ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ၃ လုံး လာရောက်ကြဲချခဲ့ကြောင်း တအာင်းတပ် TNLA မှ ယနေ့ ဧပြီ ၆ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။
ယမန်နေ့ ဧပြီ ၅ ရက်နေ့ နေ့လယ် ၂ နာရီတွင် တောင်ခမ်းကျေးရွာရှိ အမှတ် ၉၀၂ တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးများဖြင့် ကြဲချခဲ့ခြင်းဖြစ်သည် TNLA က ပြောသည်။
ထို့အပြင် ဧပြီလ ၅ ရက်နေ့ ည ၁၀ နာရီ ၁၁ မိနစ်၀န်းကျင်အချိန် စစ်ကောင်စီတပ်က နောင်ချိုမြိုနယ်၊ နောင်လင်ကျေးရွာနှင့် နမ့်ဆောင်ဟူးကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၃ ကြိမ် လာရောက်ကျဲချခဲ့သည်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့သည်။
ထို့ပြင် ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် စစ်ကောင်စီက မိုးကုတ်မြိုအနောက်ပိုင်း ပင့်ကူတောင်အောက်အနီးသို့လည်း ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲချခဲ့ကြောင်း သိရသည်။
အပစ်ရပ်ကြေညာခဲ့ပြီးနောက် ဧပြီလ ၃ ရက်တွင် သပိတ်ကျင်းမြို့နယ် ၇ မိုင်တွင်လည်း ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်၊ ဗုံး ၈ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ ထိခိုက် ပျက်စီးမှုများ ရှိခဲ့သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က အပစ်ရပ်ကြေညာအပြီး စစ်ကောင်စီက အင်အားများ ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်း၊ တိုက်ပွဲများ မဖြစ်ပွားခဲ့သောနေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။