Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- စစ်ကောင်စီလက်နက်ကြီးကြောင့် မီးလောင်နေသော ပေါက်တောမြို့၊ (ပုံဟောင်း)

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်က မွတ်ဆလင်များ နေထိုင်သည့် အနောက်ရဲ ကျေးရွာကို ယမန်နေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့သည်။

စစ်ကောင်စီ ကြဲသော ပေါင် ၅၀၀ ဗုံးနှစ်လုံးမှာ အနောက်ရဲကျေးရွာ အပြင်၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံမွတ်ဆလင်များ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ပေါက်တောဒေသခံ မွတ်ဆလင်တစ်ဦးက ပြောသည်။

“အနောက်ရဲ ရွာတို့၊ ကြိမ်နီပြင် တို့ဆိုတာ ဒုက္ခသည်စခန်းတွေပါ။ မြစ်ကမ်းနားမှာ နေပြီး တစ်ပိုင်တစ်နိုင် ငါးရှားနေတဲ့ ရွာတွေ ဖြစ်ပါတယ်။ အခုလို စစ်ရေးနဲ့ မဆိုင်တဲ့ ရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်တော့ ကျနော်တို့ အရမ်းစိုးရိမ် နေရပါတယ်။ ကျနော်တို့မှာ သွားစရာ၊ ထွက်ပြေးပုန်းရှောင်စရာ နေရာလည်း မရှိဘူး။ နောက်ထပ် စစ်ကောင်စီက လေကြောင်းတိုက်လာမှာကို အရမ်းကို ကြောက်နေရပါတယ်” ဟု ပြောသည်။

ပေါက်တောမြို့နယ်သည် အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်တစ်ခုဖြစ်ပြီး စစ်တွေမြို့နှင့်လည်း ကုလားတန်မြစ် တစ်ဖက်တစ်ကမ်းတွင် တည်ရှိသည်။

စစ်ကောင်စီသည် ပေါက်တောမြို့နယ်ကို လေကြောင်းကနေ အမြဲတမ်း လာရောက် ဗုံးကြဲတိုက်ခိုက်နေသလို စစ်တွေမြို့ရှိ ရေတပ်နှင့် အမြောက်တပ်ရင်းတို့ကလည်း နေ့စဉ် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်‌နေကြောင်း ပေါက်တော ဒေသခံများက ပြောသည်။

နောက်ထပ် ပေါက်တော ဒေသခံတစ်ဦးက “အပစ်အခတ် ရပ်ထားတယ်လို့ပြောတယ်။ ပြီးတော့ တိုက်ပွဲရှိတာလည်း မဟုတ်ဘူး။ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်နေတယ်။ စစ်ကောင်စီက ပြောစရာ စကားမရှိလောက်အောင် ယုတ်မာပက်စက်ပြီး ကတိမတည်ဘူး။ အပြောတမျိုး အလုပ်တမျိုး။ ကျနော်တို့ ပြည်သူတွေကတော့ နေ့တိုင်း စိုးရိမ်စိတ်နဲ့ နေနေရတယ်။ ဘယ်အချိန် ဗုံးလာကြဲမလဲ အိပ်မဖြောင့်၊ စားမဖြောင့်၊ သွားမဖြောင့်နဲ့ အမြဲစိုးရိမ်စိတ်နဲ့ ဖြတ်သန်းနေရပါတယ်” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာကို မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် စစ်ရှာင်ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ရခိုင်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် အရပ်သားပြည်သူများ နေထိုင်ရာ မြို့ရွာများ၊ လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦးများနှင့် ဆေးရုံဆေးခန်းများကို ပစ်မှတ်ထား နေ့စဉ်တိုက်ခိုက်နေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ