Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်များကို စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းက ဗုံးကြဲမှုကြောင့် အရပ်သား ၁၂ ဦးမနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် ပဲခူးတိုင်း အုတ်တွင်းမြို့နယ်၊ ရေအိုးစဥ်ကျေးရွာအုပ်စု သောင်းတန်းရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂ဦး သေဆုံးခဲ့သည်။

ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ ဒီအတိုင်း လေယာဥ်နဲ့ ဗုံးကြဲချတာပါ။ တစ်အိမ်တည်း မိသားစုဝင် ၄ ဦးထိတယ်။ ဆေးကုဖို့ ခေါ်သွားရင်းနဲ့ ကိုမျိုးနဲ့ သူ့အမျိုးသမီး ဆုံးတယ်။ ကျန်တဲ့ ၂ ဦးကလည်း ဒဏ်ရာရရှိထားပါတယ်” ဟု ပြောဆိုသည်။

ထိခိုက် သေဆုံးသွားသူများမှာ မိသားစုတစ်စုတည်းမှ ၄ ဦးဖြစ်ပြီး အသက် ၃၅ နှစ်အရွယ်ရှိ ကိုမျိုးနှင့်ဇနီးဖြစ်သူတို့မှာ ပြင်းထန်ဒဏ်ရာများဖြင့် အရေးပေါ် ဆေးသရန် သွားရင်း သေဆုံးသွားခဲ့သည်။

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သောင်းတန်းကျေးရွာသည် လယ်ယာစိုက်ပျိုးရေးနှင့်ခြံလုပ်ငန်းများ လုပ်ကိုင်အသက်မွေးကြသူများ ဖြစ်ပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိကြောင်း သိရသည်။

ထို့အပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စစ်ရှောင် ၁၀ ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လက်နက်ကြီးသည် စစ်ကောင်စီတပ်၏ ခမရ ၅၄၅ နှင့် ခမရ ၅၄၆ က လက်နက်ကြီးများဖြင့် ယမန်နေ့ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာသို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့က စစ်ဘေးရှောင်ရန် ပြင်ဆင်နေသည့် ကားပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အနည်းဆုံး ၁၀ ဦးသေဆုံးပြီး ယင်းအထဲမှ လင်မယား ၂ ဦး၏ အလောင်းကို ရရှိထားသော်လည်း ကျန်အလောင်းများကို မသယ်ထုတ်နိုင်သေးဘဲ ဖြစ်နေသည်။

စစ်ဘေးရှောင်ကူညီနေသူက “စစ်ဘေးရှောင်ဖို့ ပြင်နေတဲ့ ကားပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာ။ သေဆုံးသူတွေက ဟိန္ဒူဘာသာဝင်တွေပါ။ နာမည်က မြန်မာလို ကိုဂဏန်းလို့ပဲ ခေါ်တာ။ သူတို့ လင်မယား ၂ ဦးရဲ့အလောင်းပြန်ရတယ်။ သေတာက ၁၀ ဦးပါ။ အလောင်းပြန်ထုတ်လို့ရတာက လင်မယား ၂ ဦး အလောင်းပဲ။ အမျိုးသမီးက ကိုယ်ဝန် အရင့်အမာနဲ့။ အကုန်လုံးတော့ ပြေးလွှားနေရတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်၏ ကျုံဒိုးအခြေစိုက်ခမရ ၅၄၅ နှင့် ခမရ ၅၄၆ တပ်ရင်း ၂ ခုက စစ်သား အင်အားနှင့် လက်နက်ခဲယမ်း အင်အားဖြည့်တင်းနေပြီး ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့ အခြေစိုက် ခလရ ၉၇ တပ် ကလည်း မြဝတီ-အာရှ လမ်းနှင့်ဒေါန တောင်လမ်းဟောင်းဘက်သို့စစ်ကြောင်းထွက်ရန် လက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဒေခံများ၏ ပြောဆိုချက် အရ သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ