အာရက္ခတပ်တော် AAက မိသားစုဝင် ၅ ဦးကို ပစ္စည်းခိုးမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးထားစဉ်တစ်ဦးမှာ သေဆုံးမှု ဖြစ်ပွားခဲ့မှုအပေါ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်မှု မြင့်တက်နေသည်။
မိသားစုဝင် ၅ဦးကို ပစ္စည်းခိုးယူမှု စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပြီး ၅ လကျော်ကြာသည်တိုင် မိသားစုများနှင့် တွေ့ခွင့် မပေးခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးခံရသူထဲက မိသားစုဝင်တစ်ဦး ဖြစ်သူ မအေးငြိမ်းဇော်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အာရက္ခတပ်တော် AA ၏ လုပ်ရပ်အား ယမန့်နေ့က ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။
ဖမ်းဆီးထားသူ ၅ဦးထဲက တစ်ဦးမှာ ခြေကျင်းဝတ်ဖြင့် တောင်အောက်သို့ ရေခပ်သွားစဉ်တွင် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် တစ်ဦး မောင်းလာသည့် ကားတစ်စီးနှင့် တိုက်၍ သေဆုံးခဲ့ကြောင်း မအေးငြိမ်းဇော်က ပြောသည်။
“မတ် ၁၉ ရက်နေ့ ကျမ ရွာက သတင်းဆိုးတစ်ခု ကြားရတာ နားထဲကို သံမှိုရိုက်ထည့်လိုက်တာထက် ခံရခတ်ပါတယ်။ ကျမအစ်ကို ကားတိုက်ခံရလို့ အသက်မရှိတော့ဘူးတဲ့။ ဘာဖြစ်လို့လဲ မေးတော့ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေ ခြေကျင်းဝတ်နဲ့ ရေခပ်ခိုင်းတယ်တဲ့၊ ရေခပ်ဖို့ သွားတဲ့အခါမှာ ကားက ဝင်တိုက်လိုက်တယ်။ တိုက်တဲ့သူ ဘယ်သူလဲမေးတော့ မသိဘူးလို့ ဖြေတယ်။ စဉ်းစားသာ ကြည့်ပေးတော့”ဟု မအေးငြိမ်းဇော်က ဆိုသည်။
မိသားစုဝင်တစ်ဦးဖြစ်သူ အေးငြိမ်းဇော်ကို ဖြစ်စဉ်အသေးစိတ် သိရှိနိုင်ရန် Western News က ဆက်သွယ် မေးမြန်းရာတွင် လောလောဆယ် ပြောဆိုရန် အဆင်မပြေသေးကြောင်းနှင့် ဖြေဖို့အဆင်သင့်ဖြစ်သည့်အချိန်တွင် ပြောဆိုမည်ဟု ပြန်လည် ဖြေဆိုခဲ့သည်။
မအေးငြိမ်းဇော် အစ်ကို ဖြစ်သူမှာ ရေခပ်ရန် သွားစဉ် ဖိနပ်ကြိုးပြတ်ကျ၍ လမ်းဘေး ဖိနပ်ကြိုးချည်နေစဉ် AA တပ်ဖွဲ့ဝင် မောင်းလာသည့် ကား တိုက်၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားပြီး အာရက္ခတပ်တော် ကမူ ဘရိတ် မကောင်း၍ တိုက်မိခြင်း ဖြစ်ကြောင်း ကြေးနန်းစာက ရေးသည်။
အဆိုပါကြေးနန်းစာ၏ အစိတ်အပိုင်းအချို့ကို အာရက္ခတပ်တော် AA ၏ အကြီးအကဲ ဗိုလ်ချုပ် ထွန်းမြတ်နိုင်အကို ဖြစ်သူ ဗိုလ်မှူး ထွန်းမင်းနိုင်က လူမှုကွန်ရက်စာမျက်နှာတွင် တင်ပြထားသည်ကို တွေ့ရသည်။
အသက် ၆၀ကျော်အရွယ်ရှိ မိခင် ဖခင်ဖြစ်သူနှင့် အကိုဖြစ်သူအပါအဝင် မိသားစုဝင် ၅ဦးကို AA က ဖမ်းဆီးပြီးနောက် ၅ လကျော်ကြာသည့်တိုင် မိသားစုဝင်များနှင့် တွေ့ခွင့်မပေးသည့်အပြင် ရှေ့နေ ဌားရမ်းခွင့်လည်း မရကြောင်း သိရသည်။
“ကျမမိသားစုဝင် ၅ယောက်ကို ပစ္စည်းခိုးမှုနဲ့ စွပ်စွဲပြီးတော အာရက္ခတပ်တော်က ဖမ်းဆီးခဲ့ပါတယ်။ ကြားထဲမှာလည်း အသံတောင်မကြားရဘူး။ တွေ့ခွင့်ရဖို့နေနေသာသာ မိဘမျက်နှာကိုတစ်စက္ကန့်မျှ မြင်ရဖို့အတွက် ရှိခိုးဒူးထောက်မတက် ခွင့်တောင်းခဲ့ပေမဲ့ အခုထိ လုံးဝတွေ့ခွင့်မရခဲ့ပါဘူး”ဟု မိသားစုဝင်တစ်ဦးဖြစ်သူ မအေးငြိမ်းဇော်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ULA/AA ၏ တရားစီရင်ရေး သတင်းအချက်အလက်ထုတ်ပြန်ရေးသည် ပွင့်လင်းမြင်သာမှု မရှိကြောင်းနှင့် မိသားစုဝင်များ မတရား ဖမ်းဆီးခံရမှုကိုလည်း မအေးငြိမ်းဇော်က ဝေဖန်ထောက်ပြထားသည်။
အာရက္ခတပ်တော် AA ၏ အကြီးအကဲ ဗိုလ်ချုပ် ထွန်းမြတ်နိုင်အကို ဖြစ်သူ ဗိုလ်မှူး ထွန်းမင်းနိုင်က အဆိုပါကိစ္စနှင့် ပတ်သက်၍ ယမန်နေ့ ဧပြီ ၁၉ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာတွင် ယခုကဲ့သို့ ရေးသားထားသည်။
“တွေ့ဆုံဖို့ တစ်ကြိမ်တောင်းဖူးတယ်။ အမှုက မိသားစုဝင်တွေ သံသယ ဖြစ်စရာအခြေအနေမှာ ဖြစ်လို့ တွေ့ခွင့် မပေးဘူး။ ရှေ့နေဌားခွင့် မရဘူးဆိုတာက အမှုက မပြတ်သေးဘူး” ဟု ပြန်လည် ရေးသားထားသည်။
အာရက္ခတပ်တော် AA ၏ အကြီးအကဲ ဗိုလ်မှူး ထွန်းမင်းနိုင်၏ ပြောဆိုချက်ကို မအေးငြိမ်းဇော်က ငြင်းဆိုလိုက်ပြီး မိသားစုဝင်များ တွေ့ခွင့် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း တွေ့ခွင့်မပေးသလို ရှေ့နေဌားရမ်းခွင့် မရခဲ့ကြောင်း ပြန်လည် ချေပ ပြောဆိုသည်။
၅ လကြာသည်တိုင် မိသားစုများနှင့် တွေ့ခွင့်မပေးသည့် အပြင် ရှေ့နေဌားခွင့်မပေးသည် ပင်လျှင် ULA/AA၏ တရားစီရင်ရေးသည် စဉ်းစားစရာ ဖြစ်လာသည်ဟု လူ့အခွင့်အရေး ရှေ့နေတစ်ဦးက Western News ကို ပြောသည်။
“ချုပ်ရက် ကာလပြီးရင် မိသားစုဝင်တွေကို တွေ့ခွင့်ပေးရပါမယ်။ တွေ့ခွင့်မပေးလို့ မရပါဘူး။ ချုပ်ရက် အတွင်းမှာလည်း တွေ့ခွင့်ပေးရပါတယ်။ အခုက ၅ လအထိကြာသွားတယ်ဆိုတာက လုံးဝ မဖြစ်သင့်ပါဘူး။ ရှေ့နေဌားရမ်းခွင့်လည်း ရှိကို ရှိရပါမယ်။ ဒီလိုလုပ်ပိုင်ခွင့် မရှိပါဘူး၊ မပေးဘူးဆိုရင် ဘယ်လိုဥပဒေတွေနဲ့ တရားစီရင်နေတယ်ဆိုတာ စဉ်းစားစရာတွေ ဖြစ်ပါတယ်။ တရားခံဖြစ်သူကလည်း ပြန်လည် ချေပပြောဆိုခွင့် ပေးရပါမယ်။ အခုက ၅ လတောင်ကြာပြီးတော့ မိသားစုနဲ့တွေ့ခွင့်မပေး ရှေ့နေ ဌားခွင့်မရဘူးဆိုတာက ULA/AA ရဲ့ တရားစီရင်ရေး တကယ့်စဉ်းစားစရာ အခြေအနေ ဖြစ်သွားပြီ”ဟုပြောသည်။
Western News ၏ စုံစမ်းချက်အရ အဆိုပါ ဖြစ်စဉ်မှာ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အာရက္ခတပ်တော် AA ၏ ပုဏ္ဏားကျွန်းမြို့နယ် စစ်ဒေသမှ အမှုအားဆောင်ရွက်နေခြင်း ဖြစ်ကာ လက်ရှိတွင် ဝေဖန်မှု မြင့်တက်လာပြီးနောက် အမှုကို အလျှင်မြန် ဆောင်ရွက်နေသည်ဟု သိရသည်။
ရခိုင်ပြည်အတွင်း လူမှုအဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်တစ်ဦးက “ခေါင်းဆောင်လုပ်တဲ့ သူတွေကလည်း တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ လိုပါတယ်။ အမှုကိစ္စတစ်ခုကြောင့် ဖမ်းဆီးထားတာ ၅ လကြာပြီးနော်၊ မိသားစုတွေကို တရားဝင် ချပြတာတွေ မလုပ်ဘူး။ ဒါတောင် မိသားစုဝင်တစ်ဦးက အွန်လှိုင်းပေါ်ရေးတင်လိုက်လို့ ပြန်လည်တုန့်ပြန် တာက လုံးဝကို သဘာဝ မကျပါဘူး။ ဒီလိုအမှုဖြစ်စဉ် မျိုး ဘယ်လောက်များ ရှိအုံးမလဲ၊ ဒါကို တရားစီရင်ရေးအပိုင်းမှာ သေချာကို အများပြည်သူတွေ သိအောင် ချပြရမယ်။ လက်လွတ်စလွယ် လုပ်တာကတော့ အဓိပ္ပာယ် မရှိပါဘူး” ဟုပြောသည်။
ပစ္စည်းခိုးမှုဖြင့် စွပ်စွဲ သေဆုံးသွားသူ ကို ဥပဒေကြောင်းအရ အမှု ပိတ်သိမ်းပေးရေးကို ပြင်ဆင်နေကြောင်းနှင့် ကားဖြင့် တိုက်သွားသည့် AA တပ်ဖွဲ့ဝင်မှာလည်း ထောင်ကျနိုင်ခြေများကြောင်း ဗိုလ်မှူး ထွန်းမင်းနိုင်က ဆိုသည်။
မိသားစုဝင် ၅ ဦးစလုံးကို ဖမ်းဆီးထားသည့် ၅ လကြာတိုင် ဖမ်းဆီးထားသည့်နေရာကို မိသားစုဝင်များကို အသိမပေးဘဲ အစ်ကို ဖြစ်သူ သေဆုံးမှု ဖြစ်စဉ်တွင်လည်း သဂြိုဟ်ခါနီးမှ တွေ့ခွင့် ရကြောင်း မအေးငြိမ်းဇော် က ဖွင့်ဟသည်။
“ကျမ တောင်းဆိုချင်ပါတယ်။ အမှုကိုအမြန်ဆုံး အကောင်ထည်ဖော်ပေးပါ။ ရခိုင်ပြည်တစ်ပြည်လုံံး ကိုအုပ်ချုပ်နိုင်တဲ့ အရည်အချင်းရှိရင် အခုအမှုအသေးအမွှားလေး တစ်ခုကို အချိန်မဆွဲဘဲ အမြန်ဆုံး အကောင် ထည်ဖော်ပေးပါ။ ကျမ အကို သေဆုံးသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တရားမျှတမှု ရှိအောင် လုပ်ပေးပါ”ဟု မအေးငြိမ်းဇော်က တောင်းဆိုထားသည်။