Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၅ ခုနှစ် ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား အမျိုးသမီး ၃ ဦးဒဏ်ရာရရှိသွားခဲ့သည်။ (ဓါတ်ပုံ - CJ)

ရခိုင်ပြည်၊ ကျောက်တောမြို့ထဲ နေရာအနှံ့ကို ယနေ့ ဧပြီလ ၁၉ ရက် နံနက် ၃ နာရီခန့်တွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး ၁၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လူ အိပ်မောကျနေချိန် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးချိန်မရလိုက်၍ Western News မှ ကနဦး သတင်းအရ အရပ်သား ၁ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

ကျောက်တော်မြို့ထဲက နေရာ ၃ ခုကို စစ်ကောင်စီက ၄ ကြိမ်းထက်မနည်း ဗုံးအလုံး ၁၀ ကျော်ဖြင့် လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်ဒေသတစ်ဦးက ပြောသည်။

“လူအိပ်မောကျနေချိန် စစ်ကောင်စီက ဗုံးလာကြဲတယ်။ ပြည်တော်သာ၊ မြို့သစ်နဲ့ ဆေးရုံကြီးအနီးကို ကျရောက်ခဲ့ပါတယ်။ ကနဦး သိရတာက ၁ ဦးထက်မနည်း သေဆုံးတယ်။ ၂၀ ကျော် ဒဏ်ရာရတယ်။ အားလုံး အရပ်သားတွေ ဖြစ်ပါတယ်။ လောလောဆယ် နာမည်စာရင်း အတိအကျ သိရဖို့ ခက်တယ်။ စစ်ကောင်စီက ကျောက်တော်မြို့ တစ်ခုလုံးကို ဖြန့်ကျက်ပြီး ကြဲခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခု ထိခိုက်သေဆုံးမှုများထဲတွင် ကလေးငယ်များလည်း ပါဝင်ပြီး ဆက်သွယ်ရေး အခက်အခဲကြောင့် အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

နောက်ထပ် ကျောက်တော် ဒေသခံတစ်ဦးက “တိုက်ပွဲ ဖြစ်နေတာလည်း မဟုတ်ဘူး။ စစ်ရေးနဲ့ ဆိုင်တာလည်း ရှိတာ မဟုတ်ဘူး။ လူတွေ အိပ်နေတဲ့အချိန် ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ကောင်စီက ပြည်သူတွေကို ရည်ရွယ်ချက်ချက်ရှိရှိ သတ်ဖြတ်တာ ဖြစ်ပါတယ်။ ဒါက စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတာထက် ပိုသွားပါပြီ။ လူသားမျိုးနွယ် မျိုးတုံးအောင် သတ်ဖြတ်တာ ဖြစ်ပါတယ်။ စစ်အုပ်စုတစ်ခုလုံးကို အမြန်ဆုံး ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ကျောက်တော်မြို့ထဲကို အာဏာသိမ်း စစ်ကောင်စီက သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့မှာလည်း ဂျက်ဖိုက်တာဖြင့် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိကာ နေအိမ် ၅ ဆောင် ပျက်စီးခဲ့ရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ