ယခုရက်ပိုင်းအတိုးအတွင်း ရခိုင်ပြည် စစ်တွေမြို့ပေါ်က ငွေကြေးတတ်နိုင်သည့် ဒေသခံပြည်သူများမှာ ရန်ကုန်မြို့သို့ နေအိမ်ပြောင်းရွှေ့မှု များပြားလာကြောင်း စစ်တွေမြို့ခံများက ပြောသည်။
စစ်တွေမြို့သည် ရခိုင်ပြည်၏ မြို့တော်ဖြစ်ပြီး လက်ရှိ ကျန်ရှိနေသော ရခိုင်ပြည် သုံးမြို့နယ်အထဲမှ အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ဖြစ်သော မြို့တစ်ခုလည်းဖြစ်သည်။
မိုးရာသီကာလ တိုက်ပွဲပြင်းထန်လာမည်ဟု သတင်းထွက်ပေါ်နေ၍ ငွေကြေးတတ်နိုင်သည့် မြို့ခံများမှာ နေအိမ်မှာ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများအားလုံးကို ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
“မြို့ခံတွေ အဓိက ရန်ကုန်မှာ မိသားစုရှိတဲ့ သူတွေ၊ ပိုက်ဆံရှိတဲ့သူတွေက နေအိမ်တွေက ဆိုင်ကယ်တွေ၊ ရေခဲသေတ္တာတွေ၊ ကားတွေ၊ အိမ်သုံးပရိဘောဂတွေနဲ့ တခြား ရွှေ့ပြောင်းလို့ရတဲ့ ပစ္စည်းတွေ အကုန်လုံးကို ပြောင်းရွှေ့နေကြပါတယ်။ နေအိမ်ပြောင်းရွှေ့နေတာက ကြာပြီလို့ ပြောလို့ရပါတယ်။ ဖေဖော်ဝါရီလကတည်းက ပြောင်းနေကြတာ။ အခု ဒီရက်ပိုင်း ပိုပြောင်းရွှေ့နေကြတယ်။ စစ်တွေမြို့ပေါ်အထိ မိုးရာသီကာလမှာ တိုက်ပွဲတွေ ရောက်နိုင်တယ်လို့ သတင်းတွေလည်း ထွက်နေတယ်” ဟု ပြောသည်။



စစ်တွေဆိပ်ကမ်းမှ သင်္ဘောကြီးများဖြင့် ပစ္စည်းများကို သယ်ဆောင်ပြီး ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေကြသည်ဟု ကုန်ပစ္စည်းရွှေ့ပြောင်းမှုကို လက်ခံသူ အကျိုးဆောင်တစ်ဦးက ပြောသည်။
“ကျနော်တို့ လူ ၅ ယောက်လောက်စုပြီး ရန်ကုန်က သင်္ဘောကြီးတစ်ခုကို ငှားထားပါတယ်။ စစ်တွေက သင်္ဘောတစ်စီးလည်း ငှားထားပါတယ်။ သင်္ဘောနှစ်စီးနဲ့ နေအိမ်ပြောင်းရွှေ့မှုတွေကို လက်ခံပါတယ်။ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ခုံတွေ၊ စားပွဲတွေ၊ ရွှေ့ပြောင်းလို့ရတဲ့ ပစ္စည်း အကုန်လက်ခံပါတယ်။ အခု တစ်ကြိမ်နဲ့ဆို ၃ ကြိမ်လောက်တော့ ရန်ကုန်မြို့ကို ပစ္စည်း ရွှေ့ပြောင်းထားပြီးပါပြီ” ဟု ပြောသည်။
စစ်တွေမြို့ခံများထဲတွင် ငွေကြေးတတ်နိုင်သည့် သူများက ရန်ကုန်မြို့သို့ ရွှေ့ပြောင်းနေကြသလို ငွေကြေးမတတ်နိုင်သည့် မြို့ခံများမှာ စစ်တွေမြို့ထဲမှာ ဖြစ်သလို နေထိုင်မည်ဖြစ်ကြောင်းနှင့် အာရက္ခတပ်တော် AA ထိန်းချုပ်ဒေသများသို့လည်း သွားရောက် စီစဉ်လျက်ရှိကြောင်း သိရသည်။
အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေဖြစ်သည့် ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးဘက်သို့ သွားရောက်မည့် သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိပ်ကမ်းတွင် တင်းတင်းကျပ်ကျပ် တားဆီးပိတ်ပင်နေကြောင်းလည်း သိရသည်။



“အရင်က လူတစ်ဦး ငွေကျပ် နှစ်သိန်းလောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထူးသဖြင့် ရေတပ်ကို ပေးပြီး သွားလို့ရပေမယ့် သွားတဲ့သူတွေ များတော့ အခု အရမ်းကျပ်တယ်လို့ ပြောပါတယ်။ လုံးဝ သွားခွင့်မရှိဘူးလို့လည်း သိရပါတယ်။ ဒါပေမယ့် ရင်းနှီးတဲ့သူတွေက ငွေနဲ့ ညှိနှိုင်းပြီး သွားတဲ့သူတွေလည်း ရှိနေပါတယ်။ တိုက်ပွဲရဲ့ အခြေအနေတွေကိုလည်း စောင့်ကြည့်နေရပါတယ်” ဟု စစ်တွေမြို့ခံ နောက်ထပ် တစ်ဦးက ပြောသည်။
စစ်တွေမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့သည် မကြာခဏ အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲများရှိနေသလို စစ်ကောင်စီရေတပ်က ပေါက်တောနှင့် ပုဏ္ဏားကျွန်းဒေသဘက်သို့ လက်နက်ကြီးပစ်ခတ်မှုရှိကြောင်း သိရသည်။
စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ ပစ်ခတ်ရပ်စဲမှု ကြေညာထားကြသော်လည်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ရှိနေကြောင်း နှစ်ဖက်လုံးစွပ်စွဲ ပြောဆိုထားကြသည်။