ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့တွင် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကို “မန္တလေးငလျင်ကြီး” ဟု ခေါ်ဝေါ် ရေးသား သုံးစွဲ ရမည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်လာသည်။
သတင်းမီဒီယာများအနေဖြင့်လည်း စစ်ကောင်စီက သတ်မှတ်ထားသည့်အတိုင်း မန္တလေး ငလျင်ကြီးဟု သာ သုံးစွဲရန်လည်း စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။
“မှတ်တမ်းပြုစုရာမှာ၊ ဖော်ပြချက်တွေ ဖော်ပြရာမှာ၊ ရည်ညွန်းပြောဆိုရာမှာ တူညီလွယ်ကူစေရန်အတွက် မန္တလေး ငလျင်ကြီးဟု သတ်မှတ်ခေါ်ဝေါ်သုံးစွဲသွားမှာ ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါတယ်။ မီဒီယာများအနေနဲ့ကလည်း ဒီငလျင်ကြီးကို ရည်ညွန်းခေါ်ဝေါ် သုံးစွဲသတင်းရေးသားရမှာပါ “ဟုပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာမြေအောက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ လှုပ်ခတ်ခဲ့သည်။
ပြည်တွင်းနှင့် ပြည်ပ ဘူမိဗေဒ- ငလျင်ကျွမ်းကျင်ပညာရှင်များက မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်မှာ စစ်ကိုင်းပြတ်ရွေ့ကြောင့် အဓိက လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်းမြို့အနီးကို အဓိက ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည်။
ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ယခုအချိန်အထိ သေဆုံးသူ ၃၄၅၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၄၀ ဦး၊ ပျောက်ဆုံးနေသူ ၂၁၄ ဦး စုစုပေါင်း ၈၆၀၀ ကျော်ခန့် ထိခိုက်သေဆုံးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
အဆောက် အဦးပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရား စေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခုပျက်စီးခြင်း ဖြစ်ပေါ်ကြောင်း စစ်ကောင်စီက ဆိုသည်။
လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ရန်ကုန်-နေပြည်တော်-မန္တလေး သွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်းနှင့် အချို့ဘူတာများတွင် ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ တံတား ၁၆၉ စင်းပျက်စီးခြင်းတို့ ပါဝင်သည်။