Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ICNCC အဖွဲ့နှင့် ချင်းညီနောင်တပ်ဖွဲ့တို့ ဖလမ်းမြို့သိမ်းတိုက်ပွဲက ဓါတ်ပုံများဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီက အတင်းအဓမ္မကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲမှာ ချင်းပြည်သူလူထုများအနေဖြင့် ပါဝင်းခြင်း၊ ထောက်ပံ့ပေးခြင်းများကို မပြုကြရန် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သတိပေးထားသည်။

ယမန်နေ့ ဧပြီလ ၁၃ ရက်တွင် ICNCC အဖွဲ့ တည်ထောင်နေ့ ၄ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ချင်းပြည်သူများအား ကြိုတင်သတိပေးအပ်သည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

စစ်ကောင်စီက အတင်းအဓမ္မ ကျင်းပရန် ကြိုးစား စီစဉ်နေသည့် ရွေးကောက်ပွဲမှာ ချင်းပြည်အတွင်း လုံးဝ ကျင်းပနိုင်မည် မဟုတ်၍ ချင်းပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ထောက်ပံ့ခြင်းများ မလုပ်ဆောင်ကြရန် ICNCC က သတိပေးထားခြင်းဖြစ်သည်။

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC အဖွဲ့သည် ချင်းညီနောင်အဖွဲ့ CB နှင့် နိုင်ငံရေး၊ စစ်ရေးတွင် အတူပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့ဖြစ်သည်။

ချင်းညီနောင်အဖွဲ့ CB က အာဏာသိမ်း စစ်ကောင်စီထံမှ ချင်းပြည်အတွင်း ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း စသည့် မြို့များကို သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း ICNCC က ဆိုသည်။

နောက်ထပ်လည်း ချင်းပြည်အတွင်း မြို့သိမ်းတိုက်ပွဲများကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်သဖြင့် ချင်းပြည်တစ်ခွင်လုံး စစ်အာဏာရှင် ကျဆုံး၍ ချင်းတစ်ပြည်လုံးလွတ်မြောက်ရန် လက်တကမ်းသာလိုတော့သည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ICNCC က ပြေသည်။

ICNCC က ရေးဆွဲနေသော ချင်းချာတာ မူကြမ်းကိုလည်း မကြာသော ကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြု ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ချင်းလူမျိုးအားလုံး လူ့သမိုင်းတစ်လျှောက်တွင် အတူယှဉ်တွဲ နေထိုင်ခဲ့ကြသူများဖြစ်ပြီး ဘုံရန်သူ စစ်ကောင်စီကို တိုက်ပွဲဝင်နေကြသည့် အချိန်ဖြစ်၍ ချင်းပြည်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များကြား အငြင်းဖွယ်သမိုင်းကြောင်းနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကြရန်လည်း အထူးတိုက်တွန်းကြောင်း ICNCC က ပြောသည်။

တော်လှန်ရေးအင်အားစုများ အချင်းချင်းကြားဖြစ်ပွားသော မည်သည့် အငြင်းပွားမှုကိုမဆို မိတ်ဖက် ပဋိပက္ခများအဖြစ်မှတ်ယူ၍ ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားကြမည်ဟု ICNCC က တိုက်တွန်းထားသည်။

အာဏာသိမ်း စစ်ကောင်စီက စစ်ရှုံးနေချိန် သွေးရူးသွေးတန်းဖြင့် လုပ်ဆောင်နေသည့် နိုင်ငံအနှံ့ လေယာဉ်ဗုံးကြဲခြင်းကြောင့် အပြစ်မဲ့ပြည်သူများ အသက်အိုးအိမ် ဆုံးရှုံးများအတွက် ရှုတ်ချကြောင်းလည်း ICNCC က ဆိုသည်။

ကျန်ရှိနေသေးသည့် မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အဝရရှိရေး၊ အမျိုသားအကျိုးစီးပွား ကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သဘောထား ထုတ်ပြန် ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ