Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၅ ဧပြီလ ၁၇ ရက်တွင် ချင်းပြည်နယ် မတူပီမြို့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရစဉ်။ (ဓါတ်ပုံ - မတူပီတိုင်းမ်စ်)

ချင်းညီနောင်တပ်ဖွဲ့များ သိမ်းပိုက်ထားသော ချင်းပြည်နယ် မတူပီမြို့နှင့် ကန်ပက်လက်မြို့တို့ကို အာဏာသိမ်း စစ်ကောင်စီက ဧပြီလ ၁၇ ရက်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၁၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုတိုက်ခိုက်မှုတွင် သင်းအုပ်ဆရာတော် တစ်ပါးအပါအဝင် အရပ်သား ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သင်းအုပ်ဆရာတော်မှာ ခြေထောက်ပြတ်ထွက်သွားကြောင်း သိရသည်။

သင်းအုပ်ဆရာတော်နှင့် အရပ်သား ၃ ဦးမှာလည်း ဒဏ်ရာပြင်းထန်သောကြောင့် အရေးပေါ် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောဆိုကြသည်။

အလားတူပဲ ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ကန်ပက်လက်မြို့ပေါ်ကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ဘေးစီမံဌာနက ပြောဆိုထားသည်။

ကန်ပက်လက်မြို့ပေါ်ကို စစ်ကောင်စီက နှစ်ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီမှု အခြေအနေကို မသိရသေးကြောင်း ကန်ပက်လက်ဘေးစီမံဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။

ထိုကြောင့် ပြည်သူလူထုအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထား နေထိုင်ကြရန်နှင့် ဂရုစိုက်ကြရန် ကန်ပက်လက်ဘေးစီမံဌာနက အသိပေး တိုက်တွန်းထားသည်။

ဧပြီလ ၂ ရက်နေ့ကလည်း ကန်ပက်လက်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၅ လုံးနှင့် ဌာနဆိုင်ရာ အဆောက်အဦး ၁၅ ပျက်စီးခဲ့ကြောင်း သိရသည်။

မတူပီမြို့နှင့် ကန်ပက်လက်မြို့တို့သည် ချင်းညီနောင်တပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသော ဒေသဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်တို့ကို ချင်းညီနောင်က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ယခု ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ဖလမ်းမြို့ကို ချင်းညီနောင်က ဆက်လက် သိမ်းပိုက်ခဲ့ပြီး တီးတိန်မြို့ကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်မည်ဟု ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ