Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူများအား နေ့စဉ့်ဗုံးကြဲသတ်ဖြတ်နေသည့် လုပ်ရပ်ကို အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့က နှုတ်ဆိတ်နေသည့်အပေါ် ထိုင်းလွှတ်တော် အမတ်တစ်ဦးက မေးခွန်းထုတ်လိုက်သည်။

ထိုင်းလွှတ်တော် အမတ် Kannavee Suebsang သည် ယနေ့ ဧပြီ ၁၉ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အာဆီဥက္ကဌ မလေးရှားဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့သည် ဘန်ကောက်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က “မလေးရှားဝန်ကြီးချုပ်နဲ့ သက်ဆင်တို့ဟာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တယ်။ မင်းအောင်လှိုင်ရဲ့ မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတာကို ကြည့်ဖို့လိုတယ်။ ဒါကြောင့် မလေးရှားဝန်ကြီးချုပ်နဲ့ သက်ဆင်တို့မှာ တာဝန်ရှိပါတယ်” ဟု ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အမှားများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီး ယခု ရက်ပိုင်းအတွင်းလည်း မြန်မာပြည်သူများအား ဗုံးကြဲသတ်ဖြတ်နေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

“အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ မည်သည့်အတွက်ကြောင့် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေအတွက် နှုတ်ဆိတ်နေပါသလဲ” ဟု ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က မေးခွန်းထုတ်လိုက်သည်။

ထိုင်းနိုင်ငံသို့ မင်းအောင်လှိုင်ကို ခေါ်၍ တွေ့ဆုံခဲ့ခြင်းအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၊ မလေးရှားဝန်ကြီးချုပ်တို့အနေဖြင့် မင်းအောင်လှိုင်၏ ကျူးလွန်မှုများအတွက် မြန်မာ၊ ထိုင်း၊ မလေးရှား သုံးနိုင်ငံလုံးမှ ပြည်သူများ၏ မေးခွန်းများကို ဖြေကြားရန် လိုအပ်ကြောင်း ထိုင်းလွှတ်တော်အမတ်က ထောက်ပြထားသည်။

မကြာသေးမီက မင်းအောင်လှိုင် လွှတ်ပေးသော လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်လာသူများထဲတွင် ၉၀ ရာခိုင်နှုန်းကျော်က ရာဇဝတ်မှုကျူးလွန်သူများဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှု အလွန်နည်းပါးကြောင်း သိရသည်။

မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၂၁၉၇ ဦးမှာ အကျဉ်းကျနေဆဲဖြစ်ပြီး နိုင်ငံရေးသမားများကို ထောင်ချကာ ရွေးကောက်ပွဲကို စစ်တပ်က မည်သို့ ကျင်းပမည်နည်းဟု ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က မေးခွန်းထုတ်ထားခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ