ချင်းပြည်နယ်က စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဖလမ်းမြို့ကို ချင်းညီနောင်တပ်ဖွဲ့က ဧပြီလ ၉ ရက်နေ့က အလုံးစုံ သိမ်းပိုက်ရရှိခဲ့ပြီးနောက် CNA က ဝမ်းမြောက်ကြောင်း ထုတ်ပြန်လာသည်။
ချင်းညီနောင်အဖွဲ့နှင့် သဘောထား မတိုက်ဆိုင်သောအဖွဲ့ဖြစ်သည့်ချင်းပြည်နယ်၏ တော်လှန်ရေးတပ်ဖွဲ့ CNA (ချင်းအမျိုးသားတပ်ဦး) က ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ယနေ့ ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
“ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့သော ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုနှင့် ၎င်းစစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်ကြသော ချင်းညီနောင် အဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့များအားလုံးအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင် အပ်ပါသည်” ဟု CNA က ဆိုသည်။
မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ချင်းလဲန်းတည်ဆောက်ရေးနှင့် ချင်းလူမျိုးများကိုယ်ပိုင် ပြဋ္ဌာန်းမှု အပြည့်အဝရရှိရေး အတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် CNA က တော်လှန်ရေးအင်အားစု များအားလုံးကို တိုက်တွန်းထားသည်။
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် စတင်ခဲ့ပြီး ၅ လအကြာတွင် သိမ်းပိုက် ရရှိခဲ့ခြင်း ဖြစ်သည်။
ဖလမ်းမြို့ မကျစေရေး စစ်ကောင်စီဖက်၏ ခလရ ၂၆၈ တပ်ရင်း အင်အားအပြင် ခလရ ၈၉ မှ စစ်ကူ အင်အား ၁ဝဝ ဝန်းကျင်နှင့် တပ်မ ၇၇ လက်အောက်ခံ ခလရ ၃၉၁ မှ စစ်ကူအင်အား ၁ဝဝ ခန့်ဖြင့် အကြိမ်ကြိမ် ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၀၀ ကျော်ဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း ဧပြီလ ၉ ရက်နေ့တွင် ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်သော နယ်မြေဖြစ်ခဲ့ပြီဖြစ်သည်။
ဖလမ်းမြို့ နယ်တစ်ခုလုံး သိမ်းပိုက်ရရှိမှုတွင် အာရက္ခတပ်တော်မှ ခဲယမ်းစစ်လက်နက်များအပြင် စစ်ရေးဆိုင်ရာ အကြံဉာဏ်များကူညီခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က ပြောသည်။
စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင် မဟာမိတ်များနှင့် အတူ ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားသည်။
1 Comment
pyn02a