စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၄ဦး သေဆုံးသွားပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိသွားသည်။
စစ်ကောင်စီက ဝက်လက်မြို့နယ် သစ်ဆိမ့်ကျေးရွာဆေးခန်းကို ပစ်မှတ်ထားကာ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာတွင် အသက် ၁၂ နှစ် အရွယ် ကလေး ၁ ဦး အပါဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။
ယနေ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်က ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ သစ်ဆိမ့်ကျေးရွာ ဆေးပေးခန်းကို ပစ်မှတ်ထား၍ ပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ အစေခံတော်လှန် ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်သူ့ အစေခံ တော်လှန်ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက “အိမ် ၂ လုံးပျက်စီးသွားတယ်။ ဒဏ်ရာရက ၆ ယောက်ရှိတယ်။ တစ်ဦးက စိုးရိမ်ရတယ်။ ၄ ဦးကသေသွားပြီ။ ၁၂ နှစ်အရွယ် ယောက်ျားတစ်ယောက်သေတဲ့ အထဲမှာပါတယ် “ဟုပြောသည်။
အဆိုပါ ဆေးပေးခန်းကို စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁ လုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ကလည်း ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်များကို စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းက ဗုံးကြဲမှုကြောင့် အရပ်သား ၁၂ ဦးမနည်း သေဆုံးခဲ့သည်။
ထို့အပြင် ဧပြီလ ၁၅ ရက်နေ့ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲမှုကြောင့် အရပ်သား ၆ ဦး သေဆုံးသွားခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့သည်။
စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီ ၂ ရက်နေ့ ကစ၍ ၂၂ ရက်အထိ ပစ်ခတ် ရပ်စဲထားသော်လည်း နိုင်ငံအနှံ လေကြောင်းက နေ ဗုံးကြဲ တိုက်ခိုက်မှုများ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်။
ဧပြီ ၃ ရက်ကနေ ၁၃ ရက်နေ့အထိ စစ်ကောင်စီ၏ အပစ်ခတ် ရပ်စဲထားသည့် ကာလအတွင်း အာဏာသိမ်း စစ်ကောင်စီက လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သား ၆၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိထားသည်။