လူစုလူဝေးနှင့် သင်္ကြန်မပြုလုပ်ကြရန် အချက်ပါဝင်သည့် သင်္ကြန်ကာလ လိုက်နာရမည့် စည်းကမ်းချက်များကို အာရက္ခတပ်တော် AA က ရခိုင်ပြည်သူများအား အသိပေးထုတ်ပြန်လိုက်သည်။
Western News ၏ စုံစမ်းချက်အရ အာရက္ခတပ်တော် AA စစ်ရုံးချုပ်က ရခိုင်ပြည်သူများအား တိုက်ရိုက်အသိပေး ထုတ်ပြန်ထားမျိုး မဟုတ်ဘဲ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူများအား AA စစ်ရုံးချုပ်က ညွှန်ကြားထားခြင်းဖြစ်သည်။
မြို့နယ်အလိုက် အာရက္ခတပ်တော် အုပ်ချုပ်ရေးအဖွဲ့များကမှ တစ်ဆင့် ရခိုင်ပြည်သူများ ထပ်ဆင့်ညွှန်ကြား အသိပေးထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
အာရက္ခတပ်တော် AA ၏ သင်္ကြန်ကာလအတွင်း ပြည်သူများ လိုက်နာရမည့် အချက်များမှာ လူစုလူဝေးဖြင့် သင်္ကြန်မဏ္ဍပ်ပြုလုပ် ရေကစားခြင်း မလုပ်ရ၊ လူအများအပြား စီးနင်းပြီး ကားများဖြင့် လှည့်ပတ်ခြင်း မလုပ်ရ၊ တစ်ရွာနှင့်တစ်ရွာ ကားများဖြင့် ကကုန်ခြင်းများ မလုပ်ရ တို့ပါဝင်သည်။
ယင်းအပြင် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလ ဆောက်တည်ခြင်းများ မလုပ်ရ၊ အလှူအတန်းပွဲတော်များ ကျင်းပပြုလုပ်ခြင်း မလုပ်ရ၊ လူစုလူဝေးဖြစ်သော သီချင်းဆိုပွဲများ မပြုလုပ်ရ၊ မြို့ရွာများထဲတွင် ဆောင်ဘေက်စ်များ ဖွင့်လှစ်၍ ဆူဆူညံညံ မပြုလုပ်ရ စသည်တို့ ပါဝင်သည်။
ရခိုင်ပြည်မှာ သင်္ကြန်ကာလအား လုံလုံခြုံခြုံ ပျော်ပျော်ရွှင်ရွှင်ဖြင့် လွတ်လပ်စွာ ကျင်းပခွင့် မရရှိသည်မှာ ၂၀၁၈, ၂၀၁၉ ခုနှစ်ကတည်းက ဖြစ်ပြီး အဖြစ်သဘောသာ ကျင်းပမှုများဖြင့် သင်္ကြန်ကာလကို ဖြတ်သန်းခဲ့ကြရသည်။