Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးထားသည့် စစ်ကောင်စီ၏ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည် ၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း စစ်အာဏာရှင် တော်လှန်သူများက ပြောသည်။

စစ်ကောင်စီ၏ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကို စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ အမှတ် ၁ စစ်ဗျူဟာအဖွဲ့မှ စစ်ဗျူဟာမှူးအဖြစ် ဗိုလ်မှူးချုပ် အောင်သက်ဦးက တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်ရာတွင် အဓိက ဦးဆောင်ပါဝင်ခဲ့ကြောင်း စစ်အာဏာရှင် တော်လှန်နေသူတစ်ဦးက ပြောသည်။

“သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို ပြန်လည် လေ့လာကြည့်လျှင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစအချိန် ရန်ကုန်က ဆန္ဒပြပြည်သူတွေကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ရာမှာ အောင်သက်ဦးက ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ အမှတ် ၁ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအဖြစ်နဲ့ အမိန့်ပေးခိုင်းစေခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဗိုလ်မှူးချုပ် အောင်သက်ဦးမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ် အမှတ် ၁ စစ်ဗျူဟာမှူးအဖြစ်မှ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ ကော့သောင်းတပ်နယ်၏ စစ်ဗျူဟာမှူးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယင်းနောက် တပ်မ ၇၇ တပ်မမှူး ဖြစ်လာကြောင်း သိရသည်။

နောက်ထပ် အောင်သက်ဦး အကြောင်းသိသူတစ်ဦးက “၂၀၂၁ တုန်းက အောင်သက်ဦးက ၇၇ တပ်မမှူး မဟုတ်သေးဘူး။ ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းတဲ့အထိက ၇၇ တပ်မမှူးက ဗိုလ်မှူးချုပ် မြတ်သက်ဦး၊ သူ့ရဲ့နောက်မှာ ဗိုလ်မှူးချုပ် မင်းကိုကို၊ သူ့ရဲ့နောက်မှာ စိုးမြတ်ထွဋ်၊ သူ့ရဲ့နောက်မှာ ကျော်ကျော်ဟန်၊ သူ့ရဲ့နောက် ၂၀၂၄ မှာမှ အောင်သက်ဦးက ၇၇ တပ်မမှူး ဖြစ်လာတယ်။ အခု လက်ရှိ ၇၇ တပ်မမှူး အောင်သက်ဦးက ၂၀၂၁ လောက်တုန်းက ရန်ကုန်တိုင်း အမှတ် ၁ စစ်ဒေသမှူး၊ အဲဒီကနေ နောက်တော့ ကော့သောင်း စဗခမှူး၊ အဲဒီကမှ ၇၇ တပ်မမှူး ဖြစ်လာတာ” ဟု ပြောသည်။

ဗိုလ်မှူးချုပ် အောင်သက်ဦးသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး တပ်မ ၇၇ တပ်မမှူးအဖြစ် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်မှ စတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်အောင်သက်ဦးတွင် ဇနီး ဒေါ်သက်စုနွယ်ထွန်း၊ သားအကြီးဖြစ်သူ ပြည်သျှံဦးနှင့် သားအငယ် အံ့ဘုန်းဦးတို့ ရှိကြောင်း သိရသည်။

ပုံစာ – စစ်သုံ့ပန်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် ရန်ကုန်တွင် ၂၀၂၁ ခုနှစ်ကာလက အောင်သက်ဦးအမိန့်ဖြင့် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းခဲ့သည့် မြင်ကွင်းများ

(ခေတ်သစ်မီဒီယာသည် Western News မိတ်ဖက် သတင်းဌာနဖြစ်သည်)

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ