ဓါတ်ပုံများကို Western News ၏ တယ်လီဂရမ်တွင် ကြည့်ပါရန်
https://t.me/TheWesternNews/19352
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁၃ ဦးထက်မနည်း ထပ်မံ သေဆုံးသွားကြောင်း သိရသည်။
ယနေ့ ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာရှိ ဓာတ်ဆီဆိုင်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး လာရောက်ကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေကြောင်း တိုက်ခိုက်မှု အတွင်း ဓာတ်ဆီဆိုင် မီးလောင်ပြာကျခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားကွာ အသက် ၃ နှစ်နှင့် ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၂၀ ကျော်ရှိသည်။
သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ နဂါးနီ က “သေဆုံးတဲ့ သူက ၁၃ ဦးပေါ့။ ဒဏ်ရာရတဲ့ သူတွေထဲမှာ စိုးရိမ်ရတဲ့ သူတွေပါပါတယ်။ တချို့က လမ်းမှာပဲ ကွယ်လွန်သွားတာတွေရှိတယ်။ သေဆုံးတဲ့ထဲမှာ ကလေး ၂ ဦးလည်း ပါဝင်တယ်လို့ သိရတယ်။ ကလေး ၂ ဦးရဲ့ ရုပ်အလောင်းကတော့ ပျောက်ဆုံးနေပါတယ်” ဟုပြောသည်။
ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက် အန္တရာယ် စိုးရိမ်ရသူများ ပါဝင်ပြီး သေဆုံးသူ ပိုများလာနိုင်ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ နဂါးနီ က ပြောသည်။
“ကျနော်တို့ သပိတ်ကျင်းမြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရတာ ၁၀ ကြိမ်ရှိပါပြီ သင်္ကြန် အကြိုနေ့ကနေစပြီး ဒီနေ့ချိန်ထိပေါ့။ သူတို့ကြဲချတဲ့ ၁၀ ကြိမ်လုံးမှာ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ ထိခိုက်တာမရှိပါဘူး။ ပြည်သူတွေပဲ ထိခိုက်သေဆုံးတယ်ဆိုတော့ ကျနော်တို့ စစ်ကောင်စီကို မေးခွန်းထုတ်ချင်ပါတယ်။ ကျနော်တို့ အရပ်သား ပြည်သူ တွေကို ဘာလို့ ရက်ရက်စက်စက် တိုက်ခိုက်နေတာတုန်းပေါ့။ ကျနော်တို့ ရဲဘော်တွေ မြေပြင်မှာ လုံးဝ မခံစားနိုင်ဘူး။ ဒါတွေ မြင်နေရတာ” ဟု ပြောဆိုသည်။
ဧပြီလ ၁၈ ရက်နေ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာနှင့်ရေထွက်ကျေးရွာကို စစ်ကောင်စီ တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။