Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- ၂၀၂၂ ခုနှစ် KNUထိန်းချုပ်နယ်မြေအတွင်း ကျင်းပခဲ့သည့် BPLA သင်တန်းဆင်းပွဲ

မြန်မာစစ်တပ်သည် ပြည်သူတင်မြှောက်ထားသော အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ်က အာဏာသိမ်းကာ မြန်မာနိုင်ငံအား ပြည်သူမလိုလားသော စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်နေသည်။

ထိုကြောင့် အာဏာရှင်စနစ်ကို ယခု ခေတ်တွင် အဆုံးသတ်ရန် လိုအပ်သည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ခေါင်းဆောင် ကွက်ကဲရေးမှူး မောင်ဆောင်းခက ပြောသည်။

“ဒီတော်လှန်ရေးကြီး အဆုံးသတ်ဖို့ တာဝန်သိတဲ့ သူတွေဆီမှာပဲ တာဝန်ကိုယ်စီရှိကြပါတယ်။ ကျနော်တို့အနေနဲ့ တာဝန်မသိတဲ့သူတွေကို ပြစ်တင်ဝေဖန်နေမယ့်အစား သူတို့နားလည်ပါဝင်လာအောင် စွမ်းဆောင်ပြဖို့၊ ဦးဆောင်ပြဖို့သာ အရေးကြီးပါတယ်။ အာဏာရှင်စနစ်ကို ကျနော်တို့ခေတ်မှာပဲ အဆုံးသတ်ပြီး ဒီစနစ်ဆိုး/အမွေဆိုးကြီး နောက်မျိုးဆက်ဆီ လက်ဆင့်ကမ်းမကျန်ရစ်ရဖို့ ကျနော်တို့အားလုံး တာဝန်ကိုယ်စီကျေပွန်ကြဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဧပြီလ ၁၇ ရက်နေ့က BPLA တပ် တည်ထောင်နေ့ ၄ နှစ်ပြည့်မြောက်ခဲ့ပြီး အဆိုပါနေ့မှာ မောင်ဆောင်းခက BPLA ၏ ကွက်ကဲရေးမှူးအနေဖြင့် သဝဏ်လွှာ ပေးပို့ရာတွင် သူ့ရဲဘော်များအား ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်၏ ကိုယ်ကျိုးရှာ အာဏာသိမ်းမှုအောက်တွင် ငလျင်ကြောင့် ဒုက္ခရောက်နေသော ပြည်သူအတွက် မျက်ရည်သုတ်ပေးမည့်သူ မရှိဖြစ်နေကြောင်းလည်း မောင်ဆောင်းခက ဆိုသည်။

“ကျနော်တို့ရဲ့ဒီတော်လှန်ရေးဟာ ပြည်သူတွေ မျက်ရည်ကျအောင်လုပ်တဲ့ စစ်အုပ်စုကို အပြီးတိုင်ဖယ်ရှားပြီး ပြည်သူလူထုအတွက် သာတူညီမျှမှု၊ လွတ်လပ်ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုတို့ကို ဆောင်ကျဉ်းပေးနိုင်မယ့် နိုင်ငံတော်သစ် တရပ် ထူထောင်နိုင်ရေးပဲဖြစ်တယ်” ဟု ပြောသည်။

အားကောင်းသည့် မြန်မာစစ်တပ်ကို ဖြိုချဖို့ဆိုလျှင် စနစ်ကျပြီး ခိုင်မာသော အရပ်သားအစိုးရသြဇာကို ခံယူမည့် စစ်တပ်တခုလိုအပ်ကြောင်း BPLA က ပြောဆိုထားသည်။

တော်လှန်ရေးရဲဘော်များအနေဖြင့်လည်း ပေးအပ်လာသော အမိန့်နှင့် တာဝန်များကို အကောင်းဆုံး ထမ်းဆောင်ပြီး ပြည်သူလူထုက အသိအမှတ်ပြု ချစ်ခင်ရသည့် ရဲဘော်ကောင်းများ အဖြစ် ဆက်လက် ရပ်တည်သွားကြရန် မောင်ဆောင်းခက တိုက်တွန်းထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ