စစ်ကိုင်းတိုင်းဒေသက အင်းတော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်သော တော်လှန်ရေးအဖွဲ့က ဧပြီလ ၇ ရက်နေ့တွင် သိမ်းပိုက်ရရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်ကြီး အမြောက်များ၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီး သိမ်းဆည်းရမိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။
“မနေ့က ဧပြီလ ၇ ရက်နေ့ ညပိုင်းမှာ အင်းတော်မြို့ကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီ။ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရရှိတယ်။ ၁၂၀ မမ ၊ ၁၂၂ လက်နက်ကြီးတွေနဲ့ လက်နက်ခဲယမ်းတွေ အများကြီးရပါတယ်” ဟု ပြောသည်။
အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တောက်လျှောက်ပြုလုပ်နေကြောင်း သိရသည်။
“အင်းတော်ကို ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတယ်။ စစ်ကောင်စီဖက်က စစ်ကူစစ်ကြောင်းတွေကိုလည်း အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့တယ်။ ကိုယ့်ဖက်ကလည်း ထိခိုက် ဆုံးရှုံးမှုတွေရှိပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။
အင်းတော်မြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အင်းတော်မြို့ရဲစခန်း၊ ထွေ/အုပ်ရုံး၊ နဘားလမ်းဆုံနှင့် နဘားရွာဘုန်းကြီးကျောင်းရှိ စစ်စခန်းများကို ပထမဦးစွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အင်းတော် ရဲစခန်းနှင့် ထွေအုပ်ရုံးမှ ဆုတ်ခွာသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ အင်းတော်မြို့ရှိ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတွင် တပ်မ ၇၇ ၏ ရှေ့တန်းဌာနချုပ်အဖြစ် စစ်ကောင်စီက ခံစစ်လုပ်ကာ ခုခံခဲ့ကြသည်။
အင်းတော်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူစခန်းကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ၇ လကျော်တိုက်ခိုက်ပြီးနောက် ယမန်နေ့ ဧပြီလ ၇ ရက်တွင် သိမ်းပိုက်ရရှိကာ အင်းတော်တစ်မြို့နယ်လုံးတွင် စစ်ကောင်စီတပ် ကင်းစင်သွားခြင်းဖြစ်ကြောင်း သိရသည်။
1 Comment
n8sv37