အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည်က မြို့နယ်များတွင် စစ်ကောင်စီ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများနှင့် စစ်ကျန်ဗုံးသီးများကြောင့် ၁၉ ရက်အတွင်းမှာ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ခြေထောက်ပြတ်ပြီး ပြင်းထန်ဒဏ်ရာရနေသူ ၁၂ ဦးရှိကြောင်း သိရသည်။
စစ်ကျန်လက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးသူများအား Western News မှ ၂၀၂၅ မတ်လ ၂၆ ရက်ကနေ ဧပြီလ ၁၃ ရက်နေ့အထိ စုစည်းထားချက် စာရင်းအရ သိရသည်။
ယခု ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးသွားသူမှာ အာဏာသိမ်း စစ်ကောင်စီ တပ်စွဲထားသော နေရာများ၊ တပ်ရင်းများနှင့် သွားလာလှုပ်ရှားခဲ့သော နေရာများသို့ သွားရောက်ခြင်းမှ ထိခိုက်သေဆုံးကြခြင်းဖြစ်သည်။
ရခိုင်ပြည်က ဒေသခံပြည်သူများမှာ လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့် ချောင်းအင်းအိုင်များတွင် သားငါးရှာဖွေခြင်း၊ ထင်းခွေမှုများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရပြီး ထိုသို့ ရှာဖွေစားသောက်ချိန် စစ်ကောင်စီ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အသက်ဆုံးရခြင်းဖြစ်သည်။
မြေမြှုပ်မိုင်းနှင့် စစ်ကျန်ဗုံးသီးများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ ယခု ၁၉ ရက်တာအတွင်း စာရင်းအရ သံတွဲက ၁ ဦး၊ တောင်ကုတ်မြို့က ၅ ဦး၊ ဂွမြို့က ၂ ဦး၊ မြောက်ဦးက ၂ ဦး၊ မြေပုံမြို့က ၁ ဦးနှင့် မင်းပြားမြို့က ၁ ဦး တို့ဖြစ်သည်။
မြေမြှုပ်မိုင်းနှင့် စစ်ကျန်ဗုံးသီးများကြောင့် ထိခိုက်သေဆုံးသူမှာ တောင်ကုတ်မြို့က အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်သည်။
■ နေ့အလိုက် ထိခိုက်မှုများ
မတ်လ ၂၆ ရက် ညနေ ၃ နာရီကျော်အချိန်တွင် သံတွဲမြို့နယ် ရောင်ခြည်ဦးကျေးရွာမှ အသက် ၆၀ အရွယ် ဦးစိုးသန်းမှာ နေအိမ်မှ ရာဘာတောင်သို့ အလုပ်သွားလုပ်စဉ် မြေမြှုပ်မိုင်း နင်းမိပြီး ဘယ်ဖက် ခြေထောက် ပြတ်ထွက်သွားသည်။
မတ်လ ၃၀ ရက် နံနက် ၁၁ နာရီအချိန်တွင် ဂွမြို့နယ် ကျိန္တလီတိုက်နယ် ဆားချက်ကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဦးဇော်ဝင်းအောင်မှာ ရွာအနီး တောတောင်ပေါ်တွင် ဟင်းရှာနေစဉ် မြေမြှုပ်မိုင်း နင်းမိပြီး ဘယ်ဖက် ခြေထောက် ဒူးဆစ်အောက်က ပြတ်ထွက်သွားပြီး ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်။
မတ်လ ၃၁ ရက် နံနက်ပိုင်းက တောင်ကုတ်မြို့နယ် ကြိုးကြားကွင်းကျေးရွာမှ အသက် ၆၄ နှစ်အရွယ် ဒေါ်အောင်မြ မှာ ရွာအနီး တောတောင်ပေါ်တွင် ထင်းခွေနေစဉ် မြေမြှုပ်မိုင်း နင်းမိပြီး ညာဖက် ခြေထောက် ပြတ်ထွက်သွားသည်။
ဧပြီလ ၃ ရက် နေ့လယ်ပိုင်းတွင် ဂွမြို့နယ် ကျိန္တလီမြို့ခံ အသက် ၃၀ အရွယ် ကိုထွန်းလှအောင်မှာ တောတောင်ပေါ်တွင် ဟင်းရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ညာဖက် ခြေထောက် ဒူးဆစ်အောက်က ပြတ်ထွက်သွား၍ ဒဏ်ရာရရှိသွားသည်။
ဧပြီလ ၄ ရက် နေ့လယ်ပိုင်းက တောင်ကုတ်မြို့နယ် ရန်ခိုကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မောင်မင်းခန့်စိုးမှာ စာသင်ကျောင်းက ကျောင်းဆင်းအပြန် စစ်ကောင်စီတပ်ရင်းဖြစ်ခဲ့သော ခမရ ၅၄၄ တပ်ရင်းအနီးမှ ကောက်ယူလာသော စစ်ကျန်ဗုံးသီးအား ထုခွဲရာမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသွားကြောင်းနှင့် နောက်ထပ် အသက် ၁၁ နှစ်အရွယ် မောင်ရှိုင်းထက်အောင် မှာလည်း ဘယ်ဖက်ပေါင်၊ လက်များတွင် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
ဧပြီလ ၅ ရက် နေ့လယ်ပိုင်းတွင် မြောက်ဦးမြို့နယ် ကျောက်ရာဇ်ကေရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ် ကိုထွန်းလင်းချေနှင့် အသက် ၃၃ နှစ်အရွယ် ကိုစိုးချေတို့မှာ ကန်ဘောင်မှ ကောက်ရသော စစ်ကျန်ဗုံးသီးတစ်လုံးကြောင့် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာရရှိသွားကြသည်။
ကန်အတွင်း ငါးရှာနေသော မောင်စောဌေး ဆိုသူက ကောက်ရသော ဗုံးသီးအား ပြရန်ဟုဆိုကာ ၎င်းတို့နှစ်ဦးထံ လှမ်းဝေးပစ်လိုက်ရာမှ ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
ဧပြီလ ၆ ရက် နေ့လယ်ပိုင်းတွင် တောင်ကုတ်မြို့နယ် ကြိုကြာကွင်းကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ကိုဟိန်းမင်းစိုးမှာ ကြိုးကြာကွင်းဆည်၌ ဟင်းရှာနေစဉ် စစ်ကျန်မြေမြှုပ်မိုင်း ဖိမိကာ ညာဖက် လက်ညိုးပြတ်ထွက်သွားပြီး လည်ပင်းမှာလည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဧပြီလ ၉ ရက် နေ့လယ် ၁ နာရီတွင် မြေပုံမြို့နယ် ကံသာထွက်ဝ ရပ်ကွက်မှ အသက် ၁၂ နှစ်အရွယ် မဖြိုးဖြိုးစံမှာ ကန်တော်ကြီး အထက်ဘက်ရှိ တောရဘုန်းတော်ကြီးကျောင်းအနီး တောင်ဂျိုင်တွင် ဟင်းရှာနေစဉ် မြေမြှုပ်မိုင်း နင်းမိပြီး ဘယ်ဖက် ခြေထောက် ဒူးဆစ်အောက်က ပြတ်ထွက်သွားသည်။
ဧပြီလ ၁၀ ရက် နံနက် ၇ နာရီခွဲအချိန်တွင် တောင်ကုတ်မြို့နယ် ဝက်ပြည့်ကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မသျှားစုမှာ ဖလူးကြီးတောင်အနီး ဖခင်ဖြစ်သူနှင့် ဟင်းရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ညာဖက် ခြေထောက် ခြေမျက်စိအောက်က ပြတ်ထွက်သွားသည်။
အလားတူ ဧပြီလ ၁၀ ရက် နံနက် ၁၀ နာရီကျော်အချိန်မှာလည်း တောင်ကုတ်မြို့နယ် ဖုံညိုကျေးရွာမှ အသက် ၂၂ နှစ်အရွယ် ကိုချစ်စမ်းမောင်မှာ စစ်ကောင်စီတပ်ဖြစ်သော စကခ-၅ တပ်မ အနီးတွင် ဟင်းရှာနေစဉ် မြေမြှုပ်မိုင်း နင်းမိပြီး ညာဖက် ခြေထောက် ခြေမျက်စိအောက် ပြတ်ထွက်သွားသည်။
ဧပြီလ ၁၃ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် မင်းပြားမြို့နယ် ဖားပြိုကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးထွန်းမြင့်မှာ ရွာအနီး တောတောင်ပေါ်တွင် ထင်းခွေနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ညာဖက် ခြေထောက်တစ်ချောင်းလုံး လုံးဝ ပြတ်ထွက်သွားကာ ဘယ်ဖက် ခြေထောက်လည်း အနည်းငယ် ဒဏ်ရာရရှိသွားကြောင်း သိရသည်။