စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာပြီးနောက် ရခိုင်ပြည် စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်က ကျေးရွာအချို့ကို ဂျက်တိုက်လေယာဉ်နှင့် လက်နက်ကြီး၊ ဒရုန်း၊ စက်တပ် လေထီးများဖြင့် ဗုံးကြဲခဲ့သည်။
ယနေ့ ဧပြီ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ကျောက်ဖြူမြို့ နယ်ထဲက ကျေးရွာ အချို့ကို တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာတစ်စီးနှင့် လာရောက် ဗုံးကြခဲ့သလို ဒရုန်း၊ စက်တပ်လေထီးများဖြင့် တိုက်ခိုက်ခဲ့သည်။
ကျောက်ဖြူမြို့ခံတစ်ဦးက “ကျောက်ဖြူဖက်မှာတော့ နေတိုင်းလိုလို လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိတယ်။ ဒီနေ့ကတော့ နည်းနည်း ထူးခြားပါတယ်။ ဒီနေ့မှာ ဂျက်တစ်စီးနဲ့ သုံးကြိမ်ကြိမ်တိုင်တိုင် လာပြီးတော့ ဗုံးကြဲသွားပါတယ်။ ရန်ကုန်- ကျောက်ဖြူ ကားလမ်းတစ်လျောက်မှာ ရှိတဲ့ ကုလာဘာတို့၊ ဇိုင်းချောင်း၊ သိုင်းချောင်းကျေးရွာတွေကို ဗုံးကြဲ သွားပါတယ်။ ဒရုန်းဗုံးတွေနဲ့ ကြဲချခဲ့တယ် “ဟု Western News ကိုပြောသည်။
ထို့အပြင် ကျောက်ဖြူ ဒိုးတန်းတောင် စစ်ကောင်စီ ၃၂ တပ်ရင်းနှင့် အခြား စစ်ကောင်စီအထိုင်ချထားသော နေရာများမှ လက်နက်ကြီးများဖြင့် တစ်လျောက်ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ကျောက်ဖြူမြို့ခံများက ပြောသည်။
ကျောက်ဖြူဒေသခံ နောက်ထပ်တစ်ဦးက “ဒီနေ့တော့ မြေပြင်တိုက်ပွဲ နှစ်ဖက်ဖြစ်တာမရှိဘူး။ စစ်ကောင်စီဖက်က တစ်ဖက်သက်ပဲ ပစ်ခတ်မှုတွေ လုပ်ဆောင်နေပါတယ်။ လေကြောင်းဗုံးကြဲမှုတွေကို လုပ်ဆောင်နေတာပါ။ ထိခိုက်မှု အပျက်အစီးတွေကိုတော့ ကျွန်တော်တို့ မသိသေးဘူး။ အခုအထိ ကျွန်တော်တို့လည်း ဖုန်းအဆက်မရသေးဘူး ” ဟုပြောသည်။
ထို့အပြင် ကျောက်ဖြူမြို့နယ်၊ ဂုံးချွန်ကျေးရွာ အနီးတဝိုက်ကို ယနေ့ နံနက် ၁၁ နာရီတွင် စစ်ကောင်စီက ဒရော့ဗုံး ၃၀ ကျော်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ထို့အပြင် ယနေ့ ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်တွေမြို့ခံတစ်ဦးက Western News ကို ပြောသည်။
“၃၅၄ တပ်ရင်းကနေ ပစ်တာပါ။ နံနက်ပိုင်း အာရုဏ်တက်ချိန်မှာ လက်နက်ကြီးတွေ တစ်လျောက် ပစ်တယ်။ မနေ့က ညနေကလည်း ပစ်တယ်။ ဒီမနက်ပိုင်းတော့ ပစ်ခတ်မှု ၁၅ မိနစ်လောက် အကြာ ပစ်ခတ်တယ်။ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားတာတော့ မရှိဘူး။ ဒီအတိုင်းတစ်ဖက်သက် ပစ်နေတာပါစစ်ကောင်စီဖက်က “ဟုပြောသည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ကျောက်ဖြူမြို့နယ် ဇင်ချောင်းရွာကြီးကိုလည်း နေဗီက လက်နက်ကြီးနှင့် ပစ်ခတ်၍ သံဃာတော် တစ်ပါး အပါအဝင် အရပ်သား ၂ ဦးသေဆုံးပြီး ဆရာတော်ကြီးတစ်ပါးနှင့် ကိုရင်အပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲသည်။
မတ်လ ၃၁ ရက် ည ၈ နာရီကျော်အချိန်တွင် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၆၆ နှစ်အရွယ် ဦးအောင်ကျော်ဇံ သေဆုံးခဲ့သည်။
ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ ရက် ၂၀ ကာလကို ယာယီအပစ် ရပ်ကာလအဖြစ် သတ်မှတ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ဧပြီလ ၂ ရက် ထုတ်ပြန် ကြေညာပြီးနောက် ကျောက်ဖြူနှင့် စစ်တွေကို လေကြောင်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။
တစ်ဖက်တွင် ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၀၀၀ နီးပါး ပျောက်ဆုံးနေသူ ၅၀၀ နီးပါး ရှိလာချိန်တွင် စစ်ကောင်စီ နိုင်ငံအနှံ့ လေကြောင်း ပစ်ခတ်မှုများ ဆက်တိုက် လုပ်နေသည်။