(ပုဏ္ဏားကျွန်း ဆေးရုံနှင့် ကျောက်ဖြူက နေအိမ်များ ထိခိုက်ပျက်စီး)
ရခိုင်ပြည် ကျောက်ဖြူမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့ ဆေးရုံကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဆေးရုံနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ် ကုလာဘာကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့ မီးလောင်ပျက်စီးသွားသည်။
ယနေ့ မတ်လ ၂၈ ရက် နံနက် ၉ နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ် ပြင်ရှည်ကျေးရွာအနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အရပ်သားပြည်သူများ ထိခိုက်မှုရှိမရှိကို Western News က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
မတ်လ ၁၃ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ကြတ္တိန်ကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားသည်။
ဆက်လက်ပြီး ယနေ့ မတ်လ ၂၈ ရက် နံနက် အရုဏ်တက်ချိန်ကလည်း ပုဏ္ဏားကျွန်းမြို့ ဆေးရုံကို စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုက အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ အတွဲလိုက်ဒုံးတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းဆေးရုံမှာ ထိခိုက်ပျက်စီးသွားပြီး လူထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးပေ။
မတ်လ ၂၅ ရက်နေ့ကလည်း စစ်ရှောင်များ ခိုလှုံနေသည့် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သား ၅ ဦးသေဆုံးခဲ့ရပြီး ၁၂ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။
ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် ၁၂ ဦးထဲက ၄ ဦးခန့်မှာ အသက်န္တရာယ်စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု ကူညီကယ်ဆယ်ရေးလုပ်သူများထံမှ သိရသည်။
အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော မြို့များ၊ ရွာများကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။