင်းကြမ်းတဲ့ အဖွဲ့အစည်းတွေ PDF တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းတွေကနေ တဆင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်တယ် နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေခြင်းနဲ့သာ အဖြေရှာနိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်းကြိုဆိုလမ်းဖွင့်ထားကြောင်း ထပ်မံအသိပေးပြောကြားလိုတယ်”ဟုပြောသည်။
စစ်တပ်က ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဆက်လက် ကာကွယ်စောင့်ရှောက် သွားမည်ဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၀ (စ) နှင့် ပုဒ်မ ၆ (စ) အရ စစ်တပ်က အမျိုးသားနိုင်ငံရေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြောင်း မင်းအောင်လှိုင်က ဆိုသည်။
စစ်တပ်အနေဖြင့် နိုင်ငံ့အရေးအတွက် အမျိုးသားနိုင်ငံရေးကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသွားသည်။
လာမည့် ဒီနှစ် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပါတီစုံရွေးကောက်ပွဲပြုလုပ်ရန် မတ်လ ၂၅ ရက်နေ့မှာ နေပြည်တော်မှာ ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့က နိုင်ငံအတွင်းဖြစ်ပေါ်လာသော နိုင်ငံရေး ပြဿနာများကို အခွင့် ကောင်းယူပြီး PDF များနှင့်အတူ နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်ရေး ပျက်ပြားအောင် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့ကြကြောင်း ဆိုသည်။
လက်ရှိတွင် နယ်မြေအလိုက် နယ်တစ်နယ် ဓားတစ်စင်း စစ်ဘုရင်ဝါဒကိုသာ ကျင့်သုံးလိုချင်သဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်လာနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာကြောင်း၊ စစ်တပ်အနေဖြင့် စစ်ကို ဆက်လက် ဆင်နွှဲမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။