Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က ARSA တပ်ဖွဲ့ဝင်များက အာရက္ခတပ်ဖွဲ့ဝင် နှစ်ဦး တိုက်ခိုက်ခဲ့စဉ်။ ဓါတ်ပုံ- ARSA

ရခိုင်ပြည် မောင်တောဒေသမှာ ARSA အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှား ဆောင်ရွက်များပြားလာပြီး တိုက်ခိုက်လာနိုင်ခြေရှိ၍ ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးသတိ ရှိကြရန် လိုကြောင်း ဒေသခံများက ပြောသည်။

ARSA လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေသည့် မောင်တောမြို့နယ်တွင် မတ်လအတွင်းမှာ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သား ၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ARSA ခေါင်းဆောင် အာတာအူလာ ဖမ်းဆီးခံရပြီးနောက် ကျန်ရှိ ARSA အဖွဲ့ဝင်များသည် မောင်တောဒေသတွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်မှု ပိုမိုများပြားလာ၍ ဦးဝေဟင်အောင်က ပြောဆိုသည်။

“ကျနော်တို့ သတိထားပြီး စောင့်ကြည့်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်မှာ အခြေပြုပြီး လှုပ်ရှားနေတဲ့ အဖွဲ့တွေရဲ့ အခင်းအကျင်းကို ကျနော်တို့ စောင့်ကြည့်နေပါတယ်။ ပြောမယ်ဆိုရင် သူတို့က အကြမ်းဖက်မှု တစ်ခုကို ကြီးကြီးမားမား လုပ်ဖို့အတွက် ပြင်ဆင်နေကြတယ်လား ဆိုတဲ့ သံသယဝင်မိတယ်။ ကျနော်တို့လည်း ကြားပါတယ် မွတ်ဆလင် လက်နက်ကိုင်တွေ အားလုံးပေါင်းပြီးတော့ အင်အားအလုံးအရင်းနဲ့ ရခိုင်ပြည်ထဲကို ဝင်ပြီးတော့ အာရက္ခတပ်တော်ကို တိုက်ခိုက်မယ်ဆိုတဲ့ ကြွေးကြော်သံတွေလည်း မကြာခဏ ကြားနေတယ် ခင်ဗျ” ဟု ပြောသည်။

ARSA အဖွဲ့အတွင်း အင်အားစုစည်းမှု၊ လေ့ကျင်သင်ကြားမှုနှင့် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ရန် ဆွေးနွေးပြောဆိုခြင်းများ ပါဝင်သည့် ARSA အဖွဲ့လှုပ်ရှားမှု ဗီဒီယိုဖိုင်များမှာ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားကြသည်။

မောင်တောဒေသတွင် ARSA အဖွဲ့အပါအဝင် မွတ်ဆလင် လက်နက်ကိုင်များ အရှိန်မရွေး ဝင်ရောက် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးသတိ အမြဲရှိနေရန် လိုအပ်သည်ဟု ဦးဝေဟင်အောင်က ဆက်လက် ပြောသည်။

“အကြမ်းဖက်မှုတွေ လုပ်လာနိုင်လား ဆိုတဲ့ဟာကတော့ လုံခြုံရေးသတိဆိုတာက လုံးဝ ပေါ့လျော့လို့ မရဘူးပေါ့နော်။ လုံခြုံရေးသတိဟာ အချိန်ပြည့်ရှိနေဖို့ လိုအပ်တယ်။ လူတိုင်းလူတိုင်းဟာ လုံခြုံရေးသတိဟာ ပေါ့လျော့လို့ မရဘူး။ ခေါင်းဆောင်တစ်ယောက် ပြောင်းသွားရုံ လောက်နဲ့တော့ သူတို့ရည်မှန်းချက်တွေ ပြောင်းချင်မှ ပြောင်းမယ်ပေါ့” ဟု ပြောသည်။

ARSA ၏ ခေါင်းဆောင် အာတာအူလာနှင့် ထိပ်တန်းခေါင်းဆောင်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက မတ်လ ၁၇ ရက်တွင် ဖမ်းဆီးလိုက်ပြီး ၎င်းတို့ အဖွဲ့သည်လည်း မောင်တောမြို့နယ်များတွင် လှုပ်ရှားနေသည်။

ARSA (အာဆာ) ခေါင်းဆောင်များ၏ စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသည့်အပေါ် တရားစီးရင် အရေးယူနိုင်ရန် နိုင်ငံတကာ တရားမျှတမှုယန္တရားများဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ပူးပေါင်းဆောင်ရွက်သင့်ကြောင်း Fortify Rights အဖွဲ့က ပြောသည်။

“ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကျခံရခြင်းကနေ လွတ်မြောက် နေတာနဲ့အမျှ ဗြောင်းဆန်နေအောင်ကို အကြီးအကျယ် လိုက်ဖျက်ဆီးနေပါတယ်။ စစ်ရာဇဝတ်မှုတွေကို များသောအားဖြင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ နယ်မြေအတွင်းမှာသာ ကျူးလွန်လေ့ရှိပေမယ့် ဒီအမှုကိစ္စမှာတော့ ဘင်္ဂလားဒေ့ရှ်က ရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံက စစ်ပွဲနဲ့ တိုက်ရိုက်ဆက်နွယ်နေပြီး စစ်ရာဇဝတ်မှုမြောက်ကြောင်း သတ်မှတ်လို့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ ယာယီအစိုးရအနေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို တရားစီရင်နိုင်ဖို့ နိုင်ငံတကာ တရားမျှတမှုဆိုင်ရာယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်” ဟု Fortify Rights ၏ ဒါရိုက်တာ John Quinley က ဆိုသည်။

ARSA အဖွဲ့သည် ၂၀၁၇ ခုနှစ် ရခိုင်ပြည်အတွင်းက ဖြစ်စဉ်များအတွင်း ၎င်းတို့၏ အမိန့်ကို မနာခံဟုဆိုကာ မွတ်ဆလင်ပြည်သူများကို သတ်ဖြတ်ခြင်း၊ ရာနှင့်ချီသော ဟိန္ဒူလူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပြောဆိုထားသည်။

အာတာအူလာ ဖမ်းဆီးခံရသော်လည်း ARSA အဖွဲ့ဝင်တွင် နောက်ထပ် ခေါင်းဆောင်တစ်ဦး အသစ်တင်မြှောက်ထားကြောင်း ပြီးခဲ့သည့်အပတ်က သတင်းထွက်ပေါ်ခဲ့ပြီး မြေပြင်တွင်လည်း စစ်ရေး လှုပ်ရှားမှုများ လက်လုပ်နေသည်။

ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နှင့် အရပ်သားပြည်သူများအပေါ် မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ စစ်သားစုဆောင်းခြင်းနှင့် ငွေညစ်လုယက်ခြင်းများ စသည့် စစ်ရာဇဝတ်မှုကျူးလွန်နေသော အဖွဲ့ဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ထုတ်ပြန်ကြေညာထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ