ယနေ့ ဧပြီလ ၁၀ ရက်တွင် ကျရောက်သော အာရက္ခတပ်တော် AA ၏ ၁၆ နှစ်မြောက် တပ်တည်ထောင်နေ့ နှစ်ပတ်လည်အခမ်းအနားမှာ ညီနောင်မဟာမိတ် ကိုးကန့်တပ် MNDAA နှင့် တအောင်းတပ် TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ကြသည်။
အာရက္ခတပ်တော် AA က အကောင်အထည်ဖော်နေသော အာရက္ခအိမ်မက် အမြန်ဆုံး အလုံးစုံ အကောင်အထည်ဖော်နိုင်ပါစေကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ဂုဏ်ပြုသဝဏ်လွှာတွင် ဆန္ဒပြုထားကြသည်။
အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရေးခရီးကြမ်းတွင် အာရက္ခအိမ်မက် ကို အကောင်အထည်ဖော်ရန် မရပ်မနား ကြိုးပမ်းနေကြေသော ရခိုင်သူရဲကောင်းများကို လေစားဂုဏ်ယူပါကြောင်းလည်း ညီနောင်မဟာမိတ် MNDAA နှင့် TNLA တို့က ပြောသည်။
အာရက္ခတို့၏ နိုင်ငံရေးရည်မှန်းချက်သည် ရခိုင်ပြည်သူများ၏ လက်ထဲသို့ မကြာမီအချိန်တွင် မုချမသွေ ရောက်ရှိတော့မည်ဖြစ်ကြောင်းလည်း ဂုဏ်ပြုသဝဏ်လွှာတွင် ပြောဆိုထားသည်။
စစ်အာဏာရှင် အမြစ်ပြတ်ရေးနှင့် မြန်မာပြည်သူများ လိုလားသော နိုင်ငံရေးစနစ်တစ်ခု ထူထောင်နိုင်ရန် အာရက္ခတပ်တော် AA သည် မြန်မာနိုင်ငံအနှံ့ တော်လှန်ရေးဒေသများတွင် ရှိနေသည်။
အာရက္ခတပ်တော်က တော်လှန်ရေးလုပ်ရပ်များကို လက်တွေ့ကျကျ အရှိန်အဟုန်မြှင့် ဖော်ဆောင်နေသည်မှာ မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် အားတက်ဂုဏ်ယူဖွယ် ဖြစ်သည်ဟု ညီနောင်မဟာမိတ်အဖွဲ့ MNDAA နှင့် TNLA တို့က ပြောသည်။


ညီနောင်မဟာမိတ် ၃ ဖွဲ့မှ အစပြုခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှာ အခြားသော မဟာမိတ်တပ်များ၊ နွေဦးတော်လှန်ရေးအင်အားစုများလည်း ပါဝင်လာပြီး အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံး အစပြုခဲ့သည့် စစ်ဆင်ရေးဖြစ်လာခဲ့သည်ဟု ဆိုသည်။
အဆိုပါ စစ်ဆင်ရေးသည် တော်လှန်ပြည်သူများအားလုံး၏ ထောက်ခံမှုနှင့်အတူ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မည့် ခြေလှမ်းများပင်ဖြစ်သည်ဟုလည်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေး စီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု အလေးအနက်ကတိပြုသည်ဟုလည်း MNDAA နှင့် TNLA တို့က ပြောဆိုထားသည်။