စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျခတ်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကိုရင် ၃ ပါး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၂နာရီ အချိန်ခန့်တွင် ဒီပဲယင်းနယ် ကျခတ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကျခတ်ကျေးရွာ ဘုန်းကြီးကျောင်း၌ ရှိနေသော ကိုရင် ၃ ပါး၊ ကျောင်းသား ၁ ဦး၊ ကပ္ပိယ အဘိုးအို ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ကျန် ကိုရင် ၃ ပါး နှင့် ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဒေသပြည်သူ တစ်ဦးက “ကျခတ်ကျေးရွာ ဘုန်းကြီးကျောင်းကို ဒီနေ့ မွန်းလွဲပိုင်းမှာ အကြမ်းဖက် စစ်တပ်ရဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ ကိုရင် ၃ ပါးနဲ့ ပြည်သူ ၃ ဦးသေဆုံးတယ်လို့တော့ သိထားရတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိပါတယ်” ဟု ပြောဆိုသည်။
စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ရက် ၂၀ ကြာ ယာယီ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် ထိုးစစ်များ ဆင်နွှဲခြင်းနှင့် လေကြောင်းတိုက်ခိုက်မှု နေ့စဉ် ရက်ဆက် လုပ်ဆောင်နေသည်။
ရန်ကုန်ခေတ်သစ်သည် Western News မဟာမိတ် ဖြစ်သည်။